လက်ရှိချန်ပီယံ မြဝတီအမျိုးသမီးအသင်း မထင်မှတ်ဘဲ သရေကျ

၁ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅) ပထမနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်း မထင်မှတ်ဘဲ သရေကျခဲ့သည်။ မြဝတီအသင်းသည် အား/ကာဦးစီးဌာနအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်သည်။

 

လက်ရှိချန်ပီယံ မြဝတီအသင်းသည် ယခုပွဲသရေကျခဲ့သောကြောင့် ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်ရန် ဖိအားဝင်သွားခဲ့ပြီး သစ္စာအားမာန်အသင်း အနိုင်ရပါက ထိပ်ဆုံးနေရာမှ ဖယ်ပေးရတော့မည် ဖြစ်သည်။

 

ယခုရာသီတွင် ပုံစံကောင်းရရန် ရုန်းကန်နေရသည့် မြဝတီအသင်းသည် ငါးပွဲမြောက်တွင် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ပြီး ချန်ပီယံဆု ကာကွယ်နိုင်ရန် ရုန်းကန်ရတော့မည် ဖြစ်သည်။

 

အမာခံကစားသမား အစုံအလင် ပါဝင်လာသည့် မြဝတီအသင်းသည် ၇ မိနစ်တွင် ဝင်းသိင်္ဂီထွန်း သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့ဘဲ ဂိုးပြန်ပေးလိုက်ရသည်။

 

အား/ကာဦးစီးဌာနအသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရန် အားထည့်လာပြီး ၅၄ မိနစ်တွင် ကေဇင်မြင့်က ဂိုးပြန်သွင်းခဲ့သည်။ ပွဲစဉ် (၅) ဒုတိယနေ့ကို ဇန်နဝါရီ ၂ ရက်တွင် ဇွဲကပင်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ရဲရင့်ရှိုင်း