လက်ညှိုးထိုးနေသောလက်၏ လက်ချောင်းများ

၁၈ မေ

 

ရခိုင်ပြည်နယ်အရေး၏ ပြဿနာရင်းမြစ်ဖြစ်သကဲ့သို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏လျစ်လျူရှုခံထားရသော အကြောင်းအချက် နှစ်ရပ်ရှိပါသည်။ ဤအကြောင်းအချက်နှစ်ရပ်မှာ ARSA အကြမ်းဖက်အဖွဲ့ ၏ ပင်မနိုင်ငံ ရေးတောင်းဆိုချက်နှစ်ချက် ဖြစ်ပါသည်။ ပထမတစ်ချက်မှာ အမည်ဆန်းပေးထားသော ၄င်းတို့အား ဌာနေတိုင်းရင်းသားမျိုးနွယ်စု တစ်ရပ်အဖြစ် အသိအမှတ်ပြုရန် ဖြစ်ပါသည်။ ဒုတိယတစ်ချက်မှာ ကမ္ဘာတစ်လွှားပျံ့နှံ့နေသည့် အဆိုပါအမည်ဆန်း ခေါ်ဝေါ်ထားသည့် ၄င်း မျိုးနွယ်တို့အားရခိုင်ပြည်နယ်၌ ပြန်လည်အခြေချနေထိုင်ခွင့်ပြုရန် ဖြစ်ပါသည်။ ဤအချက်နှစ်ချက် ပေါင်းလိုက်ပါက ARSA အကြမ်းဖက်အဖွဲ့၏ ပင်မနိုင်ငံရေး တောင်းဆိုချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာတစ်စိတ်တစ်ပိုင်းအား ၄င်းတို့ထံ လွှဲအပ်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံက ဤသို့သော တောင်းဆိုမှုကို မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။ မြန်မာနိုင်ငံမှ မဟုတ်ပါ၊ မည်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံကမှ လက်ခံနိုင်မည် မဟုတ်ပါ။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ARSA အကြမ်းဖက်အဖွဲ့၏ ဤတောင်းဆိုချက်များအပေါ် အဘယ်ကြောင့် မသိကျိုးကျွန်ပြုနေရပါသနည်း။

 

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ပြောဆိုရေးသားကြရာ၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသည် ဗုဒ္ဓဘာသာဝင် လူများစုက မူဆလင် လူနည်းစုကို ဖိနှိပ်ထားသည်ဆိုသည့်သဘော ပြောဆိုရေးသားကြပါသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ခြင်း၊ ညီမျှခြင်းနှင့် ချစ်ကြည်ခြင်း ဟူသော လောကပါလတရားတို့ကို နှလုံးသွင်းကျင့်ကြံသော နိုင်ငံဖြစ် ပါသည်။ မြန်မာနိုင်ငံ၌ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတို့ မျက်နှာပေါ် ခေါင်းခြုံ (Hijab) ကိုဖြစ်စေ၊မျက်နှာ၏မျက်လုံးမှဖော်ထားသော ခေါင်းခြုံ (Niqab) ကိုဖြစ်စေ၊ တစ်ကိုယ်လုံးခြုံထားသည့် Burka ကိုဖြစ်စေ လွတ်လပ်စွာ သွားလာလှုပ်ရှားနေသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။ ပြင်သစ်နိုင်ငံသည် လူမြင်ကွင်း၌ Burka ဝတ်ဆင်ခြင်းကို ပထမဦးဆုံးပိတ်ပင်သော ဥရောပနိုင်ငံဖြစ်ပါသည်။ ၂၀ဝ၄ ခုနှစ်၌ ပိတ်ပင်ခဲ့ခြင်းဖြစ်ပါသည်။၂၀၁၁ ခုနှစ်၌ မျက်လုံးမျှ ဖော်ထားသော ခေါင်းခြုံ (Niqab) ကိုပါ ပိတ်ပင်ခဲ့ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၌လည်း အလားတူ ပိတ်ပင်မှုတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ဆွစ်ဇာလန်နိုင်ငံ၌လည်း မျက်လုံးမျှ ဖော်ထားသော ခေါင်းခြုံကို ပိတ်ပင်ခဲ့ပါသည်။ ပိတ်ပင်မှုကို မလိုက်နာပါက ငွေဒဏ်ချမှတ်ခံရမည် ဖြစ်ပါသည်။

 

လက်ရှိ အမေရိကန်အစိုးရက အီရတ်၊ အီရန်၊ ဆီးရီးယား၊ လစ်ဗျား၊ ဆူဒန်၊ ဆိုမားလီးယားနှင့် ယီမင်နိုင်ငံတို့မှ နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါသည်။ လက်ရှိအမေရိကန်အစိုးရက အမေရိကန်နိုင်ငံတွင်းရှိ တရားမဝင် ဝင်ရောက်နေထိုင်သူ ၁၁ သန်းအနက် ခြောက်သန်းအား မိခင်နိုင်ငံထံ အတင်းအကျပ်ပြန်ပို့ရန် စီစဉ်လျက်ရှိပါသည်။ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂမှ ခွဲထွက်ခြင်း၏အခြေခံ အကြောင်းတရား တစ်ရပ်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့မှ နိုင်ငံသူနိုင်ငံသားများ ဗြိတိန်နိုင်ငံသို့ လာရောက်နေထိုင်ခြင်းအပေါ် စိုးရိမ်ကြောင့်ကြမှုကြောင့် ဖြစ်ပါသည်။ တင်ပြလိုသည်မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းသည် မိမိနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင်ကြမည့် (အမှန်တကယ် တရားဝင် ဝင်ရောက်နေထိုင်သူများလည်း ပါပါသည်) နိုင်ငံခြားသားတို့၏ မိမိလူမှုအဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုကိုအလေး အနက်ထား သုံးသပ်ကြသည်သာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားကြသော ဘင်္ဂါလီမျိုးနွယ်တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် “ရခိုင်ပြည်နယ်၌ အမှန်တကယ် နေထိုင်သူ အားလုံးကို ပြန်လည်လက်ခံမည်၊ တိုင်းပြည်ဥပဒေနှင့် ညီညွတ်သူတိုင်းကို နိုင်ငံသား အခွင့်အရေးပေးမည်၊ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရရမည်” ဟူသော မူဝါဒတို့ကို ရှင်းလင်းပြတ်သားစွာ ချမှတ် အကောင်အထည်ဖော်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်အရေး၏ ပြဿနာဇာစ်မြစ်နှင့် မြန်မာနိုင်ငံ၏ တရားမျှတသော မူဝါဒတို့အပေါ် အလျင်အမြန်အသိအမှတ်ပြုရမည့် အချိန်အခါရောက်ပြီ ဖြစ်ပါကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း