လစ်ဗျား အနောက်ဘက်ကမ်းရိုးတန်းမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၇၅ ဦး ကို ကယ်ဆယ်

၂ သြဂုတ်
  

လစ်ဗျားနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းမှ တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၇၅ ဦး ကို နှစ်ရက်အတွင်း ကယ်ဆယ်ခဲ့သည်ဟု လစ်ဗျားပြည်ထဲရေးဝန်ကြီးက ယနေ့ ပြောကြားခဲ့သည်။

 

ထိုအာဏာပိုင်များ၏ ပြောကြားချက်အရ  ထရီပိုလီ မြို့တော်၏ အနောက်ဘက် ၁၂၀ ကီလိုမီတာ ခန့်အကွာ ဇူဝါရာ မြို့ ကမ်းရိုးတန်းမှ ထိုရွှေ့ပြောင်းသွားလာသူ ၄၇ ဦးကို ဗုဒ္ဓဟူးနေ့က ကယ်ဆယ်ခဲ့ပြီး ၂၈ ဦးကို ယမန်နေ့က ထပ်မံကယ်ဆယ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့က ထရီပိုလီ အရှေ့ပိုင်းတွင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၆၀ ဦး အလောင်းကို ပြန်လည်ရရှိခဲ့သည်။

 

လစ်ဗျားနိုင်ငံသည် ရွှေ့ပြောင်းသွားလာသူများအတွက် မြေထဲပင်လယ်ကိုဖြတ်သန်းပြီး ဥရောပသို့ သွားရောက်ရာလမ်းပေါ်ရှိ နေရာတစ်ခုဖြစ်သည်။ ယင်းသို့သွားရာလမ်းတွင် ရွှေ့ပြောင်းသွားလာသူအများအပြား ရေနစ်သေဆုံးခဲ့ကြသည်။

 

တရားမဝင် ရွှေ့ပြောင်းသွားလာသူများသည် ရာသီဥတု ကောင်းမွန်ချိန်တွင် ဥရောပသို့ ပိုမိုသွားရောက်ကြရာ  အထူးသဖြင့် လစ်ဗျားအနောက်ဘက် ကမ်းရိုးတန်းက ထွက်ခွာသွားကြသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို