လားရှိုးမြို့သို့ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်လာသူများနေရပ်သို့ ပြန်လည်ထွက်ခွာ

လားရှိုး  ၇ ဇွန်

လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုရှိ မန်ပြိန်းကျေးရွာမှ ကျေးရွာနေပြည်သူများအား ရှမ်းတိုင်းရင်းသားလက်နက်ကိုင် (SSPP) အဖွဲ့က လာရောက် ခြိမ်းခြောက်မှုကြောင့် စိုးရိမ်စိတ်ဖြင့် လားရှိုးမြို့  အမှတ် (၉) ရပ်ကွက်၊ နယ်မြေ (၃) ရှိ လားရှိုး အနောက်ပိုင်း ကချင်နှစ်ခြင်းအသင်းတော်သို့ ဇွန်လ ၅ ရက်က တိမ်းရှောင်လာခဲ့ကြသည်။ အီနိုင်းကျေးရွာ အုပ်စု မန်ပြိန်းကျေးရွာ၌ မြေယာအရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုရာ၌ ကျေးရွာနေပြည်သူများ၏ လုပ်ကိုင် စားသောက်သော မြေများဖြစ်သည့်အတွက် သဘောမတူရာမှ ခြိမ်းခြောက်ခံရမှုကြောင့် လားရှိုးမြို့သို့ တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိမ်းရှောင်လာကြသူ တိုင်းရင်းသားပြည်သူများအား ဇွန်လ ၆ ရက် နံနက် ၁၀ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု (၄၆) စု၊ လူဦးရေ(၁၉၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ဖိုးငွေတစ်ဦးလျှင် (၂၁၀ဝ) ကျပ်နှုန်းဖြင့် (၁၉၆)ဦးတို့အတွက် (၄၁၁၆၀ဝ) ကျပ် အားလည်းကောင်း၊ လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဆန် (၅) အိတ်၊ အမှတ်(၆၂၆) ထောက်ပံ့ရေးတပ်ရင်းက ဆန် (၁) အိတ်၊ ဆီ (၅) ပိဿာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငွေကျပ်(၁)သိန်း၊ လားရှိုးမြို့ လူမှုကူညီရေး အသင်းများ၊ ပရဟိတအသင်းများကလည်း ထမင်းထုပ်များနှင့် ရေသန့်များကို လှူဒါန်းပေးခဲ့ကြသည်။

စိုးရိမ်မှုကြောင့် တိမ်းရှောင်လာသူ တိုင်းရင်းသားပြည်သူများတွင် မူလတန်းကျောင်းသား၊ ကျောင်းသူ (၂၅) ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ (၇) ဦးပါရှိခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ မြို့နယ်ပညာရေးမှူးရုံးနှင့်ပေါင်းစပ်ကာ ပညာဆက်လက်သင်ကြားနိုင်ရေးဆောင်ရွက်ခဲ့ပြီး ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မိမိတို့၏ နေရပ်သို့ပြန်နိုင်ရေးအတွက်၊ လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်ဦးစီးကွပ်ကဲသော ရတခမရ (၃၂၄) စစ်ကြောင်းက ပြောင်းရွေ့မှုအတွက် စောင့်ရှောက်ကူညီပေးလျက်ရှိနေပြီး၊ လားရှိုးမြို့ရှိ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)