လားဟူရိုးရာ နှစ်သစ်ကူးပွဲတော်ကို မိုင်းဖြတ်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုင်းဖြတ် ၁၃ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် (၂၆)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက် ၁ဝ နာရီက မိုင်းဖြတ်မြို့နယ် မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့သည်။

 

ပွဲတော်သို့ ရှမ်းပြည်နယ် လားဟူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးယောသပ်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးစိုးတင့်နှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ရပ်နီးရပ်ဝေးမှ လားဟူတိုင်းရင်းသားများ တက်ရောက် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ပွဲတော်သို့တက်ရောက်လာကြသည့် ဘိုးဘွား၊ မိဘများ၊ ဆရာသမားများနှင့် အကြီးအကဲများအား ရိုသေလေးစား ဂါရဝပြုခြင်းနှင့် နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်တွင် စင်ကြယ်စေရန် ရိုးရာဓလေ့ဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာ ပြုလုပ်ခဲ့ကြသည်။

 

 

ရှေးဦးစွာ ရှမ်းပြည်နယ် လားဟူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးယောသပ်နှင့် နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး စိုးတင့်တို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးထံမှ (၂၆) ကြိမ်မြောက် စုပေါင်း လားဟူ တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်သို့ ပေးပို့သောသဝဏ်လွှာကို လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၏သမီး မယေ့နန်းနွယ်က ဖတ်ကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် လားဟူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် ဇနီးတို့က မိုင်းဖြတ်မြို့နယ် လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီသို့ အလှူငွေ ကျပ်ငါးသိန်းနှင့် သဝဏ်လွှာအား ပေးအပ်ပြီး မိုင်းဖြတ်မြို့နယ် လားဟူတိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုကော်မတီက တက်ရောက်လာသည့် အကြီးအကဲများအား လားဟူတိုင်းရင်းသားရိုးရာ အမှတ်တရ နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်သည်။

 

ဆက်လက်၍ လားဟူတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၏ဇနီး ဒေါ်အီဆင်းတောင်းက အကပဒေသာအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးမောရှေက ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားပြီး လားဟူတိုင်းရင်းသားရိုးရာ မြေဝိုင်းအကများ၊ တေးသရုပ်ဖော်အကများ၊ အိုးစည်ဗုံမောင်းအကများဖြင့် ကပြဖျော်ဖြေကြသည်။

 

အဆိုပါနှစ်သစ်ကူးပွဲတော်ကို လားဟူတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ ဆက်လက် ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ ရပ်နီးရပ်ဝေးမှ လားဟူတိုင်းရင်းသားများ ပြန်လည်ပေါင်းစည်း တွေ့ဆုံချစ်ကြည် ရင်းနှီးမှုရှိစေရန်၊ အခြားတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန်၊ သွေးစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ နှစ်စဉ်အထွတ်အမြတ်ထား ကျင်းပလျက်ရှိကြောင်း၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်း နှစ်သစ်ကူးပွဲတော်ကို ထင်ရှူးပင်များ အဖူး၊ အညွန့်ဝေဆာစွာ ထွက်သည့်အချိန်၊ ချယ်ရီပန်းများ ဖူးပွင့်သည့် အခါသမယအချိန်၌ ကျင်းပလေ့ရှိရာ ယင်းနှစ်သစ်ကူးပွဲတော်မှာ လားဟူတိုင်းရင်းသားများ ကျင်းပသည့် ပွဲလမ်းသဘင်များအနက် အစည်ကားဆုံး ပွဲတော်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)