လစ်ဗျားဒေသဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ထရမ့်နှင့်အာဒိုဂန် ဆွေးနွေး

ဝါရှင်တန် ၄ ဇန်နဝါရီ

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တူရကီသမ္မတ အာဒိုဂန်ကို ယမန်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး လစ်ဗျားအရေးနှင့် အခြားသော ဒေသဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

 

ဆက်သွယ်ဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်က လစ်ဗျားအရေးနှင့်ပတ်သက်၍ နိုင်ငံခြားမှ ဝင်ရောက် စွက်ဖက်မှုသည် စစ်မက်ဖြစ်ပွားရာ လစ်ဗျားနိုင်ငံအတွင်းရှိ အခြေအနေကို ပိုမိုရှုပ်ထွေးစေလိမ့်မည်ဟု အာဒိုဂန်ကို ပြောကြားခဲ့သည်။

 

ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် အရပ်သားများ၏ အသက်လုံခြုံရေးအတွက် ဆီးရီးယားနိုင်ငံ အစ်ဒလစ်ဘ်မြို့တွင် ပဋိပက္ခများလျှော့ချရန်လည်း သဘောတူခဲ့ကြသည်။

 

တူရကီအတိုက်အခံပါတီတချို့က လစ်ဗျားနိုင်ငံအတွင်း တူရကီတပ်ဖွဲ့ဖြန့်ကြက်ခြင်းသည် တူရကီတပ်ဖွဲ့ဝင်များအတွက် အန္တရာယ်ရှိသည်ဟု သတိပေးခဲ့သော်လည်း လစ်ဗျားနိုင်ငံအတွင်း တူရကီတပ်ဖွဲ့တစ်နှစ်တာ ဖြန့်ကြက် ရေးဆိုင်ရာ အဆိုပြုချက်တစ်ရပ်ကို တူရကီပါလီမန်က ဇန်နဝါရီ ၂ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

၂၀၁၁ ခုနှစ်က လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ အသတ်ခံခဲ့ပြီးနောက်ပိုင်း အရှိန်မြင့်မားလာသော စစ်ပွဲ ကြောင့် ၂၀၁၄ ခုနှစ်တွင် မြို့တော်ထရီပိုလီအခြေစိုက် ကုလသမဂ္ဂကျောထောက်နောက်ခံပြုသည့် အမျိုးသား ညီညွတ်ရေးအစိုးရ(GNA)နှင့် နိုင်ငံ၏အရှေ့မြောက်ဘက် တိုဘရုခ်မြို့အခြေစိုက် ခါလီဖာဟာ့ဖ်တာဦးဆောင်သော လစ်ဗျားအမျိုးသားတပ်မတော်(LNA)နှင့် မဟာမိတ်ဖွဲ့ ထားသည့် အုပ်စုဟူ၍ လစ်ဗျားနိုင်ငံ၌ အုပ်စုနှစ်စုကွဲခဲ့ကြောင်း သိရသည်။

 

တူရကီနိုင်ငံနှင့် ၎င်း၏မဟာမိတ်ဖြစ်သော ကာတာနိုင်ငံ တို့သည် ဖာရက်ဇ်အယ်လ်ဆာရာ့ခ်ျ ဦးဆောင်သော အမျိုးသား ညီညွတ်ရေးအစိုးရကို ထောက်ခံအားပေးပြီး အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေဗျနှင့် အီဂျစ် နိုင်ငံတို့က လစ်ဗျားအမျိုးသားတပ်မတော်(LNA)နှင့် မဟာ မိတ်ဖွဲ့ထားသည့် အုပ်စုကို ထောက်ခံအားပေးခဲ့ကြသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ