ကယားပြည်နယ်သို့ ပြည်တွင်းပြည်ပမှ ခရီးသွားများ လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုများပြား

လွိုင်ကော်  ၁၈  ဧပြီ   

 

၂၀၁၈ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း ကယားပြည်နယ်သို့ ရပ်ဝေးရပ်နီးနှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှုသည် ယင်ခင်နှစ်ကထက် ပိုမိုများပြားလာကြောင်း၊ ခရီးသွား ဧည့်သည်များသည် ကယားပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးမှ အထင်ကရ နေရာများဖြစ်သည့် လွိုင်ကော်မြို့ ကျက်သရေဆောင် သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)၊ မြို့နာမ်စေတီ၊ သဘာဝလိုဏ်ဂူများဖြစ်သည့် အောင်သပြေဂူ၊ လွယ်တမူဂူနှင့် ထူးခြားဆန်းပြားပြီး ပဟေဠိများဖြင့် ပြည့်နက်နေသော အခေါင်းတလားများ တည်ရှိရာ ကြတ်ဂူ၊ လောပိတရေတံခွန် အလှအပများ၊ ထီးစဲခါးရေတံခွန်၊ ရာဇဝင်ထဲက ဒွေးမယ်နော် ညီအစ်မ ခုနစ်ဖော်တို့ မြူးတူးပျော်ပါး ရေဆော့ကစားလေ့ရှိသည့် ကန်ခုနစ်ဆင့်နှင့် ငွေတောင်ဆည်တို့တွင် အပန်းဖြေခြင်း၊ ရေကစားခြင်း၊ ထီးပွင့်ကန် စသည့် အထင်ကရ နေရာများသို့ ဘုရားဖူးရင်း အပန်းဖြေကြခြင်းနှင့် ဖရူဆိုမြို့နယ်၊ မော်သီဒိုကျေးရွာအနီး ထီးပရူနူ လိုဏ်ဂူအား သွားရောက်လေ့လာခြင်းဖြင့် စည်ကားလျက် ရှိကြောင်း သိရှိရသည်။

 

 

ထို့အပြင် ကယန်းလူမျိုးတို့ တည်ရှိရာ ကယန်းရွာဖြစ်သည့် ပန်ပက်ကျေးရွာတွင် မှီတင်းနေထိုင်ကြသည့် ကယန်း(ပဒေါင်) တိုင်းရင်းသား လူမျိုးတို့၏ နေထိုင်မှု ဓလေ့စရိုက်များ၊ ရှေးဟောင်း ကယားများ၏ ရိုးရာဓလေ့များ လေ့လာကြပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးကာ ကယန်း တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပါဝင်သော အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူကြကြောင်း သိရသည်။ 

 

ကိုစိုင်း(လွိုင်ကော်)