လွိုင်ကော်မြို့ ဒေါလိုရှေးကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်

လွိုင်ကော်  ၈   ဒီဇင်ဘာ    

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ နှင့် မိသားစု ဝင်ငွေတိုးပွားရရှိစေရန် ရည်ရွယ်ချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း အမှတ်စဉ် (၃/၂၀၁၈) ကို ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် (၈)နာရီအချိန်က  ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စု၊ ဒေါလိုရှေးကျေးရွာရှိ ပညာဘဏ် စာကြည့်တိုက်၌ ကျင်းပသည်။

 

 

အခမ်းအနားတွင် ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်နေ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိတယ်။ ယခု ဖွင့်လှစ်တဲ့ ဆိုင်ကယ်ပြင်သင်တန်းဟာ သင်တန်းသားသင်တန်းသူများအတွက် ထွက်ငွေများကို လျော့နည်းစေပြီး ဝင်ငွေတိုးပွားလာမဲ့ သင်တန်းတစ်ခုဖြစ်တယ်။ ဒီပညာကို တတ်ရှိထားပြီဆိုရင် မိမိတို့ကျေးရွာမှာရှိတဲ့ ဆိုင်ကယ်များကို ပြုပြင်ပေးရာမှာလည်း ကျေးရွာအတွက် ကုန်ကျစရိတ်နည်းပြီး သင်တန်းသားအနေနဲ့လည်း ဝင်ငွေကို ရရှိမှာဖြစ်တယ်။ ဒါ့အပြင် မိမိဆိုင်ကယ်ကို ပြုပြင်ရာမှာလည်း ပြင်ပမှာသွားရောက်ပြုပြင်မှုထက် အချိန်ရောငွေပါ ကုန်ကျမှုသက်သာစေမှာဖြစ်တယ်။ ဒါ့ကြောင့် ဒီသင်တန်းကို ကြိုးစားသင်ယူကြစေလိုတယ်။ ” ဟု ပြောကြားပြီး  လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်က သင်တန်းနှင့်ပတ်သက်သည်များ ရှင်းလင်းပြောကြားကာ လွိုင်ကော်မြို့နယ်၊ နိုးကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရှားရယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ 

အဆိုပါသင်တန်းအား နိုးကိုးကျေးရွာအုပ်စုအတွင်းရှိ ဒေါလိုရှေးကျေးရွာအပြင် အနီးနားရွာ (၉)ရွာ မှလည်း သင်တန်းလာရောက်တက်ကြရာ သင်တန်းသား (၂၅)ဦးတက်ရောက်ကြပြီး နည်းပြဆရာ (၂)ဦး ဖြင့် (၅-၁၂-၂၀၁၈ မှ ၁၉-၁၂-၂၀၁၈ ) ရက်နေ့ထိ (၁၅)ရက်ကြာ သင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများထဲမှ ကြိုးစားသွက်လက်၍ ထူးချွန်သူများကို ဆိုင်ကယ်ပြုပြင်ရာတွင် အသုံးပြုသည့် ကိရိယာပစ္စည်းများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

 

ယင်းအခမ်းအနားသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးအရာရှိ (နည်းပညာ) မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းသားများနှင့် အုပ်စုအုပ်ချုပ်ရေးမှူး တို့တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

 

ကိုစိုင်း (လွိုင်ကော်)