လွိုင်လင် ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ နောင်ဟူးကျေးရွာရှိ လယ်ယာမြေဧက ၃၅၀ မှ လယ်ယာထွက်ကုန် သီးနှံများ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း အဆိုပါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နောင်ဟူးကျေးရွာရှိ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည် ၁ မိုင် အကျယ် ၁၂ ပေ ထု ၉ လက်မရှိ သဲဗြုန်းကျောက်ခင်းခြင်း လုပ်ငန်းများအား ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၉ ဒသမ ၄၀ သန်းဖြင့် တင်ဒါအောင်မြင်သော Renewal Energy ကုမ္ပဏီမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်ကစတင်၍ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအချိန်တွင်လုပ်ငန်းများ ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း၊ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိအိမ်ခြေ ၉၉ အိမ်မှ လူဦးရေ ၄၅၁ ဦးတို့၏ လယ်ယာမြေဧက ၃၅၀ မှ လယ်ယာထွက်ကုန်သီးနှံများသည် လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ တောင်ကြီး မြို့ကြီးများရှိ စျေးကွက်သို့ အချိန်မီ ရောက်ရှိတော့မည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်က ပြောသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာကုန်ထုတ်လမ်း ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား လိုက်လံရှင်းလင်းပြသခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းသူ