လမ်းခွဲလိုက်ပြီလို့ ဆိုလာပြန်တဲ့ ခါအီနဲ့ ဂျင်းနီ

၂၈ ဇန်နဝါရီ

 

၂၀၁၉ ခုနှစ်ရဲ့နှစ်စမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ ကြယ်ပွင့်စုံတွဲကတော့ “EXO”ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခါအီနဲ့ ကျောာ်ကြားတဲ့ အမျိုးသမီး ကေပေါ့ပ်တေးဂီတအဖွဲ့ “ Black Pink” ရဲ့ ဂျန်းနီတို့ဖြစ်ကြပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြကြောင်း အွန်လိုင်းသတင်းဝက်ဘ်ဆိုက် တစ်ခုက စတင်ဖော်ထုတ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ အေဂျင်စီကဒီသတင်းတွေကို အတည်ပြုပေးခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပင် သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အေဂျင်စီကနေတစ်ဆင့် ပြောကြားလာတာဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ သူတို့ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအန်တာတိန်းမန့်က ခါအီနဲ့ ဂျန်းနီတို့ တစ်လမ်းစီ ဆက်လက် လျှောက်လှမ်းကြတော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ် ။ ဒီလိုပြောကြားရာမှာတော့ ဘယ်အချိန်ကစလို့ လမ်းခွဲခဲ့တယ်၊ ဘာကြောင့် လမ်းခွဲခဲ့ကြတယ်ဆိုတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

 

ဒါပေမယ့် အခြားသောသတင်းဌာနတစ်ခုမှာ ရေးသားဖော်ပြခဲ့တာကတော့ ကြယ်ပွင့်နှစ်ဦးဟာ အနာဂတ်မှာ သူတို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေအပေါ်မှာသာ အာရုံထားလိုတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

 

အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ဒစ်ဘက်ချ်က ဇန်နဝါရီ ၁ ရက်မှာ အဆိုပါ ကေပေါ့ပ်ကြယ်ပွင့်စုံတွဲကို သူတို့နှစ်ဦး ချိန်းဆိုတွေ့ဆုံနေစဉ် ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုဖော်ပြခဲ့ပြီး နှစ်ဦးသား ချစ်သူတွေဖြစ်နေကြကြောင်း ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပြီးနောက်မှာ ဂျန်းနီရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအန်တာတိန်းမန့်က သေသေချာချာ မသိသေးကြောင်းနဲ့ ဆက်သွယ်စုံစမ်းနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ချစ်သူတွေဖြစ်နေကြောင်း အတည်ပြု ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ချစ်သူတွေဖြစ်နေကြောင်း အတည်ပြုပြီးနောက်ပိုင်းမှာတော့ လူမှုကွန်ရက်မီဒီယာအပေါ်မှာ ပိုမိုကျော်ကြားလာခဲ့ပြီး အများရဲ့ အာရုံစိုက်မှုကိုလည်း ခံခဲ့ရပါတယ်။ ဒီနှစ်ရဲ့ ကျော်ကြားနေတဲ့ ကြယ်ပွင့်စုံတွဲဟာ လတ်တလောမှာတော့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်