လောကဓံကြောင့် စိတ်ဓာတ်တွေခိုင်မာလာတဲ့ ဆင်ဂယ်မေမေ

မန္တလေး ၂၄  ဇူလိုင်


မန္တလေးမြို့နဲ့ အလှမ်းမဝေးတဲ့ ပုသိမ်ကြီးမြို့နယ်ထဲက ကျဉ်းမြောင်းလှတဲ့ အခန်းတစ်ခုထဲမှာ ကိုယ်ဝန်ရင့်မာနဲ့ အမျိုးသမီးတစ်ဦး အိပ်ရာထဲလှဲနေတယ်။ အသိအကျွမ်းမရှိ၊ ဆွေမျိုးမရှိဘဲ အားကိုးရာမဲ့နေသူ တစ်ယောက်ရဲ့ ပူလောင်သောကတွေဟာ အသက်ရှူမွန်းကျပ်အထိ ဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်အတွက် ကျန်းမာရေး ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာမသိ၊ ဘယ်နေ့မွေးမယ်ဆိုတာမသိ ဒီလိုမသိမှုတွေကြားမှာ တစ်ကိုယ်တည်း သည်အခန်းကျဉ်းမှာ နေထိုင်တာ ၃ လတောင်ကြာခဲ့ပြီ။


‘အရမ်းစိတ်ဆင်းရဲတယ်။ တစ်ခါတလေကျရင် အိပ်ပြီးငိုပဲငိုနေတယ်။ မျက်ရည်တွေလည်း ခေါင်းအုံးမှာ စိုရွှဲနေတာ။ အိပ်နေရင်းလည်းငို ဒုက္ခရောက်တယ်’လို့ အတိတ်က အခက်ခဲတွေကို အသက် ၂၆ နှစ်အရွယ် မဟန်နီကို(အမည်လွှဲ)က ပြောပြပါတယ်။


မွန်းကျပ်မှုတွေ၊ စိတ်ဖိစီးမှုတွေကြားမှာ မွေးဖွားလာမယ့် ရင်သွေးလေးအတွက် အသက်ဆက်ရမယ်ဆိုတဲ့ အသိနဲ့ သည်အခက်ခဲတွေကို ရင်ဆိုင်ပစ်ခဲ့တယ်။


မဟန်နီကိုဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အတွင်းက ကျေးရွာတစ်ရွာမှာ နေထိုင်သူဖြစ်ပါတယ်။ မောင်နှမ ၅ ယောက်ရှိတယ်။ မိဘတွေကတော့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတယ်။ တက္ကသိုလ်ဝန်စာမေးပွဲကို ၂၀ဝ၆ ခုနှစ်က ဂုဏ်ထူး တစ်ဘာသာနဲ့ အောင်မြင်ခဲ့ကာ ကွန်ပျူတာတက္ကသိုလ်မှာ တက်ခဲ့တယ်။ ကွန်ပျူတာတက္ကသိုလ် ပထမနှစ်မှာ စာမေးပွဲကျတော့ ကျောင်းဆက်မတက်ပဲ နားခဲ့တယ်။ ကျောင်းနားနေစဉ်ကာလမှာ ဆရာ၊ ဆရာမ နည်းပါးသည့် ကျောင်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲသည်အချိန်တွေအထိ သူ့ဘဝမှာ စိတ်ပျော်ရွှင်စရာ၊ စိတ်ကျေနပ်စရာ တွေကြုံတွေ့ခဲ့ရတယ်။ စေတနာ့ဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် လုပ်ပြီးခဲ့တဲ့အချိန်မှာ လားရှိုးတက္ကသိုလ်မှာ အဝေးသင်နဲ့ ကျောင်းဆက်တက်ခဲ့တယ်။


မဟန်နီကိုဟာ ကျောင်းတက်နေစဉ်မှာပဲ ချစ်သူရည်စားထားခဲ့တယ်။ ချစ်သူရည်းစားဘဝမှာ သူ့ချစ်သူနဲ့ ကိုယ်ဝန်ရသွားခဲ့တယ်။ ချစ်သူကောင်လေးကို သူ့မှာ ကိုယ်ဝန်ရှိကြောင်းပြောပြီး လက်ထပ်ကြဖို့ပြောတဲ့အခါ ကောင်လေးက ငြင်းခဲ့တယ်။ လက်ထပ်ဖို့ ငြင်းဆန်တာအပြင် ဗိုက်ထဲက လူမမယ်ကလေးကို ဖျက်ချဖို့ပါ ပြောခဲ့တယ်လို့သိရတယ်။ အဲဒီအချိန်သူ့အသက်က ၂၂ ထဲရောက်နေပါပြီ။


‘ကောင်လေးက ဆယ်တန်း ဒုတိယအကြိမ် ဖြေနေတာ။ သူက ကိုယ်ဝန်ဖျက်ချခိုင်းတော့ ကိုယ်ဝန် ၅ လရှိနေပြီ။ သူ့ကပြောတယ် သူ ကလေးအဖေဖြစ်လို့ မရသေးဘူးတဲ့။ ကလေးကို ဖျက်ချခိုင်းရင်းက စကားများပြီး သူနဲ့လမ်းခွဲခဲ့တယ်’ လို့ ပြန်စဉ်းစားလို့တောင် မကောင်းတဲ့ အတိတ်အကြောင်း ကြိုးစားပြီး ပြောပြရှာတယ်။


ကိုယ်ဝန်ရှိနေတဲ့ အကြောင်းကို မိဘကိုလည်း အသိမပေးရဲခဲ့သလို မပြန်ရဲခဲ့ပေမယ့် ကလေးကို ရအောင်မွေးမယ်ဆိုတဲ့ မိခင်စိတ် ရင်ထဲမှာ အပြည့်ရှိနေခဲ့တယ်။ ကိုယ်ဝန် ၅ လကျော်လောက်မှာ ကလေးမွေးဖွားစရိတ် ရှာဖို့အတွက်  တရုတ်နိုင်ငံ ကျယ်ဂေါင်မှာသွားပြီး အလုပ်လုပ်ခဲ့တယ်။ ပထမတော့ ထမင်းဆိုင်မှာ လုပ်တယ်။ ကိုယ်ဝန်ကြောင့် ခြေထောက်ရောင်တာတွေ ဖြစ်လာတဲ့အတွက် ထမင်းဆိုင်မှာလည်း အဆင်မပြေခဲ့ဘူး။ ဒီလိုနဲ့ အနည်းငယ် သက်သာမယ်ထင်ရတဲ့ အလှပြင်ဆိုင်မှာ ပြောင်းအလုပ်လုပ်ခဲ့တယ်။ ခေါင်းလျှော်ရည်ဆိုင်မှာ မနက် ၄ နာရီထိုးဆို အိပ်ယာထရတယ်။ ည ၁၀ နာရီကျော်လောက်မှ အိပ်ရာဝင်ရတယ်။ တစ်ခါတလေ တစ်နေကုန် မတ်တပ်ရပ်ပြီး ခေါင်းလျှော်ပေးရတဲ့ ရက်တွေရှိခဲ့တယ်။ 


ဒါပေမယ့် သူ့ကိုနေစရာပေးထားတဲ့အတွက် တခြားရွေးချယ်စရာ လမ်းမရှိခဲ့ဘူး။ တနေ့တော့ သူ့အတွက် ပြောင်းလဲမှုတစ်ခုဖြစ်လာစေမယ့် အကြောင်းဖန်လာတယ်။ သူတို့အလှပြင်ဆိုင်ကို အလှလာပြင်တဲ့ မြန်မာလူမျိုး အမျိုးသမီးတစ်ဦးက သူနဲ့ အလုပ်လိုက်လုပ်ဖို့ ခေါ်တယ်။


‘တရုတ်နိုင်ငံထဲမှာ မြန်မာလူမျိုးချင်း တွေ့တာဆိုတော့ အရမ်းကို ခင်မင်အားကိုးမိတယ်။ မြန်မာလူမျိုးချင်းဆိုတော့ သူ့ကို ယုံတယ်။ အဲဒါနဲ့ အဲဒီအမျိုးသမီးနဲ့ အလုပ်လုပ် ဖို့လိုက်လာခဲ့တယ်’ လို့ ဆိုပါတယ်။


အဲသည်အမျိုးသမီးကို သူ့တို့နေတဲ့တိုက်ခန်းကိုခေါ်တယ်။ ဟိုရောက်မှ သိလိုက်ရတာက အဲသည်အမျိုးသမီးဟာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့လုပ်ငန်း လုပ်တယ်ဆိုတာပါပဲ။ ဟန်နီကိုက မူးယစ်ဆေးဝါကို ကိုယ်တိုင်မရောင်းရပေမယ့် အဲသည်အမျိုးသမီး ပစ္စည်းသွားပို့တဲ့အခါ အဖော်အဖြစ် လိုက်ရတယ်။


‘ကျယ်ခေါင်ထဲမှာနေပေမယ့် မြန်မာပြည်ကလူတွေက လာဝယ်ရင် သူတို့ချိန်းတဲ့နေရာကို သွားပို့ရတယ်။ အဲဒါဆိုလိုက်သွားရတယ်။ တစ်ခါတလေကျရင် အပေါက်မရှိတဲ့နေရာဆိုရင် ကျော်ခွပြီးသွားရတာ၊  နံရံတွေကိုခိုပြီး သွားရတာရှိတယ်။ ဗိုက်ကြီးကြီးနဲ့လုပ်ရတယ်။ အဲလိုမျိုးဆိုတော့ ကြောက်လာတယ်”လို့ ပြောပါတယ်။


သည်အလုပ်မှာ တစ်လကို တရုတ်ငွေ ယွမ် ၈၀ဝ ရလို့ အဆင်ပြေပေမယ့် အသက်ဘေး လုံခြုံရေးအတွက် စိုးရိမ်ရတာမို့ အလုပ်က ထွက်ခဲ့ပြန်ပါတယ်။ အလုပ်ကထွက်လာပြီး  ဘယ်သွားလို့ ဘယ်လာရမှန်းမသိ ဖြစ်နေတဲ့အချိန်မှာ ရွာမှာ ကျန်ခဲ့တဲ့ ညီမဆီကို ဖုန်းဆက်ပြီး သူ့ရဲ့အခက်ခဲတွေကို တိုင်ပင်ဖြစ်တယ်။ ကိုယ်တိုင်ဆုံးဖြတ်ရ ခက်ခဲနေချိန်မှာ ညီမဖြစ်သူရဲ့အကြံပေးမှုကို လက်ခံဖြစ်ခဲ့တယ်။ 


‘အငယ်မက သူ့လက်စွပ်ရောင်းပြီး မန္တလေးမှာ ကလေးသွားမွေးဖို့ပြောတယ်’ လို့ ဟန်နီကိုက သူ့ညီမရဲ့ အကြံဉာဏ်ကိုပြောပြတယ်။


မန္တလေးမှာပဲ သွားမွေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး မန္တလေးကို တစ်ယောက်တည်း ထွက်လာခဲ့တယ်။  သစ်သီးပွဲရုံတွေကို ဒေသထွက် သစ်သီးတွေလာပို့စဉ်ကသာ ရောက်ခဲ့ဖူးတဲ့မြို့မှာ ဘယ်သွားရမလဲဆိုတာ မစဉ်းစားတက်သလို၊ မသွားလည်း မသွားတတ်ခဲ့ဘူး။


မန္တလေး-လားရှိုး ရထားပေါ်က ဆင်းဆင်းချင်းမှာပဲ လုခေါ်ကြတဲ့ ဆိုင်ကယ် တက္ကစီသမားတွေထဲက ရိုးသားမယ်ထင်တဲ့ ဆိုင်ကယ်တက္ကစီသမား နှစ်ဦးကို သူ့ရဲ့အခက်ခဲကို ပြောပြပြီး အကူညီတောင်းခဲ့တယ်။ ဆိုင်ကယ်တက္ကစီသမား နှစ်ဦးလုံးဟာ သူ့မှာပါလာတဲ့ ပိုက်ဆံနဲ့လောက်ငှမယ်ထင်တဲ့ အိမ်ခန်းကျဉ်းကျဉ်းလေး တစ်ခု ငှားရမ်းပေးတယ်။ အစပိုင်းမှာတော့ ကူညီခဲ့တဲ့ ဆိုင်ကယ်တက္ကစီသမား နှစ်ဦးဟာ ဒုက္ခရောက်နေတဲ့ ကိုယ်ဝန်ဆောင်သည်ရဲ့ ပိုက်ဆံတွေကို လိမ်သွားမယ်လို့မထင်ပေမယ့် မန္တလေးရောက်ပြီး တစ်လခန့်ကြာတော့ ပိုက်ဆံပြတ်သွားလို့ ညီမဖြစ်သူက ငွေကျပ် တစ်သိန်းခွဲ လွှဲပေးတယ်။ လွှဲလိုက်တဲ့ပိုက်ဆံတွေကို ကလေးမွေးစရိတ်ရအောင် အတိုးပေးထားမယ်ဆိုပြီး အဲသည် တက္ကစီသမားနှစ်ဦးက ပိုက်ဆံတွေကိုလိမ်ညာယူသွားတာ ခံခဲ့ရတယ်။ တကယ်တမ်း ကလေးမွေးမယ်ဆိုတော့ ပိုက်ဆံက လက်ထဲမရှိတော့ဘူး။
တစ်ညမှာ သူရဲ့ မိန်းမကိုယ်ကနေ ရေတွေတော်တော်များများ စီးကျလာတယ်။  ရှိသမျှ ရွာကပါလာတဲ့ ထမိန် ၆ ကွင်းကို တစ်ကွင်းပြီး တစ်ကွင်းခုအိပ်လိုက်တယ်။ သိပ်မကြာပါဘူး ထမိန် ၆ ကွင်းလုံးစိုရွဲကုန်တယ်။ ဘာလို့ အခုလိုဖြစ်တယ်ဆိုတာလည်း သူမသိဘူး။ နောက်နေ့ မနက်စောစောမှာတော့ စိုရွှဲသွားတဲ့ ထမိန်တွေကို လျှော်တယ်။ ညနေပိုင်းမှာတော့ ဗိုက်ထဲက မနေနိုင်အောင် နာလာပြီ။ မီးစနဲ့ထိုးထားသလို သေလုအောင်နာ နေပြီ။ သူရဲ့ နာကျင်မှုကြောင့် အော်ဟစ်သံကို ဘေးအိမ်ကကြားတဲ့အတွက် ကလေးမွေးဖွားဖို့ ဆေးရုံကို တင်ပေးခဲ့ကြတယ်။ အိမ်နီးချင်းတွေ လိုက်လံကူညီပေးမှုနဲ့ သားယောက်ျားလေးတစ်ဦး မွေးဖွားခဲ့တယ်။ အခက်အခဲတွေကြားက သူ့ကို သမီးတစ်ယောက်လို ပြုစုပေးတဲ့ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက အစစအရာရာ ကူညီပေးတယ်။ သူ့ဆီက ပိုက်ဆံတွေလိမ်ယူသွားတဲ့ တက္ကစီသမားတွေထဲက ပိုက်ဆံ ပြန်ရအောင် ကူညီပေးတယ်။ မွေးဖွားပြီးနောက်ပိုင်း ငွေလိုနေတဲ့ ဟန်နီကိုအတွက် သူ့ရဲ့ အိမ်ထောင်စုဇယားတွေ ထားပြီး အသေးစားငွေချေး လုပ်ငန်းဆီကနေ ငွေတွေချေးပေးတယ်။


ကလေးမွေးပြီး တစ်လပြည့်တော့ အကြွေးတွေကလည်းဝိုင်းနေပြီ အလုပ်လုပ်မှ ဖြစ်တော့မယ်ဆိုတော့ အိမ်နီးချင်းအစ်မတစ်ဦးရဲ့ အကူညီနဲ့ KTV တစ်ခုမှာ စလုပ်ခဲ့တယ်။ သူအလုပ်လုပ်ချိန်မှာ သူ့ရဲ့ မွေးစားအမေလို့ ပြောရမယ့် အိမ်နီးချင်းအမျိုးသမီးက ကလေးကိုထိန်းပေးတယ်။


ရိုးသားတဲ့ တိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့ ဟန်နီကို့အတွက် ကေတီဗီမှာ လာတဲ့ဧည့်သည်တွေကို လိမ်ညာမပြောခဲ့ဘူး။


‘ညီမက အစကတည်းက မလိမ်တတ်ဘူး။ အပျိုလို့လိမ်မပြောတတ်ဘူး။ လာတဲ့ဧည့်သည်တွေက ဒီမှာဘာလို့ လာလုပ်တာလဲ ဆိုပြီးမေးတယ်။ ညီမကလည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကလေးရှိတယ် နို့မှုန့်ဖိုး၊ သေးခံဖိုး အလုပ်လုပ်မှ အဆင်ပြေမှာမလို့ လုပ်တာလို့ပြောလိုက်တယ်’လို့ ဆိုတယ်။


သူဒီလိုပြောလို့ တချို့က စာနာသနားတဲ့သူရှိသလို၊ တချို့အပျော်ရှာချင်သူတွေ အတွက်ကျ အဆင်မပြေပြန်ဘူး။ ရတဲ့ပိုက်ဆံလေးကို ခြိုးခြံချွေတာပြီး ဘွဲ့တစ်ခုရဖို့အတွက် ကျောင်းဆက်တက်ဖို့ ပြင်ဆင်ရတယ်။


သူ့ဘဝက အနိမ့်အမြင့်တွေ မညီခဲ့ဘူး။ ကေတီဗီမှာလုပ်ရင်း ကလေး ၅ လသားအရွယ်မှာ သူ့ဘဝကို စာနာနားလည်ပေးနိုင်တဲ့  မြေစာရင်းဦးစီးဌာနက အငြိမ်းစားဝန်ထမ်းတစ်ဦးနဲ့ တွေ့ခဲ့တယ်။ အဲသည် ဦးလေးဆိုတဲ့ သူက ကလေးစရိတ်၊ အိမ်လခ၊ အိမ်တွင်းလိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးတယ်။ 


‘ဦးလေးက လိုအပ်တာတွေ အကုန်ထောက်ပံ့ပေးတယ်။ KTV မှာ ဆက်မလုပ်နဲ့ဆိုတော့ ညီမလည်း ဆက်မလုပ်တော့ဘူး’လို့ ပြောပါတယ်။ ဦးလေးရဲ့ ထောက်ပံ့မှုတွေနဲ့ ကျောင်းဆက်တက်ခဲ့တယ်။ ငွေကြေးတတ်နိုင်တဲ့ ဦးလေး ဆိုပေမယ့် လိုအပ်တဲ့အသုံးစရိတ် ထက်ပိုပြီး မတောင်းခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။ 


နှစ်နှစ်လောက်ကြာတဲ့အချိန်မှာပဲ သူ့နဲ့ ဦးလေးရဲ့ဇာတ်လမ်း အဆုံးသတ်ဖို့ ဖြစ်လာခဲ့တယ်။  ဦးလေး ဆိုတဲ့သူဟာ ရိုးတွင်းချင်ဆီ ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တယ်။  ဆေးရုံ စတက်စဉ်ကတည်းကနေ ကွယ်လွန်သွားတဲ့ အချိန်ထိ အဆက်သွယ်မရခဲ့ဘူး။


ဦးလေး ကွယ်လွန်သွားတဲ့နောက်မှာတော့ သူ့ရဲ့သားလေးကို လက်မှာဆွဲပြီး မိဘအရင်းတွေရှိတဲ့ သီပေါမြို့နယ်ထဲက ဇာတိမြေကိုပြန်ခဲ့တယ်။ ဇာတိမြေရွာမှတော့ သားလေးကို မွေးစားသားအဖြစ်ပြောပြီး မိဘတွေဆီမှာ ထားခဲ့ပြီး အလုပ်အသစ်ရှာရန် ပြင်ဆင်ရပါတယ်။ 


ဘဝရဲ့ အနိမ့်အမြင့်ပေါင်းစုံကိုဖြတ်ကျော်လာခဲ့ရတဲ့ ဟန်နီကိုဟာ မန္တလေးမြို့က နာမည်ကြီး ဟိုတယ်တစ်ခုမှာ အလုပ်လျှောက်ခဲ့တယ်။ ကိုယ်ရေးအချက်အလက်မှာတော့ အပျိုဆိုပြီး ဖြည့်ခဲ့တယ်။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ အလုပ်ရခဲ့တယ်။ အလုပ်ရလို့ အဆင်ပြေခဲ့ပေမယ့် သူ့ ဘဝက အတိတ်ဟောင်းတွေအတွက် စိုးရွံ့နေခဲ့ရတယ်။ 


‘အဲဒီအလုပ်မှာစဝင်ခါစက လစာနည်းပေးမယ့် နောက်ပိုင်းကျတော့ လစာလည်း ပိုပေးတယ်။ အဆင်လည်း ပြေလာတယ်။ အဲဒီက ဝန်ထမ်းတွေအကုန်လုံးက ကိုယ့်ကို အပျိုလို့ပဲထင်ကြတာ။ ဒါပေမယ့် ရေရှည်ကျတော့ မလိမ်ချင်တော့ဘူး’လို့ ဆိုတယ်။


နာမည်ကြီးဟိုတယ်တစ်ခုမှာ အလုပ်မှာ အလုပ်ဆက်လုပ်သင့်မသင့် ချီတုံ ၊ချတုံ စဉ်းစားနေစဉ်မှာပဲ မန္တလာရောင်စဉ်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ခဲ့တယ်။ 


အမျိုးသမီးများနဲ့ သူ့တို့ရဲ့ ပတ်ဝန်းကျင်ကို စွမ်းဆောင်ရည်မြှင့်တင်ပေးနေတဲ့ မန္တလာရောင်စဉ် အဖွဲ့အစည်းနဲ့တွေ့ပြီးတဲ့နောက်မှာ  ဟိုတယ်ဝန်ထမ်းအလုပ်ကို ဆက်မလုပ်ဖို့ ဆုံးဖြတ်ချက်ခိုင်မာ သွားစေခဲ့တယ်။ 


မန္တလာရောင်စဉ်မှာ စက်ချုပ်သင်တန်းတွေတက်တယ်။ သင်တန်းသူတွေကို လုပ်ငန်းတစ်ခုမှာ ရင်းနှီးလုပ်ကိုင်နိုင်ရန် ငွေကျပ် ၅ သိန်းကို မန္တလာရောင်စဉ်က ထောက်ပံ့ပေးတယ်။ အဲသည်ကရတဲ့ အရင်းအနှီးနဲ့ အဝတ်အစား အရောင်းအဝယ်လုပ်တယ်။ စက်ချုပ်သင်တန်းက အခြေခံပဲတက်ရသေးတဲ့အတွက် နောက်အဆင့်တွေ ထပ်သင်ဖို့ ကြိုးစားမယ်လို့ ဟန်နီကိုကပြောတယ်။ 


လက်တလောမှာတော့ ဖိနပ်တွေကို ပင်ရင်းဆိုင်ကနေဝယ်ပြီး ပြန်ရောင်းတယ်။ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ဖိနပ်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ ကြိုးစားမယ်ဆိုပြီး ရည်ရွယ်ထားတယ်။ သူ့ရဲ့သားလေးက KG တက်နေပြီဆိုတော့ သူ့အတွက် ပိုက်ဆံရှာရမယ်။


အတိတ်က အခက်ခဲတွေကို မေ့ဖို့ကြိုးစားရင်း အခုချိန်ထိ Single Mother ဘဝကို ခံယူထားတယ်။ သူ့လို အမျိုးသမီးတွေအတွက် အားပေးစကားပြောချင်တာက ‘စိတ်ဓာတ်မကျဖို့ ၊ ခဏခဏ လဲမကျဖို့ ပြောချင်တယ်။ ကိုယ့်ကလေးရှေ့ရေး အတွက်ပဲ ကိုယ်ကြည့်ရမယ်။ စိတ်က ခုဆိုသန်မာနေပါပြီ။ အရင်တုန်းက တစ်ခုခုဆို ငါသေလိုက်ချင်တယ်ဆိုပြီး တွေးတာ၊ အဓိကက စိတ်ဓာတ်မကျပါနဲ့ စိတ်ဓာတ်ကို ခိုင်အောင်ထားပါ။ လောကဓံကြောင့် စိတ်ဓာတ်တွေလည်း ခိုင်မာလာပြီ’ လို့ ဟန်နီကိုက ပြောပါတယ်။


အိမို့မို့ခိုင်