လွိုင်ကော်မြို့၌ ပထမအကြိမ် ကင်ဒိုဓားခုတ်သင်တန်းဖွင့်

လွိုင်ကေ ၂၄  ဒီဇင်ဘာ

ပထမအကြိမ် ကင်ဒိုဓားခုတ်သင်တန်းဖွင့်ပွဲကို  ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် ပြည်နယ်အားကစားရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ အချိန်အခါမှာ မြန်မာနိုင်ငံ၏ အားကစား အခန်းကဏ္ဍ တိုးတတ်မြင့်မားရေးအတွက် နိုင်ငံတော် အကြီးအကဲများက ကြိုးပမ်းဖော်ဆောင်လျက်ရှိရာ ကယားပြည်နယ်အနေဖြင့် အားကစားကဏ္ဍ တိုးတက်ရေးအတွက် အား/ကာသိပ္ပံကျောင်း ဖွင့်လှစ်ပေးခြင်း၊ အားကစား ရုံများ၊ အားကစားကွင်းများကို ပြည်နယ်ဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျက်များဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ အားကစား ဝတ်စုံစရိတ်များကိုလည်း ထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊ အားကစားနည်း မြောက်မြားစွာထဲမှ ဂျပန်ကင်ဒို အားကစားတစ်ခုသည်လည်း နိုင်ငံအလိုက် ကျင်းပနေခြင်းဖြစ်ပြီး ကယားပြည်နယ်အနေဖြင့် ကင်ဒိုအားကစား နည်းတစ်ခု ထွက်ပေါ်လာအောင် ဖော်ဆောင်ပေးသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး နည်းစနစ်ပိုင်းများကို ပိုင်နိုင်ကျွမ်းကျင်အောင် လေ့ကျင့်ပြီး ပြည်နယ်ဂုဏ်၊ နိုင်ငံဂုဏ် ဆောင်နိုင်သော လူငယ်မောင်/မယ်များအဖြစ် လေ့ကျင့်ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါ ကင်ဒိုအားကစားဖွင့်ပွဲကို မြန်မာနိုင်ငံကင်ဒိုအဖွဲ့ချုပ်နှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းခြင်းဖြစ်ကြောင်း သိရသည်။

ကင်ဒိုအားကစားကို လေ့လာမှုအရ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၀ ကျော်ဝန်းကျင်တွင် ဂျပန်သံရုံးဝန်ထမ်းများ၊ ဂျပန် ကျောင်းဆရာများမှ မြန်မာပြည်သို့ လာရောက်တာဝန် ထမ်းဆောင်ကြစဉ် မြန်မာပြည်မှ ဝါသနာရှင်များနှင့် ပူးပေါင်းကာ လေ့ကျင့်ကစားခဲ့သည်ဟု သမိုင်းဓာတ်ပုံများအရ သိရသည်။ 

 

(ထွန်းလေး)