နေပြည်တော် ဒီဇင်ဘာ ၈
အလုပ်သမားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် အလုပ်သမား ရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ် ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် ယနေ့မွန်းလွဲပိုင်းတွင် ရစ်ချဘူရီမြို့ရှိ Thai Tan Food စက်ရုံနှင့် Star Food စက်ရုံရှိ MoU မြန်မာအလုပ်သမားများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက Thai Tan Food စက်ရုံရှိ MoU မြန်မာ လုပ်သားများနှင့် တွေ့ဆုံရာတွင် ရရှိလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပေးပို့ကြရန်၊ Remi-tance Management System Mobile Application ဖြင့် မိသားစု များထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ဖြင့် လွှဲပို့ နိုင်ရေးဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်က အခွန် ၂ ရာခိုင်နှုန်း အကြောင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနကိုယ်စားလှယ်က EID စနစ်အကြောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားတစ်ဦးချင်းအား ထောက်ပံ့ငွေများပေးအပ်၍ အတူတကွ နေ့လယ်စာသုံးဆောင်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် Star Food စက်ရုံရှိ MoU မြန်မာလုပ်သားများ ကို တွေ့ဆုံ၍ Remittance Management System Mobile Application ဖြင့် တရားဝင် လမ်းကြောင်းမှ ငွေလွှဲစနစ် အကြောင်းကို ရှင်းလင်းပြောကြား၍ လက်တွေ့သရုပ်ပြသပြီး မြန်မာလုပ်သားများအနေဖြင့် လုပ်ငန်း ခွင် စည်းမျဉ်းစည်းကမ်းများ လိုက်နာရေးနှင့် အလုပ်သမား ဥပဒေပါရပိုင်ခွင့်များ ပြည့်ပြည့် ဝဝရရှိရေး အခြေခံ ဗဟုသုတများ သိရှိထားရန်၊ လုပ်ငန်းခွင်အခက်အခဲပြဿနာများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ မြန်မာအေဂျင်စီများထံ ဆက်သွယ်ရန်၊ အလုပ်သမား သံအရာရှိရုံးနှင့် ဝန်ကြီးဌာနသို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံရန် ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားတစ်ဦး ချင်းအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာသံအမတ်ကြီး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ သည် ထိုင်းဘတ် ၅ သန်း ကုမ္ပဏီ The First Good Man Group Co., Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာ တာဝန်ရှိသူများက ထိုင်းဘက်ခြမ်းတွင် MoU စနစ်အရ လုပ်ငန်းစဉ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဘတ် ၅ သန်း အေဂျင်စီအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို မျှမျှတတ ဝန်ဆောင်မှုပေးရန် ပြောကြားသည်။
သတင်းစဉ်