လီဆူတိုင်းရင်းသားတို့၏ သမိုင်း၊ ဘာသာစကား၊ စာပေ၊ ကိုးကွယ်ယုံကြည်မှု

ရိုးရာ(မကန)

 

လီဆူမျိုးနွယ်သမိုင်း

 

လီဆူတိုင်းရင်းသားတို့သည် ကချင်မျိုးနွယ်စုဝင် လူမျိုးတစ်မျိုးဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသား လူမျိုးတစ်ရာကျော်တွင် ပါဝင်သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေထိုင်ကြပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။

 

လီဆူမျိုးနွယ်တို့၏ ပင်ရင်းဒေသမှာ ''မူကူးဒီ'' ဟုခေါ်သော မွန်ဂိုလီးယားကုန်းမြင့်ဒေသ တစ်ခုဖြစ်ကြောင်း သိရသည်။ ''မူကူးဒီ'' ခေါ်ဒေသတွင် နေထိုင်ခဲ့ကြသည်မှာ နှစ်ကာလ ကြာညောင်းခဲ့ကြပြီး ထိုနေရာတွင် လူဦးရေများပြားလာသောအခါ အရပ်မျက်နှာ အသီးသီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ မူကူးဒီဒေသမှတစ်ဆင့် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ခဲ့ရာမှ ရှိပါးဒေသ၊ လချော်၊ လာကျိ ဒေသ (ယခု တရုတ်ပြည် လန်ချောင်ဒေသ) တစ်ဝိုက်တွင်လည်း နေထိုင်ခဲ့ကြသည်။ ထိုမှတစ်ဆင့် ကျိဒူ၊ ကိုးဒူနှင့် လီကျန်ဒေသတွေမှာ နေထိုင်ကြစဉ် မဲခေါင်မြစ်ဝှမ်းအထက်ပိုင်းနှင့် နော်မိခေါ် သံလွင်မြစ်အထက်ပိုင်းသို့ အသီးသီး ပြောင်းရွှေ့နေထိုင်လာကြသည်။ ''လီဆူအစ လန်ချောင်က''ဟူသော ဆိုရိုးစကားအရ မူကူးဒီခေါ်သောဒေသတွင် နေစဉ်က လီဆူဟူသောနာမည် မခေါ်သေးပေ။ လန်ချောင်ဒေသမှစ၍ လီဆူဟူသော မျိုးနွယ်အုပ်စု စတင်ခဲ့ခြင်းဖြစ်သည်။ (လီဆူးဟူသော သတ်ပုံသည် အမှားဖြစ်၍ သတ်ပုံအမှန်မှာ လီဆူဖြစ်သည်။)

 

လီဆူဘာသာစကား

 

လီဆူလူမျိုးများသည် လီဆူစာပေအရေးအသား မပေါ်ပေါက်မီကပင် ဘာသာစကားရှိခဲ့သည်။ နယ်မြေဒေသအလိုက် ဘာသာစကား အနည်းငယ်ကွဲပြားသော်လည်း အများအားဖြင့် အချင်းချင်းနားလည်ကြသည်။

 

လီဆူဘာသာစကားတွင်-

 

(က) မူရင်းလီဆူစကား

 

(ခ) လီဆူနောစကား

 

(ဂ) ဆီလူလေမယ်စကားဟူ၍ သုံးမျိုးရှိသည်။ မူရင်း လီဆူစကားကိုသာ သုံးစွဲမှုများပြားကြောင်း တွေ့ရသည်။

 

 

လီဆူစာပေ

 

လီဆူလူမျိုးများသည် စာပေအရေးအသား မပေါ်ပေါက်မီအချိန်က တောင်ယာခုတ်ခြင်းနှင့် လက်မှုပညာကို ကျွမ်းကျင်ကြသော်လည်း စာပေမပေါ်သေးသဖြင့် အမှတ်အသား သင်္ကေတဖြင့်သာ အမှတ်အသားပြုခဲ့ကြသည်။ ၁၉ဝ၆ ခုနှစ်မှစ၍ သာသနာပြု အင်္ဂလိပ်ဆရာကြီး ဂျေအိုဖရေဆာနှင့် ကရင်လူမျိုး ဆရာကြီး ဦးဘသော်တို့က ရောမအက္ခရာကိုအခြေပြု၍ လီဆူစာပေကို တီထွင်ပေးခဲ့သည်။ လီဆူစာပေမှာ ရောမအက္ခရာကို အခြေခံထားရာ ဗျည်းအလုံး ၄ဝ ရှိသည်။ လီဆူစာပေမှာ လီဆူလူမျိုးများ အသုံးပြုနေကြပြီး ခရစ်ယာန်ဘာသာရေးစာပေအဖြစ် လည်းကောင်း၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်များ၌လည်းကောင်း အသုံးပြုလျက်ရှိကြောင်း တွေ့ရသည်။

 

လီဆူတို့ ယုံကြည်ကိုးကွယ်မှု

 

လီဆူတို့၏ ယုံကြည်ကိုးကွယ်မှုကို သုံးမျိုး တွေ့ရှိရသည်။ ၎င်းတို့မှာ -

 

(က) နတ်ကိုးကွယ်ခြင်း

 

(ခ) ခရစ်ယာန်ဘာသာကိုးကွယ်ခြင်း

 

(ဂ) ဗုဒ္ဓဘာသာကိုးကွယ်ခြင်းတို့ ဖြစ် သည်။

 

(က) နတ်ကိုးကွယ်ခြင်း

 

ရှေးအကျဆုံး လီဆူလူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှုမှာ နတ်ကိုးကွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှေးဘိုးဘွားအစဉ်အဆက်ကပင် နတ်များကို ကိုးကွယ်လေ့ရှိကြသည်။ နတ်အမျိုးမျိုးရှိသည်ဟု ယုံကြည်ကြသည်။ နတ်များသည် ကယ်မသည်၊ ကောင်းကျိုးပြုသည်၊ တန်ခိုးရှိသည်ဟု ယုံကြည်ကာ ကိစ္စတစ်စုံ တစ်ရာရှိပါက တိုင်တည်ကြသည်။ အကူအညီတောင်းကြသည်။ နတ်ကိုးကွယ်သော ခေတ်တွင် လီဆူတို့သည် နတ်ဆရာများကိုလည်း ယုံကြည်အားကိုးခဲ့ကြသည်။ လီဆူတို့ ကိုးကွယ်သောနတ်များမှာ အရေအတွက်အားဖြင့် များပြားလှသည်။

 

(ခ) ခရစ်ယာန်ဘာသာကိုးကွယ်ခြင်း

 

လီဆူတိုင်းရင်းသားတို့သည် ရှေးဦးစွာ အစဉ်အဆက်က နတ်ကိုးကွယ်မှုရှိခဲ့ကြသော်လည်း နိုင်ငံခြား ခရစ်ယာန်သာသနာပြုဆရာ များ၏ ကျေးဇူးကြောင့် ခရစ်ယာန်ဘာသာဝင်များအဖြစ် ရောက်ရှိခဲ့ကြသည်။ လီဆူလူမျိုးများထဲမှ ပထမဦးစွာ ခရစ်ယာန်ဘာသာဝင် ဖြစ်လာသူတို့မှာ ဦးငွားတားနှင့် ဒေါ်ဂူနာဒူတို့ ဖြစ်သည်။ ခရစ်ယာန်သာသနာသည် မြန်မာနိုင်ငံရှိ လီဆူများရှိရာ နယ်စပ်ဒေသများဆီသို့ တစ်စတစ်စပျံ့နှံ့လာပြီး သာသနာပြုခဲ့ကြရာ ကချင်ပြည်နယ် ပူတာအို၊ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ မချမ်းဘော စသည့် ဒေသများသို့ ပျံ့နှံ့ခဲ့လေသည်။

 

ဤသို့ဖြင့် မြန်မာနိုင်ငံရှိ လီဆူတိုင်းရင်း သားတို့သည် နတ်ကိုးကွယ်မှုရှိခဲ့ရာမှ ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသည်။ သို့သော် အချို့ဒေသများတွင်မူ နတ်ကိုးကွယ်မှု နှင့် ဗုဒ္ဓဘာသာကိုးကွယ်မှုများလည်းရှိသည်ကို တွေ့ရသည်။

 

(ဂ) ဗုဒ္ဓဘာသာကိုးကွယ်ခြင်း

 

လီဆူတို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူများလည်း ရှိကြသည်။ ဗုဒ္ဓဘာသာလီဆူများကို မိုးကုတ်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ အချို့ဒေသများတွင် တွေ့ရသည်။ အချို့မှာ ရဟန်းဘောင်သို့ဝင်နေသော လီဆူ များလည်းရှိသည်။ ဗုဒ္ဓဘာသာလီဆူတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြ၍ ဂေါတမမြတ်ဗုဒ္ဓ၏ အဆုံးအမကို ကိုးကွယ်ယုံကြည်ကြသူများဖြစ်သည်။