လီဆူရိုးရာ(ခေါ့ရှီ) နှစ်သစ်ကူးပွဲတော်နှင့် ပူတာအို လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ နှစ် (၆ဝ) ပြည့် ပွဲတော်ကျင်းပမည်

ပူတာအို ၁၃ ဇန်နဝါရီ

 

လီဆူရိုးရာ(ခေါ့ရှီ) နှစ်သစ်ကူးပွဲတော်နှင့် ပူတာအို လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ နှစ်(၆ဝ)ပြည့် ပွဲတော်ကို ကချင်ပြည်နယ် ပူတာအိုမြို့တွင် ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

''လီဆူစာပေနှင့် ယဉ်ကျေးမှုကို ၁၉၅၃-၁၉၅၄ ခုနှစ် ဝိုင်းမော်မှာ ဖွဲ့စည်းပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် ပူတာအိုမှာ တော့ ၁၉၅၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်တယ်၊ ပြီးမှ တစ်ပြည်လုံးရှိ မြို့နယ်အသီးသီးမှာ ဖွဲ့စည်းပြီးတော့ ဥပဒေ နဲ့အညီ ရပ်တည်လာတာ နှစ် (၆ဝ) ပြည့်လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရတဲ့ပွဲ ဖြစ်ပါတယ်၊ ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့်နဲ့ ပြည်ပက ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေလည်း တက်ရောက်ချီးမြှင့်ပေးဖို့ မျှော်လင့်ပါတယ်''ဟု လီဆူတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးအာတီယောဟန်က ပြောကြားသည်။

 

''ဒီရိုးရာအကကတော့ ပူတာအိုတစ်နယ်လုံးရဲ့ ကိုယ်စားပြုအက ဖြစ်ပါတယ်၊ အဖွဲ့ထဲမှာ လူ ၄ဝ ပါဝင် ပါတယ်၊ ရိုးရာသီချင်း နှစ်ပုဒ်ဖြင့် ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်၊ ပွဲမှာ ဖျော်ဖြေမှုနဲ့ရော ပြိုင်ပွဲဝင် အနေနဲ့ပါ ပါဝင်ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်၊ ရိုးရာအက ပြိုင်ပွဲဝင်အဖွဲ့ကတော့ ရှစ်ဖွဲ့၊ ကိုးဖွဲ့ရှိမယ်လို့ သိရပါတယ်''ဟု ရိုးရာအက အဖွဲ့ခေါင်းဆောင် ကိုယောရှူက ပြောသည်။

 

''အရင်က တစ်ခါမှ ဝင်မပြိုင်ဖူးပါဘူး၊ အခုက ပူတာအိုဒေသ လီဆူလူမျိုးတွေရဲ့ ကိုယ်စား ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်လို့ အလွန် ဂုဏ်ယူပါတယ်၊ ရင်တွေလည်း ခုန်ပါတယ်၊ မောလည်း မောပါတယ်၊ အကောင်းဆုံး ပြိုင်ဖို့အတွက် ကြိုတင်လေ့ကျင့် ဇာတ်တိုက်တာတွေတော့ လုပ်ထားပါတယ်'' ဟု ရိုးရာ အကအဖွဲ့ဝင် မငွါးဆာဒူးက ပြောသည်။

 

ပွဲတော် အထိမ်းအမှတ်အနေဖြင့် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ရိုးရာဒူးလေးပစ်ပြိုင်ပွဲ၊ မြင်းစီး ပြိုင်ပွဲနှင့် ဂေါက်ရိုက်ပြိုင်ပွဲများ ကျင်းပမည့်အပြင် ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ၊ ခေတ်ပေါ် တေးဂီတဖျော်ဖြေမှုများနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ အလှမယ် ၁၈ဝ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ပြခန်းများအနေဖြင့် ရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ ရှေးယခင် တောင်ပေါ်ဒေသ တိုင်းရင်းသားတို့ မြစ်၊ ချောင်းများကို ဖြတ်ကူးရာတွင် ရမထာကြိမ်လုံးတစ်ချောင်းတည်းဖြင့် တစ်ယောက်ချင်းဖြတ်ကူးခဲ့ပုံများ၊ ရမထာကြိမ် မရရှိသည့် အခြေအနေမျိုးတွင် ဝါးခြမ်းခွဲ၍ ဝါးလုံးနှစ်လုံးပူးချည်ကာ တံတား ပြုလုပ်သွားလာခဲ့ပုံများ၊ တောင်ပေါ်ဒေသ သားကောင်ဖမ်းနည်းမျိုးစုံများကို ပြသသွားမည့်အပြင် ရိုးရာမီးပင်လယ်ကျော်ဖြတ်၍ ဓားတောင်တက်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အထိမ်းအမှတ်အနေဖြင့် ကံစမ်းမဲဖောက်ပေးခြင်းလည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)