လျှောက်ပြန်သံပေး စက်မှုတော်လှန်ရေး ဂီတသံ

mdn

ကိုရင်ဩ - ရေးသားသည်

ကျွန်ုပ်တို့၏ က္ဘာကြီး ရင်ဆိုင်ကြုံတွေ့နေရသော ဒုက္ခများအနက် စီးပွားရေး ဒုက္ခများနှင့်ပတ်သက်၍     နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်သည့် “ကမ္ဘာ့စီးပွားရေးဖိုရမ်”က  လေးရက်တိုင်တိုင် ဆွေးနွေးပွဲ ပြုလုပ်သွားသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကမ္ဘာကြီး၏ ကြွယ်ဝမှု၊ လုံခြုံမှုနှင့်  ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆောင်ရွက်ကြရာတွင်ခလုတ်တံသင်းများ  မည်ကဲ့သို့  ရင်ဆိုင်ကြုံတွေ့နေရပုံကို လေ့လာရန် အာရုံဝင်စားမိလေ၏။

ဆွေးနွေးငြင်းခုံကြ

ဆွစ်ဇာလန်နိုင်ငံ  ဒါဗို့စ်မြို့၌  ဇန်နဝါရီ  ၂၂  ရက်မှ  ၂၅  ရက်အထိကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် ညီလာခံကြီးသည်ကား ဓန၊ အာဏာ၊ နိုင်ငံရေးတို့တည်းဟူသော  နိုင်ငံတကာ  “ရေဝေကြော”များ  ပေါင်းဆုံရာ ပလက်ဖောင်းတစ်ခုဖြစ်ပြီးလျှင် ယင်းနေရာ၌ ကမ္ဘာ့ခေါင်းဆောင်ကြီးများနှင့်စီးပွားရေးအုပ်စုကြီးများ၏  အမှုဆောင်အရာရှိချုပ်များ(ဝါ)  စီအီးအိုများ လိမ္မာရေးခြားရှိစွာ ဆွေးနွေးငြင်းခုံကြကာ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလေ့ရှိသည်ဟု ကျွန်ုပ် ရေးရေးရိပ်ရိပ် လေ့လာသိရှိရ၏။

ကမ္ဘာနှင့်ချီ၍ပြုလုပ်သော ဆွေးနွေးပွဲကြီးတစ်ရပ်ဖြစ်လင့်ကစား ယခုနှစ်၏ ဖိုရမ်ဆွေးနွေးပွဲသို့ မရောက်လာဘဲ ပျောက်ချက်သားကောင်းနေသူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပါပေတည်း။ “ကမ္ဘာနှင့်ချီကာ လက်တွဲညီညီဆောင်ရွက်ရေး(ဝါ)  ဂလိုဘယ်လိုက်ဇေးရှင်း”ဟူသော ဦးတည်ချက်ဆောင်ပုဒ်ဖြင့်   ကျင်းပသည့် နှစ်တွင်မှ   ကိုယ်တော်ချော    သမ္မတကြီး ရောက်မလာခြင်းကို နိုင်ငံတကာမီဒီယာများက ရေးကြီးခွင့်ကျယ် လုပ်ကာ ရေးချွတ်တင်ဆက်ကြသည်ကိုလည်း ကျွန်ုပ်သတိမူမိပြန်သည်။ 

အကယ်တ္တု  ဒါဗို့စ်မြို့သို့ သူမရောက်လာသည်မှာ  အရေးတကြီး ပြည်တွင်းရေးကိစ္စရပ်များကို ကိုင်တွယ် ဆောင်ရွက်နေရခြင်းကြောင့်ဖြစ်ပြီးလျှင် သူနည်းတူပင် ဆွစ်ဇာလန်နိုင်ငံ၏ အဲ့လ်ပ်တောင်တန်းဒေသရှိ ယင်းမြို့သို့ ဆိုက်ရောက်မလာနိုင်သူများမှာ  ဗြိတိန်ဝန်ကြီးချုပ်  ထရီစာမေနှင့်ပြင်သစ်သမ္မတ အီမင်နျူယယ် မေခရွန်တို့ ဖြစ်ကြလေသည်။

ရသုံးမှန်းခြေငွေစာရင်း(ဝါ)ဘတ်ဂျက်ကိစ္စ  သဘောတူညီမှုမရသေး သဖြင့်  အစိုးရယန္တရား  တစ်စိတ်တစ်ဒေသ  ရပ်တန့်နေရခြင်းမှာ  သမ္မတထရန့်၏  အစိုးရအဖွဲ့အတွက်  “ငါးပြေမ  ဆားပက်ခံရသလို”  ဖြစ်ခဲ့ရ၏။ ဝန်ကြီးချုပ် မေမှာမူ ဥရောပသမဂ္ဂ(အီးယူ)မှ သူ၏နိုင်ငံ နုတ်ထွက်ရေးနှင့်ပတ်သက်၍ နှစ်ဖက်အကြား သဘောတူညီချက်ရရှိရန် အလှမ်းဝေးကွာနေဆဲဖြစ်သဖြင့်  ချားရဟတ်ပမာ  တရစပ်  လည်ပတ်အလုပ် များနေချိန်ဖြစ်၏။ သမ္မတ  မေခရွန်မှာမူ  စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို  အကြောင်းပြု၍ လူထုက “အဝါရောင် ရောင်ပြန်ကုတ်အင်္ကျီ”(ဝါ) Yellow vest ဝတ်ဆင်လျက်လနှင့်ချီ ဆန္ဒပြမှုများကို ကိုင်တွယ် ဆောင်ရွက်နေရဆဲဖြစ်လေသည်။ 

အမျှင်မပြတ်

ကမ္ဘာကြီး၏ တိုးတက်မှုကို အမျှင်မပြတ် ဆက်စပ်စောင့်ကြည့်သည့်ဆွေးနွေးပွဲအဖြစ်  ကမ္ဘာ့စီးပွားရေးဖိုရမ်(ဝါ) WEF ကို  ၁၉၇၁  ခုနှစ်မှစ၍ နှစ်စဉ်  ကျင်းပလာခဲ့သည်မှာ  နှစ်ပေါင်း  ၅၀  ခန့်  ကြာမြင့်ခဲ့ပေပြီ။  ၁၉၈၇  ခုနှစ်တွင် WEF ဟူ၍    အမည်နာမ   ပြင်ဆင်ပြောင်းလဲခြင်းမရှိမီက “ဥရောပလုံးဆိုင်ရာ   စီမံခန့်ခွဲရေးဖိုရမ်” ဟူ၍  အမည်သညာ  ပေးခဲ့ကာ ဆွေးနွေးခဲ့ကြသည်။

ဆွစ်ဇာလန်နိုင်ငံ၏  ကျေးလက်ဒေသရှိ  ဒါဗို့စ်အမည်ရှိ ရွာသာသာ မြို့ငယ်လေးတွင် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင်များစုဝေးကာ ကမ္ဘာ့ရှေ့ရေးကို ရောက်တတ်ရာရာ   ဆွေးနွေးငြင်းခုံကြလေ့ရှိသည်။ 

“ကမ္ဘာနှင့်ချီ  ဆောင်ရွက်ခြင်း  စတုတ္ထမြောက်  စက်မှုတော်လှန်ရေး ခေတ်ကြီး ဖော်ဆောင်နိုင်ဖို့ ဗိသုကာ ပုံစံသစ် ပုံသွင်းခြင်း” ဟူသည်မှာကား ယခုနှစ် WEF ၏ ဦးတည်ချက်ဆောင်ပုဒ် ဖြစ်သည်။ ဉာဏ်ရည်တုနည်းပညာ၊  ကွမ်တမ်ကွန်ပျူတာနည်းပညာ၊  သရီးဒီပရင့်တင်းနှင့် အင်တာနက်နည်းပညာတို့ကို ရည်òန်းလျက် စတုတ္ထမြောက်စက်မှုတော်လှန်ရေးကြီးကို စတင်ဆင်နွှဲနေကြချိန်တွင် ယင်းတော်လှန်ရေး ကြီးတွင် နိုင်ငံများ လက်ရည်တစ်ပြင်တည်း ပါဝင်လာကြရန် လိုအပ်ပြန်ပေါ့ဟုကျွန်ုပ် တွေးဆမိ၏။ နည်းပညာပြောင်းလဲမှု ရေစီးကြောင်းထဲမျောပါခဲ့ကြသော ကမ္ဘာ့နိုင်ငံများမှာ  ယခုတစ်ကြိမ်တွင်မူ  စတုတ္ထ မြောက် စက်မှုတော်လှန်ရေးကြီးကို ဆင်နွှဲကြစို့ဟု ကြွေးကြော်ကျူးရင့်နေကြ၏။ 

၁၇၆၀ ပြည့်နှစ်တွင် အင်္ဂလန်၌ ရေနွေးငွေ့အင်ဂျင် တီထွင်ထုတ်လုပ်နိုင်ရာမှ ကုန်ထုတ်လုပ်မှုကို  မြှင့်တင်နိုင်ကာ  ပထမမြောက်  စက်မှုတော်လှန်ရေးကြီး စတင်ခဲ့၏။ နောင် နှစ်ပေါင်း ၁၀၀ ခန့်အကြာတွင်မူ အုံနှင့် ကျင်းနှင့်ထုတ်လုပ်နိုင်သောအဆင့်သို့ ဝင်ရောက်ကာ ဒုတိယမြောက် စက်မှုတော်လှန်ရေးကြီးကို  ဆင်နွှဲခဲ့ကြရာ  သံမဏိစက်ရုံကြီးများ၊  ရေနံချက်စက်ရုံကြီးများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ  ပေါ်ထွက် လာခဲ့၏။  ထိုကာလအတွင်း လျှပ်စစ်မီးသီး၊ တယ်လီဖုန်းနှင့် မော်တော်ကားအင်ဂျင်တို့ကို အမြောက်အမြား ထုတ်လုပ်လာနိုင်ကြ၏။

၁၉၆၀ ပြည့်လွန်နှစ်များအရောက်တွင်မူ တတိယမြောက် စက်မှုတော်လှန်ရေး  အစပြုခဲ့ပြီးလျှင်  ယင်းခေတ်ကြီးထဲတွင်  တစ်ပိုင်းလျှပ်ကူးကိရိယာ(ဝါ) ဆီမီးကွန်ဒတ်တာ၊  တစ်ကိုယ်ရေသုံးကွန်ပျူတာ(ဝါ)  ပီစီကွန်ပျူတာနှင့်ကွန်ပျူတာကွန်ရက် အင်တာနက်ချိတ်ဆက်မှုတို့ ပေါ်ပေါက်လာခဲ့ပြန်၏။

လူနေမှုဘ၀ ပြိုးပြိုးပြောင်ပြောင်

စတုတ္ထမြောက် စက်မှုတော်လှန်ရေးကြီး အစပျိုးမှုအဖြစ် ဉာဏ်ရည်တုနည်းပညာ(ဝါ) အေအိုင်နှင့် အော်တိုမက်တစ်စနစ်သုံး ယာဉ်များ (မောင်းသူမဲ့ကား၊  မောင်းသူမဲ့ယာဉ်  စသည်)တို့  ပေါ်ထွန်းလာခဲ့ပေပြီ။  နည်းပညာများ ပြောင်းလဲမှုနှင့်အတူ လူ့အဖွဲ့အစည်းအတွင်း ရုပ်ဝတ္ထုပိုင်းဆိုင်ရာ  လူနေမှုဘ၀ ပြိုးပြိုး ပြောင်ပြောင် ဖြစ်လာပြန်ပေါ့ဟု ကျွန်ုပ် ရှုမြင်မိပြန်သည်။

ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များ၊  သိပ္ပံပညာ ရှင်များ၊ လှုပ်ရှားတက်ကြွသူများဖြစ်သည့် လူပေါင်း ၃၀၀၀ တက်ရောက်ခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်  ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  အထူးမိန့်ခွန်း တစ်ရပ်ကို ဟောပြောခဲ့သည်။

စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၂၀ အုပ်စု(ဂျီ-၂၀)၏ ဥက္ကဋ္ဌတာဝန်ကို ရယူစဉ်အတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏        ကမကထပြုမှုနှင့်အတူ   နိုင်ငံတကာ ကုန်သွယ်ရေးဥပဒေစည်းမျဉ်းများ  အားကောင်းမောင်းသန်ဖြစ်လာစေဖို့၊ လွတ်လပ်သောကုန်သွယ်ရေးကို တိုးတက်မြှင့်တင်နိုင်စေဖို့ လုပ်ဆောင်သွား မည်ဟု ကတိကဝတ်ပြုခဲ့၏။

ကမ္ဘာ့စီးပွားရေးဖိုရမ်  ကျင်းပနေချိန်ကာလအတွင်း  တောင်အမေရိက တိုက်ရှိ  ဗင်နီဇွဲလားနိုင်ငံ၌  နိုင်ငံရေးပွဲဆူမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ   ဒါဗို့စ်မြို့သို့တိုင်အောင် ဂယက်ရိုက်ခတ်ခဲ့သည်ကို ကျွန်ုပ် သတိမူမိသည်။ 

ကိုလံဘီယာနှင့် ဘရာဇီး ခေါင်းဆောင်တို့က ကနေဒါနိုင်ငံခြားရေးဝန်ကြီး နှင့်အတူ  ဇန်နဝါရီ  ၂၃  ရက်က  ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ တွင်ဗင်နီဇွဲလားနိုင်ငံ၏သမ္မတ  မာဒူရို၏  ငြိုးသူရန်ဘက်ဖြစ်သူ  အတိုက် အခံထိန်းချုပ်သော  လွှတ်တော်၏ခေါင်းဆောင် ယွန်ဂွေယာဒိုအား  ထောက်ခံကြောင်း ငြာသံပေးခဲ့ကြ၏။

 ဗင်နီဇွဲလားတပ်မတော်မှာမူ သမ္မတ မာဒူရိုအား သစ္စာစောင့်သိရိုသေပါသည်ဟု  ကြေညာခဲ့ပြန်ရာ  အခြေအနေမှာ  နတ်ဝင်သည်ချင်း နဝင်းလှည့်သလိုဖြစ်ခဲ့ရ၏။ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွေယာဒိုက သူ့ကိုယ်သူ ကြားဖြတအစိုးရအဖွဲ့၏ သမ္မတအဖြစ် တစ်ဖက်သတ်ကြေညာခဲ့ပြီး သူ့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထောက်ခံမှုကိုပြသခဲ့ရာ အမေရိကန်သံတမန်များ နိုင်ငံအတွင်းမှ ၇၂ နာရီအတွင်း ထွက်ခွာသွားရန် သမ္မတမာဒူရိုက ရာဇသံထုတ်ဆင့်သောအခါ နိုင်ငံရေးဆီပူအိုးကို မီးပြင်းတိုက်သလိုဖြစ်ခဲ့ရသည်ဟုကျွန်ုပ်ရှုမြင်မိသည်။

ဒါဗို့စ်ညီလာခံ၌  အာဖဂန်နစ္စတန်သမ္မတ  မိုဟာမက်အာရှတ်ဂါနီက သူ၏နိုင်ငံတော်ကို ဒီမိုကရေစီဖြင့် အသက်သွင်းအံ့ဟု အာမဝ္တာပြုခဲ့သည်။ မိမိ၏နိုင်ငံတွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ဥပဒေသစ် ၃၉၀ အထိကို ပြဋ္ဌာန်း ပေးခဲ့ကြောင်း၊  နိုင်ငံရေးတွင်  အမျိုးသမီးဦးရေ  သိသာစွာ  တိုးလာခဲ့ပြီဖြစ်ကြောင်း သူက ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။

သဗ္ဗရနံပေါင်းစုံ

အာမေးနီးယား-အဇာဘိုင်ဂျန်၊ နာဂိုနို-ကရာဘတ် ပဋိပက္ခ၊ အနောက်ဘော်လ်ကန်ဒေသမှသည် ဆီးရီးယားအထိ  ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ အစ္စရေး-ပါလက်စတိုင်းဆက်ဆံမှု တိုးတက်ရေးအတွက် အထူး ဆွေးနွေးရေး၊ အုပ်စုဖွဲ့စည်းရေး၊ အာဖရိကဆာဟဲဒေသအရေး၊ ကိုရီးယားကျွန်းဆွယ်အရေး၊ ဥရောပ-ရုရှား ဆက်ဆံရေး၊ အာဖရိက-ဥရောပ ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး စသည့် အကြောင်းခြင်းရာ သဗ္ဗရနံပေါင်းစုံ ဆွေးနွေးငြင်းခုံခဲ့ကြ၏။

ကမ္ဘာ့စီးပွားရေးနှင့် လူမှုရေးအသွင်သစ်ကို  ဖော်ဆောင်ရာ တွင်က္ဘာ့နိုင်ငံများအချင်းချင်း ကျွမ်းကျင်မှု ကွာဟချက် လျှော့ချရေးဆောင်ရွက်သွားကြရန်လည်းကောင်း၊ ကျား၊ မ ကွာဟချက် ကျဉ်းမြောင်းရေး ကြိုးပမ်းသွားကြရန်လည်းကောင်း၊ ကမ္ဘာကြီး မာမာချာချာ သာသာယာယာရှိစေဖို့ရာ သီဥတုကိန်းညှိရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ လုပ်ဆောင်သွားကြရန်လည်းကောင်း၊ အီလက်ထရွန်နစ် အမှိုက်ပြဿနာကိုင်တွယ်သွား ကြရန်လည်းကောင်း၊ ကမ္ဘာ့အပူပိုင်းဒေသ သစ်တောထိန်းသိမ်းရေး အတွက်မဟာမိတ်ပြုဆောင်ရွက်သွားကြရန်လည်းကောင်း၊ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာကင်းဝေးရေး အာရုံစိုက်ကြရန်လည်းကောင်း အသီးသီး အသက အသက ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြလေသည်။ 

ထိုစဉ်အတွင်း စတုတ္ထမြောက် စက်မှုတော်လှန်ရေးအတွက်  ပြင်ဆင်ဆောင်ရွက်ရေး  အရပ်ဘက် အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန်၊  ပုဂ္ဂလိက- ပြည်သူပိုင် မိတ်ဖက်ပြုမှု  အစီအစဉ်ဖော်ဆောင်ရန်  စသည်ဖြင့်  များလှသောင်းသောင်း  အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်ဟု  ကျွန်ုပ်လေ့လာသိရှိရသည်။ 

ယခုနှစ်တွင်  ကျင်းပခဲ့သည့်  ကမ္ဘာ့စီးပွားရေးဖိုရမ်၏  အထူးခြားဆုံး အချက်အဖြစ်     စတုတ္ထစက်မှု တော်လှန်ရေးခေတ်သစ်ဆီသို့   ဦးတည်လျှောက်လှမ်းကြမည်ဆိုသော ကမ္ဘာ့နိုင်ငံများ၏ ကျယ်ကျယ် လောင်လောင်ကတိကဝတ်ပြုချက်ကို    အလေးမူမိရင်း  “လျှောက်ပြန်သံပေး      စက်မှုတော်လှန်ရေး ဂီတသံ”ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။   ။

Ref: Daily News.