လားရှိုးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ

လားရှိုး ၁၅   ဇွန်

 

လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်(၁၀)နာရီခွဲခန့်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်။

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ရပ်ကွက်ကျေးရွာအတွင်း ဆောင်ရွက်နေသော ဖွံ့ဖြိုးတိုးတက်မှုများကို ရှင်းလင်းတင်ပြသည်။

 

mdn

 

ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ 

 

 တက်ရောက်လာကြသော ပြည်သူများက ပုန်းထွန်းကျေးရွာအုပ်စုအတွင်းရှိ မြေယာနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်နေမှုများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ၊ ပညာရေးဆောင်ရွက်မှုများ၊ သစ်တောကြိုးဝိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးပြသနာများ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြရာ သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

 

လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးကြူကလည်း တောင်သူများ၏ စိုက်ပျိုးမြေများတွင် လက်ရှိအဖြစ်များနေသော ဖောငမြှောင်တောင်ပိုးကာကွယ်ရေးအတွက် နည်းလမ်းများ ပို့ချပေးခဲ့ပြီး မြေစာရင်းဆိုင်ရာကိစ္စရပ်များမှ  ပုံစံ(၇)နှင့်ပတ်သက်၍ တောင်သူများ နားလည်နိုင်ရန်အတွက် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးနိုင်ဝင်းထွေးက အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)