လကမ္ဘာပေါ်တွင် 4 G ကွန်ရက် အသုံးပြုနိုင်တော့မည်

ဘာလင် ၂၈ ဖေဖော်ဝါရီ

 

၂၀၁၉ ခုနှစ်တွင် လကမ္ဘာပေါ်မှာ 4G ကွန်ရက် ဆက်သွယ်ရေးစနစ်ကို စတင်အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် ဆက်သွယ်ရေးကွန်ရက် တည်ထောင်သူ Vadafone က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

 

အဆိုပါ ဆက်သွယ်ရေးစနစ်ကို လကမ္ဘာပေါ်မှာ အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ Vadafone ၏ ဂျာမနီဌာနခွဲနဲ့  Nokia ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ဘာလင် အခြေစိုက် ပုဂ္ဂလိက အာကာသ ကုမ္ပဏီ PTScientists ရဲ့ လကမ္ဘာခရီးစဉ်မှာ အထောက်အပံ့ပေးနိုင်ဖို့ ဖြစ်ပြီး 4 G ကွန်ရက်ကို အကောင်အထည် ဖော်နေတာဖြစ်ပြီး အဲဒိခရီးစဉ်ဟာ လကမ္ဘာပေါ်ဆင်းသက်မယ့် ယာဉ်ငယ်တစ်စီးနဲ့ အာကာသယာဉ်ငယ် ၂ စီးပါဝင်ကာ Space X ကုမ္ပဏီရဲ့ Falcon 9 ဒုံးပျံနဲ့ လွှတ်တင်မှာဖြစ်ပါတယ်။

 

ထုတ်ပြန်ကြေညာချက်ထဲမှာတော့ Nokia ကုမ္ပဏီဘက်က အာကာသအတွင်း အသုံးပြုနိုင်မယ့် Ultra Compact အမည်ရှိ 4  G ဆက်သွယ်ရေး ကွန်ရက်ကို တည်ဆောက်ထားပြီး အမြဲပေါ့ပါးစွာ အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဆက်သွယ်ရေး ကွန်ရက် အကူအညီနဲ့ လကမ္ဘာပေါ်ကနေ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုများကို ကမ္ဘာပေါ်ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး လကမ္ဘာပေါ်ကို ဆင်းသက်မယ့်ယာဉ်နဲ့ အာကာသယာဉ်ကို ဆက်သွယ်ရာမှာလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

 

ယခင် ဆက်သွယ်ရေး စနစ်ကတော့ ရေဒီယိုလှိုင်းထုတ်လွှင့်ခြင်း၊ အချက်အလက်တွေနဲ့ အာသယာဉ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ လွှဲပြောင်းခြင်းတွေကိုသာ လုပ်ဆောင်နိုင်ပါတယ်။

 

ယခု ဆက်သွယ်ရေး ကွန်ရက်မှာတော့ စွမ်းအင်ပိုမို သိမ်းဆည်းနိုင်ပြီး လကမ္ဘာပေါ် ဆင်းသက်သည့် ယာဉ်ကနေ အာကသယာဉ်ကို အချက်အလက် ပေးပို့ရာမှာ စွမ်းအင် လေလွင့်မှုကို သက်သာစေကြောင်း PTScientists အဖွဲ့မှ အမှုဆောင်အရာရှိ Robert Bohme ကပြောကြားခဲ့ပါတယ်။

 

MDN

ကိုးကား> ဆင်ဟွာ