လိုင်စင်မဲ့သစ်သယ်ယာဉ် ၈ စီး သိမ်းဆည်းရမိ 

မိုင်းရှူး ၇ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင် ခရိုင်၊ မိုင်းစံမြို့၊ မိုင်းရှူး-မိုင်းစံသွားလမ်း၌ လိုင်စင်မဲ့သစ်သယ်ယာဉ်(၈)စီးကို ဖေဖေါ် ဝါရီ ၆ ရက် နံနက် ၁၀ နာရီခန့်က သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ခလရ(၁၅ဝ)တပ်ရင်းမှ ဗိုလ်ကြီးရှိန်းလင်း၊ နမခ(မစ)မှရဲအုပ်အီဇားကို၊ မိုင်းစံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ စရဖမှ တကကကျော်ထိုက်နှင့် ရပ်မိရပ်ဖ ၂ ဦးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရမိုင်းရှူး-မိုင်းစံသွားလမ်း၌ ရှာဖွေစစ်ဆေးရေးဆောင်ရွက်စဉ် နံနက် ၁၀ နာရီခန့်တွင် မိုင်းနောင်ဘက်မှ မောင်းနှင်လာသည့်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဦးအိုက်ထွေးပါ ယာဉ်မောင်း ၈ ဦးနှင့် ယာဉ်နောက်လိုက် ၉ ဦးတို့ လိုက်ပါသော လိုင်စင်မဲ့သစ်တင်ယာဉ် ၈ စီးအား စစ်ဆေးတွေ့ရှိရပြီး စစ်ဆေးမေးမြန်းရာ ၎င်းယာဉ်များမှာ  လိုင်စင်မဲ့သစ်သယ်ယာဉ်များသာဖြစ်ကြောင်းနှင့် တရားမဝင်သစ်သယ်ရန်ဟု ယူဆရသော အဆိုပါယာဉ်များအား သီပေါ-နမ့်လန်-ဝမ်ဟိုင်း-ဝမ်ဆော့- ဟိုက်ပါဝမ်ကျောင်းလမ်း အတိုင်း မိုင်းစံကြိုးတံတားဖြတ်၍ မိုင်းစံမှ ကာလိမြို့သို့ သစ်သယ်ရန် သွားရောက် ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လိုင်စင်မဲ့သစ်သယ်ယာဉ်(၈)စီး အား လက်ဝယ်ထားရှိသူ ယာဉ်မောင်း ဦးအိုက်ထွေးပါ ၁၇ ဦးတို့အား ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ဥပဒေအရ ဖမ်းဆီးချုပ်နှောင်ထားပြီး သက်သေခံယာဉ်များအား အမှုဖြင့် သိမ်းဆည်း၍ တရားခံများအား စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း မိုင်းရှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

MDN