လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းကိရိယာများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ 

နေပြည်တော်  ၂၇   မေ 

 

ရှမ်းပြန်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ဟိုခိုကျေးရွာအုပ်စု၊ ဂျာရန်ကျေးရွာနေ ရွမ်ကျုံး(ခ) ပေါင်ဆာ့ဇော်နော်၏နေအိမ်မှ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မူးယစ်တပ်ဖွဲ့စု လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်နယ်မြေရဲစခန်း မယ(ပ)၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) /၂၁ အမှုဖြစ်သည့် ဆီဘောက်ဆာယာဉ်အတွင်းမှ ဘိန်းဖြူ ၄၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၅ ဒသမ ၁ သိန်းပြား ဖမ်းဆီးရမိသောအမှုမှကွင်းဆက်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်စဉ် လားရှိုးမြို့နယ်၊ ဟိုခိုကျေးရွာအုပ်စု၊ ဂျာရန်ကျေးရွာနေ ရွမ်ကျုံး(ခ)ပေါင်ဆာ့ဇော်နော် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် ၎င်းအားမတွေ့ရှိဘဲနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၄,ဝ၀ဝ၊ ဘိန်းစိမ်း ၅၄ ဒသမ ၅ ကီလို၊ ဘိန်းဆီခဲ ၁ ဒသမ ၂ ကီလို၊ တရုတ်စာတန်းပါယမ်းပျော့တောင့်  ၇၅၀ ၊ Acetic Acid  ၁၀  လီတာ၊ ဘိန်းဖြူဘလောက်တုံး(အကြေမှုန့်) သုည ဒသမ ၁၁ ကီလို၊ ပွိုင့် ၃၀ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၆ ခု၊ ကျည်  ၁၀၉ တောင့်၊ တူမီးသေနတ် ၁ လက်၊  အီကွေးမင့် ၂ ခု၊ လက်ပစ်ဗုံး ၅ လုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းနှင့်ကိရိယာများအားသိမ်းဆည်း ရမိခဲ့သဖြင့် ရွမ်ကျုံး(ခ)ပေါင်ဆာ့ဇော်နော်(၄၆) နှစ်(ဖမ်းမမိသေး)အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN