လက်ရွေးစင်နှင့် ယူ-၁၆ အမျိုးသမီးအသင်း ခြေစမ်းပွဲကစား

ရန်ကုန် ၂၃ ဇန်နဝါရီ


၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းတို့ ယနေ့နံနက်ပိုင်းက သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ လက်ရွေးစင် အမျိုးသမီးအသင်းက ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။


အသက်အရွယ်အရ ကွာခြားမှုရှိသည့်အပြင် ခန္ဓာကိုယ်ဖွဲ့စည်းမှု၊ ဘောလုံးအတွေ့အကြုံနှင့် ပညာပိုင်းအရ သိသိသာသာ သာလွန်နေသည့် လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေအသာဖြင့် ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။


ယူ-၁၆ အမျိုးသမီးအသင်းမှာမူ ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း အသင်းကောင်းတစ်သင်းနှင့် ကစားခဲ့ရသောကြောင့် အတွေ့အကြုံကောင်းများ ရရှိခဲ့သည့်ပွဲဟု ဆိုရမည်ဖြစ်သည်။ ယခုခြေစမ်းပွဲကို မိနစ် ၃၀ သုံးပိုင်းခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။


နှစ်သင်းစလုံး ရွေးချယ်ထားသည့် ကစားသမားအားလုံး အသုံးပြုခဲ့ပြီး ယူ-၁၆ အသင်းက အမာခံကစားသမားအများစုကို အဓိကပွဲထုတ်ခဲ့သော်လည်း လက်ရွေးစင်အသင်းမှာမူ အရန်ကစားသမားအများစုကို ဦးစားပေးကာ အမာခံကစားသမား အချို့ဖြင့် တွဲဖက်အသုံးပြုခဲ့သည်။


လက်ရွေးစင် အမျိုးသမီးအသင်းသည် ပထမပိုင်းတွင် သုံးဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုး၊ တတိယပိုင်းတွင် တစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး အသင်းခေါင်းဆောင် ခင်မာလာထွန်းက ဟက်ထရစ်ရရှိခဲ့သည်။


လက်ရွေးစင် အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို ၇ မိနစ်တွင် လှယဉ်ဝင်း၊ ၁၆၊ ၁၉ မိနစ်တွင် ဂျုလိုင်ကျော်၊ ၃၄၊ ၃၅၊ ၆၇ မိနစ်တွင် ခင်မာလာထွန်း၊ ၅၅ မိနစ်တွင် ခင်မိုးဝေတို့က သွင်းယူခဲ့သည်။


လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇန်နဝါရီ ၂၆ ရက်တွင် ယူ-၁၉ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်ပြီး ယူ-၁၆ လက်ရွေးစင်အသင်းမှာလည်း ဇန်နဝါရီ ၃၀ ရက်နှင့် ဖေဖော်ဝါရီ ၂ ရက်တွင် ယူ-၁၉ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် နှစ်ပွဲခြေစမ်းမည် ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်