လမ်းကွန်ရက်(၁၁)သွယ်ဖြင့် ဖွံ့ဖြိုးဝေစည်နေသည့် တိုင်းဒေသကြီးဧရာဝတီ

 

ခရမ်းစိုးမြင့်

 

ဧရာဝတီတိုင်းဒေသကြီးသည် ခေတ်တည် သမိုင်းဝင်မြန်မာမင်းများ စိုက်ထူခြင်းမရှိခဲ့သော ဒေသဖြစ်သော်လည်း ထူးခြားသောသမိုင်းဆိုင်ရာ ဝိသေသများကြွယ်ဝလျက်ရှိသည်။

 

ဒေသတွင်း၌ မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများသောဒေသတစ်ခုဖြစ်သည့်အားလျော်စွာ စီးပွားရေးမှာလည်း မိရိုးဖလာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကိုသာ လုပ်ကိုင်လျက်ရှိကြသည်။ စိုက်ပျိုးရေးဘက်တွင်မူ လယ်ယာထွက်ကုန် ဆန်စပါးများ ပေါများ၍ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်၏စပါးကျီဟု တင်စားရလောက်သည့် ဝိသေသထူးတစ်ခုကို ပိုင်ဆိုင်ရရှိထားသည်။ သို့သော်ထို့ထက်ပို၍သိသာ ထင်ရှားသော ပြောင်းလဲတိုးတက်မှုဟူ၍ကား မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဒေသတွင်းမှ ပြည်သူများ ရေလမ်းခရီးတစ်ခုတည်းကိုသာအားထား သွားလာနေရသောကြောင့်ဖြစ်သည်။

 

လမ်းကွန်ရက်မိုင်ပေါင်း ၄၉၄ မိုင်အထိရှိ

 

ယခုအခါမှာ ဤသို့မဟုတ်တော့ပြီ။ ဧရာဝတီတိုင်းဒေသကြီးသည် ထူးကဲ၍ ဖွံ့ဖြိုးဝေစည်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုပါမူ ဧရာဝတီတိုင်း ဒေသကြီးတွင် နာဂစ်ဆိုသည့် အဖြစ်ဆိုးကြီးနှင့် ကြုံခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန ဧရာဝတီတိုင်း လမ်းဦးစီးဌာနတို့က လမ်းကွန်ရက်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကြီးကို လမ်းမကြီးငါးသွယ်ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီးအတွင်း လမ်းကွန်ရက် ၁၁ သွယ် အထိရှိနေပြီး လမ်းကွန်ရက်မိုင်ပေါင်း ၄၉၄ မိုင်အထိ ရှိနေသောကြောင့်ဖြစ်သည်။

 

ယင်းတို့မှာ မအူပင်  -  ရေလဲလေး  -  ရွှေတောင် မော်  -  ကျိုက်ပိ  -  မော်လမြိုင်ကျွန်းလမ်း ၄၄ မိုင် ၆ ဖာလုံ၊ မော်လမြိုင်ကျွန်း  -  လှိုင်ဘုန်း  -  သစ်ပုတ်ကွင်း  -  ပေါက်  -  ပြင်စလူလမ်း ၇၂ မိုင် ၃ ဖာလုံ၊ လပွတ္တာ  -  သင်္ဃန်းကြီး  -  ပြင်စလူလမ်း ၃၅ မိုင် ၂ ဖာလုံ၊ လပွတ္တာ(ကျောက်ဖျာလေး) သုံးခွ  -  အုတ်တွင်း  -  ထိပ်စွန်းလမ်း ၅၅ မိုင် ၁ ဖာလုံ၊ ဘိုကလေး  -  ကြိမ်ချောင်း  -  ကဒုံကနိလမ်း ၄၂ မိုင်၊ ဘိုကလေး  -  စက်ဆန်း  -  ထော်ပိုင်  -  အမာလမ်း ၃၈ မိုင် ၅ ဖာလုံ၊ ဖျာပုံ  -  ကျုံကဒွန်း  -  ဒေါ်ငြိမ်း  -  အမာလမ်း ၅၁ မိုင်၊ ကျုံကဒွန်း  -  စက်ဆန်းလမ်း ၁၇ မိုင် ၆ ဖာလုံ၊ ဂျက်ကာ  -  စိန်တောင်  -  မော်တင်စွန်းလမ်း ၉၅ မိုင်၊ ဘိုကလေး  -  မော်လမြိုင်ကျွန်း  -  ကျုံမငေး  -  ဝါးခယ်မ  -  မြောင်းမြလမ်း ၂၂ မိုင် ၅ ဖာလုံ၊ ပုသိမ်  -  ငပုတောလမ်း ၁၉ မိုင် ၅ ဖာလုံတို့ဖြစ်သည်။

 

mdn

 

တံတားစုစုပေါင်း ၂၇၅၉ စင်း တည်ဆောက်

 

လမ်းကွန်ရက်များနှင့်အတူ ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြစ်ချောင်းများပေါ်၌ ပေ ၁၉၀၀ ရှိ ရွှေလောင်း မြစ်ကူးတံတား၊ ပေ ၃၀၂၀ ရှိ ဝါးခယ်မ မြစ်ကူးတံတား၊ မြောင်းမြတံတား၊ ညောင်တုန်းတံတား၊ ဗိုလ်မြတ်ထွန်းတံတား၊ ပုသိမ်တံတား အမှတ်(၁)၊ (၂) အပါအဝင် ပေ ၁၈၀ အထက် တံတား ကြီး ၉၃ စင်း၊ ပေ ၁၈၀ အောက် ကွန်ကရစ်တံတား ၉၄၂ စင်း၊ ဘေလီတံတား ပေ ၁၈၀ အထက် ၄၄ စင်း၊ ပေ ၁၈၀ အောက် ၆၁ စင်း၊ သစ်သားတံတား ပေ ၁၈၀ အထက် ကိုးစင်း၊ ပေ ၁၈၀ အောက် အစင်း ၅၀၊ ရေပြွန်/ရေကျော်တံတား ပေ ၁၈၀ အောက် အစင်း ၁၅၆၀ ရှိပြီး တံတားစုစုပေါင်း ၂၇၅၉ စင်း တည်ဆောက်ပေးထားသည်။

 

ယင်းသို့ လမ်းကွန်ရက်များ၊ တံတားစီမံကိန်းကြီးများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း အလျားလိုက်လမ်းမကြီး လေးသွယ်ဖြစ်သည့် ရန်ကုန်  -  ညောင်တုန်း  -  ဓနုဖြူ  -  ငသိုင်းချောင်း  -  ဂွ  -  သံတွဲ  -  တောင်ကုတ်  -  ဆနဲခမောင်း  -  တပ်တောင်း  -  အမ်း  -  မြောက်ဦး  -  ကျောက်တော်  -   ဘူးသီးတောင်  -  မောင်တော  -  စစ်တွေကားလမ်း၊ ပုသိမ်  -  ငသိုင်း ချောင်း  -  ကွင်းကောက်  -   ဘက်ရဲ  -   ဥသျှစ်ပင်  -   ပဒန်း  -   ကံပြား  -   ကဇွန်းမ  -   မြိုင်  -   ဆားလင်းကြီး  -   မုံရွာ ကားလမ်း၊ ပုသိမ်  -   ‌ရေကြည်  -  ကျုံပျော်  -  အထောင်  -  ဟင်္သာတ  -  အင်္ဂပူ  -  မြန်အောင်  -  ကြံခင်း  -  ဘက်ရဲ ကားလမ်း၊ ပုသိမ်  -  မော်တင်စွန်းကားလမ်းနှင့် ပြည်ထောင်စုစာရင်းဝင် ကန့်လန့်ဖြတ်လမ်းမကြီး ကိုးသွယ်ဖြစ်သည့် ရန်ကုန်  -  ညောင်တုန်း  -  ဓနုဖြူ  -  ငသိုင်းချောင်း   -   ဂွ၊ ရန်ကုန်   -   ညောင်တုန်း   -   ပန်းတနော်  -  ဝါးခယ်မ  -  ကျုံမငေး  -  လပွတ္တာ၊ ရန်ကုန်  -  ညောင်တုန်း  -  ကျောင်းကုန်း  -  ပုသိမ်၊ ရန်ကုန်  -  ကျိုက် လတ်  -  မော်လမြိုင်ကျွန်း၊ ရန်ကုန်  -  ဒေးဒရဲ  -  ဖျာပုံ  -  ဘိုကလေး  -  ကျိုက်ပိ  -  မော်လမြိုင်ကျွန်း၊ ရန်ကုန်  -  ဒေးဒရဲ  -  ဖျာပုံ  -  ကျုံကဒွန်း  -  ဒေါ်ညိမ်း  -  ဆိတ်မ  -  အမာ၊ ရန်ကုန်  -   တွံတေး   -   မအူပင်  -   မော်လမြိုင်ကျွန်း၊ ပုသိမ်  -  ငပုတော  -  လပွတ္တာ၊ ပုသိမ်  -  မြောင်းမြ  -  လပွတ္တာ၊ အလျားလိုက်နှင့် ကန့်လန့်ဖြတ်လမ်းမ ကြီးများနှင့် ဆက်သွယ်ပေါင်းဆုံပြီး ဧရာဝတီတိုင်း ဒေသကြီးတစ်ခုလုံး ယခင်က ရေလမ်းခရီးကိုသာ အသုံးပြု၍ သွားလာနေရသည့်ဘဝမှ ယခုအခါ ကုန်းလမ်းခရီးမှ မော်တော်ယာဉ်များဖြင့်သွား၍ ရသည်အထိ တိုးတက်လျက်ရှိနေပြီဖြစ်သည်။

 

mdn

 

ဖွံ့ဖြိုးဝေစည်နေပြီ

 

အချုပ်အားဖြင့်ဆိုရသော် ဧရာဝတီတိုင်းဒေသ ကြီးတွင် ပုသိမ်  -  မုံရွာ  -  ရေဦးလမ်းမကြီး ဖောက်လုပ် လိုက်ခြင်းနှင့် ရေနံမြေသစ်များဖြစ်သည့် မြန်အောင် ရေနံ‌မြေ၊ ရွှေပြည်သာရေနံမြေများကို ရှာဖွေတွေ့ရှိ ခြင်းနှင့်အတူ ပုသိမ်မြို့မှ အရှေ့စူးစူးသို့ ထိုးထွက် လာသော အမှတ်(၅) ရန်ကုန်  -  ပုသိမ်အဝေးပြေး လမ်းမကြီးနှင့် တံတားကြီးများ၊ လမ်းကွန်ရက်များ၊ မြစ်ရေတင်စီမံကိန်းများ၊ မိုးစပါး၊ နွေစပါးများ၊ တက္ကသိုလ်နှင့် ကောလိပ်များ၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများနှင့် မိုက်ခရိုဝေ့ဖ်စခန်းများ၊ ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ၊ ကျေးလက်မီးလင်းရေး ဆိုလာဓာတ်အားပေးစက်ရုံ များ၊ မြို့ပေါ်ရေပေးရေးစခန်းများ၊ အပန်းဖြေစရာ ငွေဆောင်၊ ချောင်းသာတို့လို သဘာဝကမ်းခြေစခန်း များ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများနှင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍသစ်တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီးသည် ယခုအခါ ဖွံ့ဖြိုးဝေစည်နေပြီဖြစ်သည်။ ။