လေစွမ်းအင်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းဖွင့်ပွဲကျင်းပ

ရန်ကုန် ၁၄ မတ်

 

ရန်ကုန်နည်းပညာတက္ကသိုလ်၊ စက်မှုအင်ဂျင်နီယာဌာနမှ မဲခေါင်-ကိုးရီးယား ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် “မြန်မာ နိုင်ငံကျေးလက် ဒေသများ ရေရှည်ဆက်လက်ဖွံ့ဖြိုးရေး အထောက်အကူပြု လေစွမ်းအင်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး” စီမံကိန်း၊ စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ယနေ့နံနက်ပိုင်း တွင် ကျင်းပသည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်၊ ဦးဝင်းခိုင်မိုးမှ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာမြင့်သိန်း မှ စီမံကိန်းအား ဖွင့်လှစ်ပေးခဲ့ပြီး မဲခေါင်အဖွဲ့အစည်းမှ စီမံကိန်းကျွမ်းကျင်သူ မစ္စတာ ငူရင်ကွမ်အမ်းမှ မဲခေါင် ဒေသနိုင်ငံများတွင် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ၏ အရေးပါမှုများအား ဆွေးနွေး ပြောကြားသည်။

 

 ထို့နောက် စီမံကိန်းတာဝန်ခံများမှ စီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြေားကြား ခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာခင်သန်းယုမှ မြန်မာနိုင်ငံ လေစွမ်းအင်ဆိုင်ရာ နည်းပညာကဏ္ဍနှင့် ပညာရေးတွင် အဆိုပါ စီမံကိန်း၏ အရေးပါမှုများအား ရှင်းလင်းပြောကြားသည်။

 

မဲခေါင်အဖွဲ့အစည်းသည် မဲခေါင်ဒေသနိုင်ငံများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူ ပြုနိုင်မည့် သုတေသန စီမံကိန်းများအတွက် အခြား မိတ်ဖက်အဖွဲ့ အစည်းများ၊ နိုင်ငံများနှင့် ချိတ်ဆက်၍ ရန်ပုံငွေများ ထောက်ပံ့ပေးသည့် အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ယခုစီမံကိန်းအားလည်း မဲခေါင်-ကိုးရီးယား ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ အမေရိကန်ဒေါ်လာ  (၂၁၄၅၅၇ ဒသမ ၂၀) ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ ဤစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လေစွမ်းအင်ဆိုင်ရာ နည်းပညာများ၊ စမ်းသပ်မှု စက်ကိရိယာ များနှင့် သုတေသနများ အောင်မြင် တိုးတက်လာနိုင်ခြင်း၊  လေစွမ်းအင်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားလားနိုင်ခြင်း၊ လေစွမ်းအင် ဆိုင်ရာ နည်းပညာရပ်များအား နိုင်ငံတကာ အဆင့်အတန်းမီ ချိတ်ဆက်ဆောင်ရွက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)