လစ်ဗျားရွှေ့ပြောင်းသူများ လက်ခံစင်တာတွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွား ၄၀ ဦးသေဆုံး

၃ ဇူလိုင်

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော် ဆင်ခြေဖုံးတစ်ခုတွင် ရွှေ့ပြောင်းသူများ လက်ခံစင်တာ တစ်ခုကို ယမန်နေ့နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျန်းမာရေးဘက်ဆိုင်ရာ အာဏာပိုင်များ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကုလသမဂ္ဂထောက်ခံသည့် အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Malek Mersek က ထရီပိုလီမြို့တော်  Tajoura ရပ်ကွက်ရှိ ထိုစင်တာ တစ်ခုပေါ်သို့လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့်ယခုချိန်ထိ  အယောက် ၄၀ သေဆုံးခဲ့ပြီး အခြား ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့မနက်စောပိုင်းက ပြောကြားခဲ့သည်။

ထရီပိုလီမြို့လယ်မှ အရှေ့ဘက် ၁၅ ကီလိုမီတာအကွာ ရှိ Tajoura သည် မြေထဲပင်လယ် ကမ်းရိုးတန်းပေါ်တွင် တည်ရှိသည်။ ထိုလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သည့် နောက်ထပ် အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။

၎င်းလေကြောင်းတိုက်ခိုက်မှုပြီးလျှင်ပြီးခြင်း ထရီပိုလီအခြေစိုက် အစိုးရအဖွဲ့က ယင်းသို့ပြင်းထန်စွာတိုက်ခိုက်ခဲ့သည့်အတွက် ကာလီဖာ ဟက်ဖ်တာ ဦးဆောင်သည့် လစ်ဗျားအမျိုးသားတပ်မတော် (LNA) ကို ပြစ်တင်ဝေဖန်သည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အရှေ့အခြေစိုက်စစ်တပ်သည် အစိုးရ အခြေစိုက်ရာ မြို့တော် ထရီပိုလီ ကို   သိမ်းယူရန် ဧပြီလအစောပိုင်းကတည်းက စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများဖြစ်ရသည်ဟု ဖော်ပြထားသည်။ အပြစ်မဲ့အရပ်သားများကို ပစ်မှတ်ထားမတိုက်ခိုက်သင့်ကြောင်း (UNHCR) က တွစ်တာပေါ်တွင်ရေးသားဖော်ပြခဲ့သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို