လက်တွေ့အသုံးချ ဆေးနည်းတို (ဆေးမြီးတို)များ (၅၆)

ကြည်လွင်မြင့်(မုဒြာ)

 

ဆရာခင်ဗျာ ကျွန်တော်တို့မှာ မျိုးရိုးအလိုက် ဆီးချိုရှိ နေပါတယ်။ ဖခင်ကြီးမှအစ ဆီးချိုရောဂါဆေးတွေ ပုံမှန် စားသုံးကြပေမယ့်လည်း မကြာခဏ ဆီးချိုတက်ပြီး နေမကောင်း ဖြစ်နေပါတယ်။ အိမ်မှာဆန်အကောင်း စားလို့ ဖြစ်တယ်ပြောပါတယ်။ ပေါ်ဆန်းမွှေးဆန်နဲ့ မတည့်ဘူးလို့ ပြောပါတယ်။ ဆန်ကြမ်းလည်း မစားနိုင်ကြပါ။ ဘယ်လိုဆန်မျိုး စားသင့်တယ်ဆိုတာ ညွှန်ပြပေးပါဆရာ။

 

ရှေးက ဆရာကြီးတွေဟာ ဓာတ်စာအတွက် ဆန်စပါး အမျိုးအစား ခွဲခြားပေးကြရာမှာ- (၁) ရေစပါးနဲ့ 

(၂) ကုန်းစပါးလို့ဆိုပြီး ခွဲခြားပေးကြတယ်။ ရေစပါးဟာ နူးညံ့ပထဝီနဲ့ အာပေါလွန်တဲ့ သဘောရှိတယ်။ လူကို အားတိုးစေပေမယ့် ပွစေတဲ့၊ ဖောရောင်စေတဲ့ သဘောရှိတယ်။ အေးဖွဲ့တဲ့ သဘောရှိလို့ အအေးလွန်တဲ့ ရောဂါမျိုးနဲ့ မသင့်ပါ။ ဆီးချို၊ သွေးချိုရောဂါသမားနဲ့ မသင့်တဲ့ ဆန်မျိုးဖြစ်တယ်။ ဧရာဝတီတိုင်းဒေသကြီးကလာတဲ့ ပေါ်ဆန်းမွှေးစတဲ့ အကောင်းစား ဆန်တွေဟာ ရေစပါးကဖြစ်တဲ့ ဆန်တွေဖြစ်တယ်။ နံပါတ်(၂) အမျိုးအစားဖြစ်တဲ့ ကုန်းစပါးမှာ ပထဝီနဲ့ အာကာသလွန်တဲ့သဘော ရှိတယ်။ မာကြမ်းတဲ့ သဘောရှိတယ်။ အစေးဓာတ်၊ အပိတ်အဖွဲ့ဓာတ် မပါရှိလို့ နှလုံးသွေးကြောပိတ်ရောဂါ၊ သွေးချို၊ ဆီးချိုသမားနဲ့သင့်တယ်။ ရွှေဘိုမနောနဲ့ မဂျမ်းတောတို့လို ဆန်တွေဟာ ကုန်းစပါးကထွက်တဲ့ ဆန်တွေဖြစ်တယ်။ ထိုထက်ပို၍ ရောဂါအမျိုးမျိုးနှင့် သင့်သောဆန်မှာ လုံးတီးဆန်ဖြစ်သည်။ ဖွဲနုမကုန်သော ဆန်မျိုးဖြစ်၍ အာဟာရလည်း ပြည့်ဝသည့် ဖွဲနုပါသော လုံးတီးဆန်မှာ သီတတေဇောနှင့် ဥဏှတေဇော၊ ပထဝီ၊ အာပေါ၊ ဝါယော၊ အာကာသဓာတ် စသောဓာတ်များမျှ၍ အကောင်းဆုံး ဖြစ်သည်ဟု သဘာဝဓမ္မအလင်းပြကျမ်း ကဆိုသည်။

 

ဆရာခင်ဗျာ ကျွန်တော့်သမီးလေးက အသက်နှစ်နှစ် ပြည့်ခါနီးပါပြီ။ သူဖြစ်နေတာက ညညဆို ယောင်ယောင်ပြီး ထငိုနေတာ တစ်ပတ်လောက် ရှိနေပါပြီ။ ကြာတော့ ကျွန်တော်တို့ လင်မယားလည်း အိပ်ရေး ပျက်လှပါပြီ။ ချော့သိပ်လည်း ၁၅ မိနစ်အိပ်ပြီး ပြန်ငိုပါတယ်။ နည်းလမ်းတွေရှိရင် ညွှန်ကြားပေးပါဦး။

 

ခြေဖဝါးအေးတဲ့ ကလေးက အအိပ်များပြီး ခြေဖဝါးပူတဲ့ကလေးက အအိပ်နည်းတယ်လို့ သူငယ်နာ ဆေးကျမ်းတွေမှာ တွေ့ရပါတယ်။ ကလေးခြေဖဝါးမှ အခိုးထွက်အောင် အိပ်ရာမဝင်ခင် ခြေဖဝါးဆားပွတ်ပြီး ရေဖတ်တိုက်ပေးပါ။ ကြက်သွန်နီဥ ပါးပါးလှီးပြီး ခြေဖဝါးမှာကပ် ပတ်တီးစည်းပေးရင် ကလေး၊ လူကြီး ညထ မယောင်ပါဘူး။

 

ဆရာရှင့် သမီး အစာအိမ်နေရာက အစာစားပြီးတိုင်း ရင်ပြည့်နေပါတယ်။ ဗိုက်ကြီး တင်းနေသလို ဖြစ်နေပါတယ်။ အခုရက်ပိုင်း ဆန်ပြုတ်ပဲ သောက်နေပါတယ်။ တစ်ခါတစ်ရံ ခါးရော နောက်ကျောအလယ်ပါ နာနေပါတယ်ရှင့်။ တိုင်းရင်းဆေး ဘာဆေးသုံးရင် ပျောက်မလဲဆိုတာ ပြောပြပေးပါရှင့်။

 

အစာမကြေလို့ပါ။ ထမင်းဟင်းကို ပူပူနွေးနွေး စားပါ။ လေပွစာ (သခွားသီး၊ မုန်ညင်း၊ ကိုက်လန်၊ ပဲပြား၊ တို့ဟူးစသည်များ) ရှောင်စားပါ။ ပဲဆီအစား နှမ်းဆီ ပြောင်းသုံးပါ။ ထမင်းဆီဆမ်း ဆားဖြူးစားလျှင် လေပွသက်သာပါသည်။ ထမင်းစားပြီးတိုင်း ဖီးကြမ်း ငှက်ပျောသီး၊ ထန်းလျက်ခဲစားပေးလျှင် အစာကြေပါသည်။ ဝမ်းမီးကောင်းစေရန် ထမင်းစားပြီးပြီးချင်း ရေမသောက်ပါနဲ့။ တိုင်းရင်းဆေး၊ အစာကြေဆေးများ သောက်သုံးရင်လည်း ရပါတယ်။ တိုင်းရင်းဆေး အမှတ် (၂) လေမျိုးရှစ်ဆယ်ဆေးကို တိုင်းရင်းဆေးခန်းတွေမှာ ရနိုင်ပါတယ်။ လေထိုးလေအောင့် ဖြစ်တဲ့အခါ ရှောက်ရည်နဲ့ ဖျော်စပ်သောက်ပါ။ တိုင်းရင်းဆေး အမှတ်(၇) နွယ်ချိုကဲ လျက်ဆားကို အစာစားပြီးတိုင်း လျက်ပေးရင်လည်း အစာအိမ်နာသက်သာစေနိုင်ပါတယ်။ ရင်ပြည့် ရင်ကယ် အစာမကြေဖြစ်နေရင် တိုင်းရင်းဆေးအမှတ် (၂၅) မတဲမြင့်မိုရ်ကုန်းဆေးကို ရေနွေးနဲ့ သောက်ပေးရင် အစာကြေစေနိ်ုင်ပါတယ်။

 

ဆရာရှင့် နားအနောက်ဘက်နဲ့ လည်ကုပ်၊ ပါး၊ မေးရိုး တစ်ဝိုက်မှာ ရေယုန်တွေ ပျံ့နှံ့ပေါက်နေပါတယ်။ ဆံပင်အတွင်းပိုင်းထဲလည်း ပေါက်နေပါတယ်။ ခေါင်းလည်း တအား ထိုးကိုက်နေပါတယ်ရှင့်။ ကျေးဇူးပြုပြီး သက်သာအောင် ဘာလုပ်ရမလဲဆိုတာ အကြံပေး ကုသပေးပါရှင့်။

 

ရေယုန်ပျောက် ဆေးနည်းတိုတွေမှာ လေးညှင်းပွင့်ကို ထောင်းပြီး အုန်းဆီနဲ့ ဖျော်လိမ်းပါ။ ကင်းပုံရွက်အရည် ညှစ်လိမ်းပေးပါ။ နလင်ကျော်တုံးသွေးပြီး ပျားရည်နဲ့ စပ်လိမ်းပါ။ ခေါင်းကိုက်သက်သာအောင်၊ အနာမရင်းအောင် နနွင်းမှုန့်ကို မီးခဲပေါ်ဖြူး မှိုင်းရှူပေးပါ။ကျွန်း သားမီးသွေးကို အမှုန့်ထောင်းပြီး အုန်းဆီဖြင့် ဖျော်လိမ်းပါ။ ကြောင်ပန်းရွက် အရည်ညှစ်လိမ်းပါ။ ကုက္ကိုခေါက် အမှုန့်ကို ထောပတ်နှင့် ဖျော်လိမ်းပါ။ ပြည်ဖုတည်လျှင် ကွမ်းရွက်ကိုချေပြီး အဖတ်ကလေးများ ဖြစ်အောင်ပြုလုပ်၍ ကပ်ပေးပါ။ ပူစီနံ(ပူဒီနာ)ရွက်ကို အရည်ညှစ်ပြီး သုတ်လိမ်းပေးပါ။ ထိုအရွက်ကို စားပေးလျှင် ရေယုန်နာ ကိုက်ခဲခြင်း သက်သာပြီး အရောင်ကျစေသည်။ (တစ်နည်း- ရှေးဟောင်းပေစာနှင့် ဆေးကျမ်းများမှ) ကုက္ကိုခေါက်အမှုန့်ကို ထောပတ်နှင့်ဖျော်၍ လိမ်းပါ။ သံပရာရည်နှင့် ပျားရည်ရောစပ်၍ သုတ်လိမ်းပေးလျှင် ရေယုန်နာ ပြန့်ပွားခြင်းကို တားဆီးနိုင်သည်။ ရေသဖန်းပင်ကို ဓားနှင့်ထစ်ပါက အစေးဖြူများ ထွက်လာမည်။ ထိုအစေးဖြင့် သုတ်လိမ်းပါ။ ခွေးတောက်ရွက်ကို မီးကင်ပြီး အရည်ညှစ်၍ သုတ်လိမ်းပါ။ ရေသဖန်းရွက်ကို ပြာချ အုန်းဆီဖြင့် လိမ်းပါ။ ညောင်ဗောဓိအမြစ်ခေါက်ကို ရေဖြင့် ထက်ဝက်ခန့်ကျန်အောင် ကျို၍သောက်လျှင် ရေယုန်ကြီးနာ ပျောက်၏။

 

ဆရာရှင့် မျက်နှာမှာ ဝက်ခြံတွေ ထွက်နေပါတယ်။ ပါးရိုးနှစ်ဖက် အောက်မှာလည်း ဝက်ခြံအကျိတ်တွေ အများကြီးပါပဲရှင့်။ နနွင်းသောက်ရင် သက်သာတယ် ပြောလို့ နနွင်းဆေးလုံး တစ်နေ့ ငါးလုံးသောက်တာ သုံးလလောက် ရှိပါပြီ။ မသက်သာပါဘူးရှင့်။ ဝက်ခြံ အကျိတ်တွေ ပျောက်ဖို့အတွက် ဘယ်လိုပြုလုပ်ရမယ် ဆိုတာ ဖြေကြားပေးပါရှင့်။

 

ရှားစောင်းလက်ပပ် အနှစ်ကို ပါးပါးလွှာပြီး မျက်နှာမှာ တစ်နာရီလောက် နေ့စဉ်ကပ်ပေးပြီး မျက်နှာသစ်ပေးပါ။ မန်ကျည်းမှည့်အနှစ်၊ ရှားစောင်းလက်ပပ်အနှစ် နှစ်မျိုးရောနယ်ပြီး ဆားခါးဟင်းစားဇွန်း တစ်ဇွန်းထည့် ကြေအောင်ခေါက်ပါ။ မျက်နှာမှာလိမ်းပါ။ နာရီဝက်ထားပြီး မျက်နှာသစ်ပါ။ တစ်ပတ်ကို တစ်ခါပြုလုပ်ပါ။ ဝမ်းမှန်စေဖို့အတွက် မန်ကျည်းဖျော်ရည်မှာ ဆားခါး ထည့်ဖျော်ပြီး ညအိပ်ရာဝင် တစ်ပတ် နှစ်ရက်သောက်ပါ။ အငန်နဲ့ အစပ်အရသာတွေ ရှောင်ကြဉ်ပါ။ ညအိပ်ရေးမပျက်အောင် ဂရုစိုက်ပါ။

 

ဆရာခင်ဗျာ ကျွန်တော့်အဖေက အသက် ၆ဝ ပါ။ လည်ချောင်းနာနေတာ တစ်လရှိပါပြီ။ အထူးကုဆေးခန်းပြ စစ်ဆေးတော့ ကင်ဆာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆေးစားတာလည်း ကြာပြီမို့ ပျောက်ကင်းနိုင်မယ့် ဆေးနည်းတွေ ညွှန်ကြားပေးပါ ခင်ဗျာ။

 

ပြည်ပန်းညိုရွက် ဟင်းချိုချက်သောက်ပါ။ အဆီနဲ့ အသားဟင်းတွေရှောင်ပြီး အသီးအရွက် များများစားပေးပါ။ ရှောက်သီးအရည်နဲ့ ပျားရည်ကို ဖျော်စပ်သောက်ပါ။ ချင်းပါးပါးလှီးပြီး ရေနွေးမတ်ခွက်နဲ့ စိမ်ထားပါ။ ညစိမ်ပြီး မနက်အိပ်ရာထသောက်ပါ။

 

ဆရာကြီး ဆီးကျောက်တည်နေတာ ဘာဆေးသောက်ရမလဲ ခင်ဗျာ။

သံမနိုင် ကျောက်မနိုင်ပင်၊ ကျောက်ကွဲပင်၊ ထိကရုံး ဆူးပေါက်ပင်၊ မြင်းခွာရွက်ရရာ နှစ်မျိုး သို့မဟုတ် သုံးမျိုးကို အခြောက်လှန်းပြီး ပြုတ်ရည်ကို ရေနွေးပန်းကန်နဲ့ သုံးပန်းကန် နေ့စဉ်သောက်ပါ။ ဓာတ်စာအနေနဲ့ ငါးပြေမနဲ့ စောင်းလျားသီးကိုရောပြီး ဟင်းချက်စားရင် ကျောက်ကျစေနိုင်ပါတယ်။ ကျောက်ဖရုံသီး ဟင်းချိုချက် သောက်ရင်လည်း ရပါတယ်။

 

ဆရာခင်ဗျာ ကျွန်တော် ဆိုင်ကယ်လဲပြီး မျက်နှာတစ်ခြမ်း ပွန်းပဲ့သွားတာ အနာတွေ ကျက်သွားတဲ့ အခါ အမာရွတ် ထင်ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ အမာရွတ်မှာ မကြီးပေမယ့်လည်း ကြောင်ကုတ်ထားသလို အစင်းတွေဖြစ် ကျန်နေခဲ့ပါတယ်။ မှန်ကြည့်တိုင်းလည်း စိတ်ဓာတ်ကျရပါတယ်။ အမာရွတ်ပျောက်စေမယ့် ဆေးနည်းရှိရင် ပြောပြပေးစေလိုပါတယ် ဆရာ။

 

ရှေးဟောင်း ဆေးနည်းတို(ဆေးမြီးတို) ကျမ်းတွေမှာ အမာရွတ်ပျောက်စေနိုင်တဲ့ ဆေးဖက်ဝင် ပစ္စည်းနှစ်မျိုး တွေ့ရပါတယ်။

 

၁။ ကြိတ်မှန်ရွက်ကို ညှစ်ပြီး ရတဲ့အရည်ကို အမာရွတ်ပေါ်မှာ လိမ်းပေးတာ၊ ဆွတ်ပေးတာကို နေ့စဉ် စိတ်ရှည်ရှည် ပြုလုပ်ပေးရင် အမာရွတ်ဟာ အဖြူရောင်ကနေ အနီရောင်၊ အသားရောင်ကို တဖြည်းဖြည်း ပြောင်းလာပြီး ပျောက်သွားနိုင်တယ်။ ပင်ကိုအသားရောင်နဲ့ ရောပြီး မသိမသာ ဖြစ်သွားနိုင်တယ်။ ကြိတ်မှန်ပင်ဟာ အလေ့ကျ ပေါက်ပင်ဖြစ်ပြီး မိုးကာလ၊ မိုးတွင်းချိန်မှာ အလွန်ပေါတယ်။ နွေရာသီမှာ ရှာမရဖြစ်ရင် နောက်တစ်နည်းကို အသုံးပြုပါ။

 

၂။ ကွမ်းစားရာမှာ အသုံးပြုတဲ့ ကွမ်းသီးခြမ်း အခြောက်ကို နေ့စဉ်သွေးလိမ်းပေးရင် အနီရောင်ရှိတဲ့၊ အမည်းရောင်ရှိတဲ့ အမာရွတ်တွေ တဖြည်းဖြည်း အရောင်ပြောင်းပြီး အဖြူရောင် အသားအရေနဲ့ ထပ်တူနီးပါး ဖြစ်သွားနိုင်ပါတယ်။

ဆရာကြီးရှင့် သမီးအသက်က ၃၄ နှစ်ပါ။ ဆံပင်တွေ သိသိသာသာ ဖြူလာလို့ပါ။ အလုပ်ရှုပ်ပြီး စဉ်းစားတာတွေများလို့လား မသိပါ။ ဘယ်လိုများ လုပ်သင့်ပါသလဲရှင့်။

 

ရှားစောင်းလက်ပပ် ချက်ဆေးစားပါ။ ညအိပ်ရာဝင် ခြေဖဝါးဆားပွတ် ဒူးအထက်ကနေ ရေလောင်းခြေဆေး အိပ်ပါ။ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပါ။ ထောလပတ်ရွက်ကို ချေပြီး အရည်ကို ဦးရေပြားထဲ စိမ့်ဝင်အောင် လိမ်းပေးပါ။ (တစ်နည်း) ထောလပတ်ရွက် အခြောက်ကို အုန်းဆီဖြင့် စိမ်ထားပြီး ညအိပ်ရာဝင်ချိန် လိမ်းအိပ်ပါ။ ကြောင်လျှာသီးကို မကြာခဏ ချက်စားလျှင် ဆံပင်ဖြူ ပြန်နက်သည်ဟု ဆိုသည်။ ကြောင်လျှာပွင့်ကိုအခြောက် လှန်းသိမ်းထားပြီး ပြုတ်၍ အသုပ်ပြုလုပ်စားလျှင်လည်း ရပါသည်။

 

မင်္ဂလာပါ ဆရာ။ သမီးဖေဖေအတွက် တစ်ခုလောက် မေးပါရစေ။ ဖေဖေက အသက် ၅၂ နှစ် ရှိပါပြီ။ အခု ပြည်ပမှာ ရောက်နေပါတယ်။ ဒီနှစ်ရက်၊ သုံးရက်မှာပဲ ညာဘက်ခြေထောက်က ခြေမနဲ့ ခြေသန်းကလွဲပြီး ကျန်တဲ့ ခြေသုံးချောင်းလုံး ကပ်နေတယ်ဆရာ။ ဆေးပူ လိမ်းပြီး နှိပ်ပေးပါတယ်။ ခဏပဲ ပြီးရင် ပြန်ကပ်ပါတယ်။ ပြည်ပမှာဆိုတော့ ဘာလုပ်ရမယ်မသိလို့ ဆရာ့ဆီ အားကိုးပြီး အကူအညီတောင်း မေးကြည့်တာပါရှင့်။

 

ခရီးသွားရင် တံကောက်ကြော ပိတ်လို့ပါ။ အေးတဲ့ တိုင်းပြည်ကို သွားရင်ဖြစ်တတ်ပါတယ်။ တံကောက်ကွေးထဲကို မုန်ညင်းဆီ (မရရင်) သံလွင်ဆီလိမ်းပါ။ မီးအပူပေးပြီးမှ လိမ်းပါ။ တံကောက်ကွေးထဲမှာ စမ်းကြည့်ရင် အဖုတွေ့လိမ့်မယ်။ ဆေးကို တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် လိမ်းပါ။ ထိုင်ထလေ့ကျင့်ခန်းလုပ်ခိုင်းပါ။

 

ဆရာကြီးခင်ဗျာ ကျွန်တော် နားအူနေလို့ ရွက်ကျပင်ပေါက် အပူပေးပြီး နားထဲကို အရည်ညှစ်ထည့် လိုက်ပါတယ်။ အခုနားထဲက အသံပိုကြားနေရပြီး အောင့်ပြီး နာနေပါတယ်။ အဲဒါ ဆက်ပြီးလုပ်သင့်၊ မလုပ်သင့်နဲ့ အရည်ထည့်ပြီးရင်လည်း ဘယ်လောက်ထားပြီး အရည်ကို ပြန်ထုတ်သင့်ပါသလဲ ခင်ဗျာ။

 

နားထဲကို အရည်ထည့်ပြီးရင် ချက်ချင်း ပြန်ထုတ်ရပါတယ်။ နားထဲမှာ နာဖာချေးဖတ် ပိတ်နေရင်ရွက်ကျ ပင်ပေါက်နဲ့ မရပါ။ ရေနွေးကြမ်း အဖန်ရည်မှာ ဆားခါး ထည့်ဖျော်စပ်ယူပြီး ခပ်နွေးနွေးနားထဲထည့်ဘေးစောင်း ပြန်ထုတ် လေးကြိမ်၊ ငါးကြိမ်လောက် ပြုလုပ်ပါ။ ဆရာ အဲဒီနည်းနဲ့ ပျောက်ဖူးပါတယ်။

 

http://myanmardigital.news/sites/default/files/dfe1.JPG