လက်ပံတန်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြ

လက်ပံတန်း မေ ၂၄

 

တောင်သူများအား လယ်ယာစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကို တောင်သူများ လေ့လာသိရှိ သုံးစွဲတတ်လာစေရန် ရည်ရွယ်၍ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂွေးတောက်ကွင်းကျေးရွာရှိ တောင်သူများ ပူးပေါင်း၍ မေ ၂၄ ရက် နံနက်ပိုင်းက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် စိုက်ညှိအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများ၊ ဂွေးတောက်ကွင်းကျေးရွာမှ တောင်သူများက ဂွေးတောက်ကွင်းကျေးရွာ တောင်သူဦးအောင်သူ၏ စံပြစိုက်ကွက် ၅ ဧက၌ နွေစပါးရိတ်သိမ်းပြီး မိုးစပါးမစိုက်ပျိုးမီ မြေဆီလွှာ ထက်သန်လာစေရေးနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း သရုပ်ပြပွဲကို စုပေါင်းဆောင်ရွက်သည်။

 

သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းကိုတောင်သူများ လေ့လာသိရှိနိုင်ခြင်း၊ ရေထိန်းစွမ်းအား ကောင်းမွန်လာခြင်း၊ မြေဆီလွှာတွင်လေဝင်လေထွက် ကောင်းမွန်စေခြင်း၊ ရောဂါ၊ ပိုးမွှားဒဏ် ကာကွယ်ပေးခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှု လျော့နည်းသက်သာလာခြင်း၊ သစ်စိမ်းမြေဩဇာကို ထယ်ထိုးမြေမြှုပ်ကာ စိုက်ပျိုးထည့်သွင်းခြင်းဖြင့် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်၊ ဖော့ဖရပ်၊ ပိုတက်ရှ်နှင့် သစ်ဆွေးဓာတ်များ တိုးပွားလာစေခြင်း၊ ဆွေးမြေ့မှုမြန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)