လစ်ဗျားနိုင်ငံပေါက်ကွဲမှုတွင် ကလေးသုံးဦး ဒဏ်ရာရရှိသဖြင့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့က ဝမ်းနည်းကြောင်း ထုတ်ပြန်

၁၂ ဖေဖော်ဝါရီ

 

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)က လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ၏ အနောက်ဘက် အဘူအူစီကျေးရွာရှိ စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုတွင် ကလေး သုံးဦး ဒဏ်ရာရရှိမှုကို ဝမ်းနည်းကြောင်း  ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ပြီးခဲ့သည့် တနင်္လာနေ့မနက်ပိုင်းက မြို့တော် ထရီပိုလီမှ ၄၀ ကီလိုမီတာ အကွာ အယ်လ်ဂျီးလ်အယ်လ်ဆဒ် စာသင်ကျောင်းအနီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားမှုကြောင့် ကျောင်းသား သုံးဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)က အလွန်အမင်း ဝမ်းနည်းပါကြောင်း ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ပြောကြားထားသည်။

 

အပြည်အပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဉပဒေနှင့်အညီ ကလေးသူငယ်များအားလုံးအား အကာအကွယ်ပေးရန်နှင့် အန္တရာယ်မရှိစေရေး ကာကွယ်စောင့်ရှောက်ပေးရန် လစ်ဗျားနိုင်ငံ၏ ပြိုင်ဘက် ပါတီများအား ယူနီဆက်က တောင်းဆိုခဲ့သည်။

 

ကုလသမဂ္ဂ ကျောထောက်နောက်ခံအစိုးရ ကို ဖြုတ်ချပြီး ထရီပိုလီ မြို့တော်ကို သိမ်းပိုက်ရန် ကြိုးစားနေသော အရှေ့အခြေစိုက်စစ်တပ်သည် ထိုမြို့တော်အနီးတစ်ဝိုက်တွင်  ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ကာ စစ်ရေးလှုပ်ရှားမှုတစ်ခု ဦးဆောင်ပြုလုပ်ခဲ့သည်။

 

အဆိုပါ တိုက်ပွဲများကြောင့် ထောင်ချီရှိသောလူများ ဒဏ်ရာရ သေဆုံးခဲ့ကြပြီး အရပ်သား ၁၅၀၀၀၀ ကျော် မှာ နေအိမ်များမှ ထွက်ပြေးခဲ့ကြရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို