လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ်များ

ပေါက်ပေါက်

ကမ္ဘာ့လူဦးရေ ၉၉ ရာခိုင်နှုန်းနီးပါးသည် လေထုအရည်အသွေး ကန့်သတ်ချက်ထက် ကျော်လွန်သောလေကို ရှူရှိုက်နေရပြီး ၎င်းတို့၏ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။ နိုင်ငံပေါင်း ၁၁၇ နိုင်ငံရှိ မြို့ပေါင်း ၆၀၀၀ ကျော်သည် ယခုအခါတွင် လေထုအရည်အသွေးကို စောင့်ကြည့်နေကြသော်လည်း ၎င်းမြို့၌ နေထိုင်သူများသည် ကျန်းမာရေးနှင့်မညီညွတ်သော အမှုန်အမွှားများနှင့် နိုက်ထရိုဂျင်အောက်ဆိုက်အဆင့်ကို ရှူရှိုက်နေရဆဲဖြစ်ပြီး ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများမှ ပြည်သူများထိတွေ့မှုအများဆုံး ခံစား နေကြရကြောင်း သိရသည်။ တွေ့ရှိချက်များအရ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျှော့ချရန်နှင့် လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချရန်၊ အခြားမြင်သာထင်သာသော ခြေလှမ်းများကို လုပ်ဆောင်ရန် အရေးတကြီး မီးမောင်းထိုးပြခဲ့ကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် လူ့ခန္ဓာကိုယ်ကို ပျက်စီးစေသော လေထုညစ်ညမ်းမှုဆိုင်ရာ အထောက်အထားများသည် လျင်မြန်စွာကြီးထွားလာနေပြီး လေထုညစ်ညမ်းမှုပမာဏ နည်းပါးသည့်တိုင် သိသိသာသာ အန္တရာယ်ဖြစ်စေကြောင်း သိရသည်။ 

အထူးသဖြင့် PM 2.5 အမှုန်အမွှားများသည် အဆုတ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး နှလုံးသွေးကြော၊ ဦးနှောက်သွေးကြော (လေဖြတ်ခြင်း)နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်စေနိုင်ကြောင်း၊ ယင်းအမှုန် အမွှားများသည် အခြားကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေပြီး အခြားရောဂါများကိုလည်း ဖြစ်စေ ကြောင်း သက်သေအထောက်အထားများ ထွက်ပေါ်လာကြောင်း သိရသည်။ နိုက်ထရိုဂျင်အောက်ဆိုက် (NO2)သည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါနှင့် ဆက်စပ်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်သည့် ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း (သို့မဟုတ်) အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

လေထုညစ်ညမ်းမှုသည် လူသားတို့၏ မျိုးပွားနှုန်းကို ထိခိုက်ပျက်စီးနိုင်

ဒိန်းမတ်နိုင်ငံ သုတေသီများ၏ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုသည် လူသားတို့၏ မျိုးပွား နိုင်စွမ်းကို ကျဆင်းစေနိုင်သကဲ့သို့ ရာနှုန်းပြည့် ပျက်စီးစေနိုင်ကြောင်း၊ ၂၁ ရာစုအတွင်း လူဦးရေ တိုးပွားမှုနှုန်းမှာလည်း သိသိသာသာ ကျဆင်းလာသကဲ့သို့ လူဦးရေပေါက်ပွားမှုနှုန်း ကျဆင်းရသည့် အကြောင်းအမျိုးမျိုးရှိနေသော်လည်း လေထုညစ်ညမ်းမှုသည် လူဦးရေတိုးပွားမှုနှုန်းကို ကျဆင်းစေသည့် အဓိကပြဿနာတစ်ရပ်ဖြစ်ကြောင်း သုတေသီများက ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် လေထုညစ်ညမ်းမှုကြောင့် ကိုယ်ဝန်ပျက်ကျနှုန်း သိသိသာသာ မြင့်မားလာသကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်များသည်လည်း ကင်ဆာရောဂါများဖြင့် ရင်ဆိုင် နေရကြောင်း၊ အမျိုးသမီးများသာမက အမျိုးသားများပါ မျိုးပွားနိုင်စွမ်းကို ရာနှုန်းပြည့်ကျဆင်းစေနိုင်သည့်အတွက် လေထုညစ်ညမ်းမှုပြဿနာသည် လူသားတို့၏အနာဂတ်ကို ဆိုးရွားစွာခြိမ်းခြောက်နေကြောင်း သိရသည်။

လေထုညစ်ညမ်းမှုကြုံရသည့် မိခင်က မွေးဖွားသော ကလေးများ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေများ
လေထုညစ်ညမ်းမှု ပြဿနာအဆင့်မြင့်မားမှုနှင့် ရင်ဆိုင်နေကြရသည့် မိခင်လောင်းများမှ မွေးဖွားလာသော ကလေးများတွင် ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေပုံမှန်ထက်ပိုများကြောင်း သိရသည်။ ညစ်ညမ်းသော လေထုလွှာအတွင်းရှိ ရုပ်မှုန်နုများသည် ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်မှတစ်ဆင့် ကလေးထံရောက်သွားနိုင်မှု ရှိ၊ မရှိကို ဖော်ထုတ်ရေးအတွက် အမေရိကန်နိုင်ငံ မောင့်ဆိုင်းနိုင်းတက္ကသိုလ်မှ သုတေသီများက မိခင် ၃၄၆ ဦး နှင့် ၎င်းတို့၏ရင်သွေးများကို လေ့လာခဲ့ကြသည်။ ရလဒ်များအရ ညစ်ညမ်းသောလေထုအတွင်းရှိ ဒြပ်မှုန်နုများနှင့် အထိအတွေ့မြင့်မားသော မိခင်လောင်းများက မွေးဖွားလာသည့် ကလေးများအနက် ၁၈ ရာခိုင်နှုန်းတွင် ပန်းနာရင်ကျပ်ရောဂါများ ပေါ်ထွက်ခဲ့ကြောင်း သုတေသီများက ပြောကြားသည်။ ထို့ပြင် လေထုညစ်ညမ်းမှုပြဿနာ မြင့်မားမှုနှင့် ရင်ဆိုင်ခဲ့ရသည့် မိခင်လောင်းများက မွေးဖွားလာသော ကလေးများအနက် မိန်းကလေးများသည် ယောကျ်ားလေးများထက် ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မားကြောင်း သုတေသီများက ဖော်ထုတ်တွေ့ရှိခဲ့သည်။

လေထုညစ်ညမ်းမှု ရေရှည်ခံစားရပါက ခုခံအားစနစ်ဖောက်ပြန်

လေထုညစ်ညမ်းမှုပြဿနာဖြင့် ရေရှည်ရင်ဆိုင်နေရသူများတွင် အရိုးဆက်ရောင်ရမ်းနာ ရောဂါ (Rheumatoid Arthritis)နှင့် အခြားခုခံအားစနစ် ဖောက်ဖျက်မှုရောဂါများဖြစ်နိုင်ခြေ မြင့်တက် လာနိုင်ကြောင်း သိရသည်။ အီတလီနိုင်ငံ ဗာရိုနာတက္ကသိုလ်မှ သုတေသီများသည် လူနာဦးရေ ၈၁၀၀၀ ကျော်နှင့်ပတ်သက်သည့် ကျန်းမာရေး အချက်အလက်များကို လေ့လာဆန်းစစ်ခဲ့ကြသည်။ ထို့နောက် အီတလီသုတေသီများသည် အဆိုပါ လူနာများ၏ ခုခံအားစနစ် ဖောက်ဖျက်မှုရောဂါ ဖြစ်ပွားမှုနှုန်းနှင့် ၎င်းတို့နေထိုင်ရာနေရာများ၏ လေထုညစ်ညမ်းမှုအဆင့်တို့ကိုလည်း နှိုင်းယှဉ်လေ့လာခဲ့ကြသည်။ လေ့လာချက်ရလဒ်အရ PM 10 နှင့် PM 2.5 ရုပ်မှုန်များကြောင့် ညစ်ညမ်းနေသည့် လေထုနှင့် ရေရှည်ထိတွေ့နေရသူများတွင် အရိုးဆက်ရောင်ရမ်းနာရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် ၄၀ ရာခိုင်နှုန်း မြင့်မားနေကြောင်း တွေ့ရှိခဲ့ကြသည်။ လေထုအတွင်း PM 10 ရုပ်မှုန် တစ်ကုဗ မီတာလျှင် ၃၀ မိုက်ခရိုဂရမ်အထက်ရှိနေပါက ညစ်ညမ်းလေထုအဖြစ် သုတေသီများက သတ်မှတ် လေ့ရှိပါသည်။ 

လေထုညစ်ညမ်းမှုလျှော့ချခြင်းက ဦးနှောက်ပျက်စီးမှုကာကွယ်ရေး သော့ချက်ဖြစ်

လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချခြင်းသည် ဦးနှောက်စွမ်းဆောင်ရည်ကို ထိခိုက်ပျက်စီးမှု ရောဂါ (Dementia) ကို ကာကွယ်ရေးအတွက် သော့ချက်တစ်ခုဖြစ်နိုင်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ အယ်လ်ဇိုင်းမားရောဂါဗေဒအသင်းမှ သုတေသီများသည် PM 2.5 ဟုခေါ်သော အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာနှင့် အောက်ရှိသည့် ရုပ်မှုန်များနှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ လေထုလွှာအတွင်း စုစည်းမှုကို လျှော့ချပေးခြင်း၏ အကျိုးသက်ရောက်မှုများကို လေ့လာခဲ့ကြသည်။ လေ့လာချက်ရလဒ်များအရ လေထုလွှာအတွင်း နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နှင့် PM 2.5 ရုပ်မှုန်များ စုစည်းမှုကို လျှော့ချပေးခြင်းဖြင့် Dementia ရောဂါဖြစ်ပွားနိုင်ခြေကို ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။ လေထုလွှာအတွင်းရှိ PM 2.5 ကဲ့သို့သော ရုပ်မှုန်များသည် အဆုတ်မှတစ်ဆင့် လူ၏သွေးလည်ပတ်မှုစနစ် အတွင်းသို့ အလွယ်တကူဝင်ရောက်၍ ဦးနှောက် အတွင်းထိ ရောက်သွားတတ်ပြီး Dementia ရောဂါ၏ အဓိကအကြောင်းတရားဖြစ်သည့် ဦးနှောက် ဆဲလ်များ ရောင်ရမ်းမှုကို အားပေးလှုံ့ဆော်တတ်ကြောင်း သိရသည်။ အလားတူ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်သည်လည်း အဆုတ်အတွင်းရှိ ခုခံအားစနစ်ဆဲလ်များကို ဖျက်ဆီးတတ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ကူးစက်မှုရောဂါများ ဖြစ်လွယ်စေတတ်ကြောင်း သိရသည်။

အိမ်တွင်းလေထုညစ်ညမ်းခြင်းကြောင့် နှစ်စဉ် လူဦးရေလေးသန်းခန့် သေဆုံးနေ

ကမ္ဘာပေါ်တွင် အိမ်တွင်းလေထုညစ်ညမ်းခြင်းကြောင့် နှစ်စဉ်လူဦးရေ လေးသန်းခန့်အထိ သေဆုံးပြီး ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုသည် အိမ်တွင်းလေထုညစ်ညမ်းမှု ဖြစ်စေသည့် အကြောင်းရင်း တစ်ခုဖြစ်၍ ဆေးလိပ်၊ ဆေးရွက် ကြီးသုံးစွဲမှုကြောင့် နှစ်စဉ် လူဦးရေ ရှစ်သန်းခန့်သည် နောက်ဆက်တွဲ ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောဂါများဖြစ်၍ သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အစည်းအဝေးမှ သိရသည်။ 

ကမ္ဘာပေါ်တွင်နေထိုင်သည့် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထက် တစ်နည်းအားဖြင့် လူ ၁၀ ဦးတွင် ကိုးဦးသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း မရှိသည့်လေကို ရှူရှိုက်နေရခြင်းဖြစ်၍ ယင်းသို့ ရှူရှိုက်ရမှုကြောင့် နှစ်စဉ်လူဦးရေ ခုနစ်သန်းသည် လေထုညစ်ညမ်းမှုနှင့်ဆက်စပ်၍ အဆုတ်ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ရောဂါ စသည်တို့ကြောင့် သေဆုံးနေပြီး ကမ္ဘာပေါ်တွင် တစ်မိနစ် ပြည့်တိုင်း လူဦးရေ ၁၃ ဦးသည် လေထုညစ်ညမ်းမှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားပါသည်။ ထို့ပြင် ရုပ်ကြွင်း လောင်စာသုံးစွဲမှုကြောင့် ထွက်ပေါ်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့များမှတစ်ဆင့် ကမ္ဘာကြီးပူနွေးမှု ဖြစ်စဉ်ကိုဖြစ်ပေါ်စေခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ခြင်မှတစ်ဆင့် ဖြစ်ပွားနိုင်သည့်ရောဂါများ အန္တရာယ်လည်း မြင့်တက်လာကြောင်း သိရသည်။

လေထုညစ်ညမ်းခြင်းကြောင့် လူသားတို့ ပုံမှန်သက်တမ်းအောက် နှစ်နှစ်တိုလာနိုင်

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လေထုညစ်ညမ်းမှု မြင့်မားလျက်ရှိပြီး လေထုညစ်ညမ်းမှု၏ နောက် ဆက်တွဲပြဿနာများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ ချီကာဂိုအခြေစိုက် ချီကာဂိုစွမ်းအင်ဆိုင်ရာ မူဝါဒအင်စတီကျုမှ သုတေသီများက သုတေသနပြုလုပ်ခဲ့ရာ လေထုညစ်ညမ်းမှုကြောင့် လူသားတို့သည် ပုံမှန်သက်တမ်းအောက် နှစ်နှစ်တိုလာမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သုတေသနရလဒ်များအရ လူဦးရေထူထပ်သည့် နိုင်ငံများ အနက် လေထုညစ်ညမ်းမှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်နေသည့် နိုင်ငံပေါင်း ၉၇ ရာခိုင်နှုန်းကျော် အထိ ရှိနေကြောင်း၊ လက်ရှိ ပြည်သူ့ကျန်းမာရေး လုံခြုံမှုနှင့်ပတ်သက်၍ လေထုညစ်ညမ်းမှုပြဿနာကို နိုင်ငံအများစုက လျစ်လျူရှုထားကြပြီး လေထုညစ်ညမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း လျစ်လျူရှုနေကြောင်း အဆိုပါ သုတေသီများက ထုတ်ပြန်ခဲ့သည်။ လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် ပတ်သက်ပြီး အရေးပေါ်အခြေအနေနှင့် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားသင့်ကြောင်းနှင့် ထိုသို့မလုပ်ဘဲ လျစ်လျူရှုနေပါက လူ့သက်တမ်း နှစ်နှစ်တိုလာမည်ဖြစ်ကြောင်း သတိပေးထားသည်။

လေထုညစ်ညမ်းမှု ပြဿနာကြောင့် ကိုဗစ်ရောဂါပြင်းထန်နိုင်ခြေ မြင့်မားလာနိုင် 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ PM 2.5 နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကဲ့သို့ လေထုညစ်ညမ်းရုပ်မှုန်များနှင့် ထိတွေ့မှုသည် ကိုဗစ်ရောဂါ ပြင်းထန်နိုင်ခြေနှင့် ဆက်စပ်မှု ရှိကြောင်း သိရသည်။ မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ပျမ်းမျှအားဖြင့် အချိန်ကာလ တစ်နှစ်တာမျှ လေထုညစ်ညမ်းရုပ်မှုန်များနှင့် ထိတွေ့ခဲ့ရသူများတွင် ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရောက်ရနိုင်ခြေ ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ပိုမြင့်မားနေတတ်ကြောင်း သုတေသီများက ပြောကြားသည်။

 အလားတူ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက်ရုပ်မှုန်များနှင့် ပျမ်းမျှအားဖြင့် အချိန်ကာလ တစ်နှစ်ကြာ ထိတွေ့ခဲ့ရသူများမှာလည်း ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ရောက်ရနိုင်ခြေ ၁၂ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအထိ မြင့်မားကြောင်း၊ ထို့ပြင် PM 2.5 ရုပ်မှုန်များနှင့် ရေရှည်ထိတွေ့ခဲ့မှုသည် ကိုဗစ်ရောဂါကြောင့် အသက် ဆုံးပါးနိုင်ခြေ မြင့်မားမှုနှင့်လည်း ဆက်စပ်နေကြောင်း သိရသည်။

မျက်မှောက်ကမ္ဘာတွင် ဖြစ်ပျက်လျက်ရှိသော လေထုညစ်ညမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုး များစွာတို့ကို ကမ္ဘာ့ကျန်းမာရေးသုတေသီများက ပုံစံအမျိုးမျိုးဖော်ထုတ်ကာ မီးမောင်းထိုးပြလျက် ရှိပါသည်။ လေထုညစ်ညမ်းရခြင်းသည် တောမီးလောင်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့်လည်း ဖြစ်ပေါ်လာရသလို လူသားတို့၏ ခေတ်အဆက်ဆက် မဆင်ခြင်မှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ဖြစ်ရသည်က များပါသည်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟု ဆိုလျှင် “လေအသက် တစ်မိနစ်” ဖြစ်ပေတော့မည်။ ထို့ကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုမှသည် လောကတစ်ခွင် လေထုညစ်ညမ်းမှု လျော့ပါးသက်သာစေရေးအတွက် လူသားတစ်ဦးချင်းစီတွင် အပြည့်အဝ တာဝန်ရှိပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    ။