လေထုညစ်ညမ်းမှု - ၁

ဝင်းချစ် (အမျိုးသားစာပေဆုရ)

 

 

ကမ္ဘာတစ်ဝန်း၌ စက်ရုံအလုပ်ရုံများ၊ စက်တပ်ယာဉ် ယန္တရားများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်များပြားလာသည်နှင့်အမျှ ကမ္ဘာ့လေထုသည် သန့်ရှင်းမှုလျော့နည်း၍ လာပါသည်။ လူနေထူထပ်ပြီး အလုပ်ရုံ၊ စက်ရုံများ၊ မော်တော်ယာဉ်များ ပေါများသည့် မြို့ကြီးများတွင် လေထုညစ် ညမ်းလျက်ရှိပြီး မြို့ပြလူထု၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နေသည့် သတင်းများကို အဆက်မပြတ် ကြားသိနေရပါသည်။

 

 

လေထုညစ်ညမ်းမှုဖြစ်ရခြင်းမှာ လေထုအတွင်းသို့  ဓာတုပစ္စည်းများ (Chemicals)၊ အလွန်သေးငယ်သော အမှုန်များ (Particulates) နှင့် ဇီဝပစ္စည်းများ (Biological Materials) ရောက်ရှိလာခြင်းကြောင့်ဖြစ်ပြီး လေထုညစ်ညမ်းမှုကြောင့် လူသားများအား မအီမသာဖြစ်စေခြင်း၊ ရောဂါဘယဖြစ်စေခြင်း၊ သေဆုံးစေခြင်းနှင့် သီးနှံကဲ့သို့သော ဇီဝရုပ်များ (Living Organism) အား ပျက်စီးစေခြင်း၊ သို့မဟုတ် သဘာဝပတ်ဝန်းကျင်အား ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

 

 

လေထုကိုညစ်ညမ်းစေသည့် ဓာတ်ငွေ့များနှင့် အမှုန်များ 

 

 

လေထုထဲရှိ ဝတ္ထု (substance ) တစ်ခုသည် လူသားများနှင့် သဘာဝပတ်ဝန်းကျင်ကို ဥပဒ်ပေးပါက ယင်းကို ညစ်ညမ်းစေသည့် ပစ္စည်း Pollutant ဟု သတ်မှတ်သည်။ ယင်းပစ္စည်းများသည် အစိုင်အခဲအဖြစ်နှင့် သော်လည်းကောင်း၊ အရည်အဖြစ်နှင့်သော်လည်းကောင်း၊ အငွေ့အဖြစ်နှင့် သော်လည်းကောင်း တည်ရှိနိုင်သည်။ ယင်းတို့ကို အဓိကညစ်ညမ်းပစ္စည်းများ (Primary Pollutants) နှင့် ဆင့်ပွား ညစ်ညမ်းပစ္စည်းများ (Secondary Pollutants)  ဟု နှစ်မျိုးခွဲခြားထားသည်။ ဆင့်ပွားညစ်ညမ်းပစ္စည်းများသည် တိုက်ရိုက်ထုတ်လွှတ် ခြင်းမဟုတ်ဘဲ အဓိကညစ်ညမ်းပစ္စည်းများ ဓာတ်ပြုခြင်း (react ) ဖြင့်ဖြစ်စေ၊ တုံ့ပြန်ခြင်း (interact) ဖြင့်ဖြစ်စေ ထွက်ပေါ်လာခြင်းဖြစ်သည်။ မြေပြင်အနီးတစ်ဝိုက်တွင် ရှိသော အိုဇုန်း (O3 ) ဓာတ်ငွေ့များသည် ဆင့်ပွား ညစ်ညမ်း ပစ္စည်းများစွာအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းသည် မီးခိုးမြူများ (smog ) ကို ဖြစ်ပေါ်စေသည်။ 

 

 

ညစ်ညမ်းပစ္စည်းများသည် သဘာဝအရသော်လည်းကောင်း၊ လူသားများ၏ လုပ်ဆောင်ချက်များကြောင့်သော်လည်းကောင်း ဖြစ်ပေါ်နိုင်သည်။ အဓိက ညစ်ညမ်းပစ္စည်းများကို အောက်တွင် ဖော်ပြထားပါသည်။ 

 

 

အဓိကညစ်ညမ်းပစ္စည်းများ

 

 

(၁) ဆာလ်ဖာအောက်ဆိုက်များ  Sulphur Oxides (SOx) 

 

 

ယင်းတို့တွင် ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့ (SO2) သည် အဓိကကျပြီး ၎င်းဓာတ်ငွေ့ကို မီးတောင်များနှင့် စက်မှုလုပ်ငန်းမျိုးစုံမှ ထုတ်လွှတ်သည်။ ကျောက်မီးသွေး၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများတွင် ဆာလ်ဖာ (ကန့်) ပါဝင်သဖြင့် ယင်းတို့ လောင်ကျွမ်းသည့် အခါတွင်လည်း SO2 ဓာတ်ငွေ့ကို ထုတ်လွှတ်သည်။ မိုးရွာသည့်အခါ SO2 များသည် မိုးရေ (H2 O) နှင့် ပေါင်းပြီး ဆာလ်ဖျူရစ်အက်စစ် (H2 SO4) ဖြစ်သွားသည်။ ကျောက်မီးသွေး လောင်စာသုံးစွဲမှုများသည် ဒေသများ၌ အက်စစ်မိုးရွာသွန်းခြင်းသည် ဤအချက်ပင်ဖြစ်သည်။ အက်စစ်မိုးသည် အပင်ငယ်များကို ပျက်စီးစေနိုင်သည်သာမက ရေသတ္တဝါများကိုပါ ထိခိုက်စေနိုင်သည်။ ဤဓာတ်ငွေ့သည် စူးရှပြီး မနှစ်မြို့ဖွယ် အနံ့ရှိသည်။ ရှူရှိုက်မိပါက နှာခေါင်းနှင့် လည်ချောင်းများကို ယားယံစေသည်။ ချောင်းဆိုးစေသည်။ အသက်ရှူရခက်ခြင်း၊ ခေတ္တအသက်ရှူပြတ်ခြင်းသို့မဟုတ် ရင်ဘတ် တစ်ဝိုက်တင်းကျပ်သည့် ဝေဒနာခံစားရရှိနိုင်သည်။

 

 

(၂) နိုက်ထရိုဂျင်အောက်ဆိုက်များ (NO) 

 

 

ယင်းတို့တွင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (NO2) ဓာတ်ငွေ့သည် အဓိကကျပြီး အပူချိန် အလွန်မြင့်မားစွာ လောင်ကျွမ်းသောအခါ (NO2) ကို ထုတ်လွှတ်သည်။ လျှပ်စစ်မုန်တိုင်းများ ကျရောက်သည့် အခါတွင်လည်း (NO2) ဓာတ်ငွေ့များ ထုတ်လွှတ်သည်။ နီညိုရောင်နှင့် စူးရှသော အနံ့ရှိပြီး အဆိပ်ဖြစ်စေသည့် ဤဓာတ်ငွေ့သည် လေထုညစ်ညမ်းမှုဖြစ်စေသော ပစ္စည်းများအနက် အရေးပါသည့် ဓာတ်ငွေ့တစ်ခုဖြစ်သည်။ (NO2) ကို အချိန်ကြာမြင့်စွာ ရှူရှိုက်မိပါက ချောင်းဆိုးရင်ကျပ်နာ ဖြစ်ပွားနိုင်သည်။ အဆုတ်၏ လုပ်ငန်းစဉ်ကိုလည်း ယုတ်လျော့စေနိုင်သည်။ ထို့ပြင် ပန်းနာရင်ကျပ်ရှိသူများအား ပို၍ထိခိုက်လွယ်သည်။ ပန်းဝတ်မှုန်နှင့် ဓာတ်မတည့် (allergic) ) သူများအနေဖြင့် NO2 ကို ရှူရှိုက်မိပါက allergic) ပို၍ ဖြစ်စေသည်။

 

 

(၃) ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ (CO) 

 

 

ယင်းသည် အရောင်နှင့် အနံ့မရှိသည့်ပြင် ယားယံမှုကို မဖြစ်စေသော်လည်း အဆိပ်ပြင်းသည့် ဓာတ်ငွေ့တစ်ခုဖြစ်သည်။ ဤဓာတ်ငွေ့ကို သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် ထင်းလောင်စာများ အပြည့်အဝ မီးမလောင်သည့်အခါတွင် (incomplete combustion) ထုတ်လွှတ်သည်။ အဆိုပါဓာတ်ငွေ့ကို မော်တော်ယာဉ်များ၏ အိတ်ဇောပိုက်များမှ အဓိကထုတ်လွှတ်သည်။ ဤဓာတ်ငွေ့ ပါဝင်မှုများသည့်လေကို ရှူရှိုက်မိပါက ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့် ခြင်းစသည်များကို ဖြစ်စေသည်။ ကြာကြာရှူရှိုက်မိပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ အိပ်ပျော်နေသူများ၊ အရက်မူးလွန်နေသူများ ဖော်ပြပါ လက္ခဏာများမပြမီမှာပင် သေဆုံးနိုင်သည်။

 

 

(၄) အငွေ့ပျံလွယ်သည့် အော်ဂဲနစ်ဒြပ်ပေါင်းများ -  Voltaic Organic Compounds (VOCs) – 

 

 

VOCsများတွင် အဓိက မီသိန်းဓာတ်ငွေ့နှင့် မီသိန်းမဟုတ်သော VOCs rsm; (Non-Methane VOCs - NMVOCs) ဟု နှစ်မျိုးရှိသည်။ မီသိန်းဓာတ်ငွေ့သည် ကမ္ဘာကြီးပူနွေးမှုဖြစ်စေရာတွင် အလွန်အရေးပါသည့် ဓာတ်ငွေ့ဖြစ်သည်။ NMVOC များအနက် ရနံ့မွှေးသော အရိုမက်တစ် (aromatic)၊ ဘင်န်ဇင်း (benzene )၊ တိုလင်း (toluene) နှင့် ဇိုင်လင်း (xylene) ) တို့သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု သံသယရှိကြပြီး ယင်းတို့နှင့် ကြာရှည်စွာ ထိတွေ့မှုများပါက သွေးကင်ဆာရောဂါဖြစ်စေနိုင်သည်။ 1,3 – butadiene သည်လည်း အန္တရာယ်များသော ဒြပ်ပေါင်းတစ်ခုဖြစ်သည်။

 

 

(၅) အလွန်သေးငယ်သော ညစ်ညမ်းအမှုန်များ  Particulates (also referred to as articulate Matter -PM) – 

 

 

ဤညစ်ညမ်းအမှုန်များ (အစိုင်အခဲရောအရည်ပါ) သည် ဓာတ်ငွေ့များတွင် တွဲလွဲဆိုင်းနေကြသည်။ ယင်းအမှုန်များသည် မီးတောင်များမှ ထွက်သော အခိုးအငွေ့များ၊ ဖုန်မုန်တိုင်းများ (dust storm ) တွင် သဘာဝအရပါဝင်ပြီး သစ်တောများနှင့် မြက်ခင်းကြီးများ မီးလောင်ရာတွင်လည်း ထွက်ရှိသည်။ လူတို့၏ လုပ်ဆောင်ချက်အနေဖြင့် စက်တပ်ယာဉ်ယန္တရားများ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် အခြားစက်ရုံများ၌ ရုပ်ကြွင်းလောင်စာများ သုံးစွဲရာတွင်လည်း ထုတ်လွှတ်သည်။ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာနှင့် ယင်းထက်ငယ်သော ညစ်ညမ်းအမှုန်များကို "PM2.5" ဟုလည်းကောင်း၊ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက် ကြီးပြီး အချင်း ၁၀ မိုက်ခရိုမီတာထက် ငယ်သော ညစ်ညမ်းအမှုန်များကို PM10 ဟုလည်းကောင်း သတ်မှတ်ခေါ်ဝေါ်သည်။ လူ၏ ဆံခြည်ပင်သည် အချင်း 17 m မှ 181 m ရှိသဖြင့် PM2.5 အမှုန်သည် လူ့ဆံပင်၏ ၇၂ ပုံတစ်ပုံ (၁/၇၂) မှ ခုနစ်ပုံတစ်ပုံ (၁/၇) ခန့်သာရှိသည်။ ထို့ကြောင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲတိုင်ရောက်ရှိနိုင်သည်။ ဤအမှုန်များ လေထုထဲတွင် များပြားနေပါက လူသားများ၏ ကျန်းမာရေးကို ထိခိုက် နိုင်သည်။ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနှင့် အဆုတ်၏ လည်ပတ်မှုကို ပြောင်းလဲစေနိုင်သည်။

 

 

(၆) အဆိပ်သင့်စေသော သတ္တုများ (Toxic Metals ) –

 

 

ယင်းတို့သည် ခဲ (lead )၊ ပြဒါး (quicksilver mercury) နှင့် ယင်းတို့ ပါဝင်သော ဒြပ်ပေါင်းများ ဖြစ်ကြသည်။ 

 

 

(၇) အမိုးနီးယား - Ammonia (NH3) – 

 

 

ဤဓာတ်ငွေ့သည် စူးရှသော အနံ့ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများမှ ထုတ်လွှတ်မှုများသည်။ 

 

 

(၈) အနံ့ဆိုးများ - 

 

 

အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ၊ မိလ္လာနှင့် အညစ်အကြေးများနှင့် စက်မှုလုပ်ငန်းများမှ ထုတ်လွှတ်သည်။

 

 

(၉) ရေဒီယိုသတ္တုကြွ ညစ်ညမ်းပစ္စည်းများ (Radioactive pollutants) –

 

 

နျူကလီးယားဗုံးစမ်းသပ်မှုများနှင့် နျူကလီးယားဓာတ်အားပေး စက်ရုံများမှ စိမ့်ထွက်မှုများ ဖြစ်ပေါ်သည့်အခါ ရေဒီယိုသတ္တုကြွ ညစ်ညမ်းပစ္စည်းများ လေထုအတွင်း ထုတ်လွှတ်သည်။

 

 

ဆင့်ပွားညစ်ညမ်းပစ္စည်းများ

 

 

ဆင့်ပွားညစ်ညမ်းပစ္စည်းများတွင် မီးခိုးမြူနှင့်မြေပြင်အနီးတွင်ရှိသော အိုဇုန်း ဓာတ်ငွေ့များ ပါဝင်သည်။ 

 

 

(၁) မီးခိုးမြူများ (Smog ) 

 

 

“ မီးခိုး ( smoke ) နှင့် “မြူ (fog) စကားလုံးနှစ်ခုကို ပေါင်းစပ်ပြီး မီးခိုးမြူ (smoke) ဟု ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ ရှေးယခင်ခေတ်က မီးခိုးမြူများသည် ကျောက်မီးသွေးများ မီးလောင်ကျွမ်းခြင်းမှ ထွက်ရှိသော မီးခိုးနှင့် ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပေါင်းစပ်ပြီး ဖြစ်ပေါ်ခြင်းဖြစ်သည်။ ယခုခေတ်တွင် ဖြစ်ပေါ်သော မီးခိုးမြူများမှာမူ မော်တော်ယာဉ်များ၊ စက်ရုံများမှ ထုတ်လွှတ်သည့် ဓာတ်ငွေ့များနှင့် ခရမ်းလွန်ရောင် (နေရောင်ခြည်မှ) တို့ ပေါင်းစပ်ကာ ထွက်ရှိလာသော ဆင့်ပွားညစ်ညမ်းပစ္စည်းများနှင့် လေထုအတွင်းရှိ အဓိက ညစ်ညမ်းပစ္စည်းများ ပေါင်းစပ်ပြီး အလင်းဓာတုအကျိုး (photochemical effect) အရ ထွက်ရှိလာခြင်းဖြစ်သည်။ မီးခိုးမြူများ ဖုံးလွမ်းမှု အလွန်များသည့်အခါတွင် မြို့ပြအုပ်ချုပ်ရေးအဖွဲ့များက ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပန်းနာ၊ နှလုံးစသည့် ရောဂါအခံရှိသူများ အဆောက်အအုံများ၏ ပြင်ပသို့ မထွက်ကြရန် သတိပေးချက်ထုတ်ပြန်လေ့ရှိပြီး ကျောင်းများကိုလည်း ပိတ်ခိုင်းသည်။

 

 

(၂) မြေပြင်ရှိ အိုဇုန်းဓာတ်ငွေ့များ (Ground Level Ozone ) – 

 

 

ဤဓာတ်ငွေ့များသည် နိုက်ထရိုဂျင် အောက်ဆိုက်များနှင့် အငွေ့ပျံလွယ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ ဓာတ်ပြုခြင်းဖြင့် ထွက်ရှိလာခြင်းဖြစ်သည်။ ယင်းတို့သည် တြိုပိုစဖီးယားဟုခေါ်သော မြေပြင်အနီးရှိ လေထုပထမအလွှာတွင် အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လူတို့၏ လုပ်ဆောင်မှုများကြောင့် ဖော်ပြပါ လေထုအလွှာတွင် ဤဓာတ်ငွေ့များ ပါဝင်မှုများသည့်အခါ လေထုညစ်ညမ်းမှု ပစ္စည်းတစ်ခုဖြစ်လာသည်။ (လေထုဒုတိယအလွှာဖြစ်သော စတြာပိုစဖီးယားမှ အိုဇုန်းလွှာရှိ အိုဇုန်းဓာတ်ငွေ့ များနှင့် မသက်ဆိုင်ပါ။)

 

 

WHO ၏လေထုအရည်အသွေးလမ်းညွှန်ချက်လူများ၏ ကျန်းမာရေးအတွက် စိတ်ချရသော တစ်နည်းအားဖြင့် ဘေးအန္တရာယ်ကင်းသော လေထု အရည်အသွေးနှင့် ပတ်သက်၍ WHO က WHO Guidelines for Air Quality" ကို ၁၉၈၇ ခုနှစ်က စတင်သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ်တွင် အနည်းငယ် ပြင်ဆင်ကာ ၂၀ဝ၅ ခုနှစ်တွင် ထပ်မံပြင်ဆင်ခဲ့သည်။ အထက်ဖော်ပြပါ ညစ်ညမ်းဓာတ်ငွေ့များနှင့် ညစ်ညမ်း အမှုန်များအနက် ကျန်းမာရေးကို ပို၍ထိခိုက်လွယ်သော ညစ်ညမ်းဓာတ်ငွေ့သုံးမျိုးနှင့် ညစ်ညမ်းအမှုန်နှစ်မျိုး၏ လေထုတွင် အများဆုံးရှိသင့်သည့် ပမာဏအသီးသီးကို သတ်မှတ်ပေးထားခြင်းဖြစ်ပါသည်။ လေထုတွင် ပြင်ပလေထု ( Outdoor Air or Ambient Air) နှင့် အဆောက် အအုံအတွင်းရှိ လေထု သို့မဟုတ် အိမ်တွင်းလေထု (Indoor Air ) ဟူ၍ နှစ်မျိုးရှိသည့်အနက် ယခုဖော်ပြသည့် သတ်မှတ်ချက်များသည် ပြင်ပလေထုအတွက်သာဖြစ်သည်။ 

 

 

 

 

 

 

အီးယူ၏ လေထုအရည်အသွေး စံသတ်မှတ်ချက်

 

 

ဥရောပသမဂ္ဂ (European Union – EU ) ကလည်း WHO နည်းတူ ယင်း၏အဖွဲ့ဝင် နိုင်ငံများအတွက် ထုတ်ပြန်ထားရှိသော လေထုအရည်အသွေး စံသတ်မှတ်ချက်များ” "EU Standards for Air Quality" ကို အောက်တွင် ဖော်ပြလိုက်ပါသည်။ European Environment Agency (EEA) က သတ်မှတ် ပေးခြင်းဖြစ်သည်။

 

 

 

 

 

(အီးယူ၏ သတ်မှတ်ချက်တွင် CO2 ဓာတ်ငွေ့မပါဝင်ကြောင်း တွေ့ရှိရသည်။)

 

 

 

(ဆက်လက်ဖော်ပြပါမည်)