ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(လွိုင်ကော်)သို့ ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့

လွိုင်ကော်   မတ်   ၁၁

 

ကယားပြည်နယ် အစိုးရအဖွဲ့မှ  ပြည်နယ်ပြည်သူ့ဆေးရုံကြီး(လွိုင်ကော်)သို့ O2 40Lအိုး လှူဒါန်းခြင်း၊ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်းနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား ထောက်ပံ့ခြင်း အခမ်းအနားကို မတ် ၁၀ ရက် နံနက်ပိုင်းက လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်သူများ၏ ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်နိုင်ရေးအတွက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ လိုအပ်ချက်ဖြစ်သော အောက်စီဂျင် အိုးများကို ပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံလှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိမှု၊ ဝန်ထမ်းကောင်းပီသမှု၊ ပြည်သူများကို အလုပ်အကျွေးပြုမှုများအပေါ် ချီးကျူးဂုဏ်ပြုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဝန်ထမ်းများ၏ နေထိုင်ရေး၊ လုံခြုံရေးအဆင်ပြေစေရေးအတွက် နေ့စဉ်စီမံဆောင်ရွက်ပေးနေပြီး ကယားပြည်နယ်တွင် အချိန်ပြည့် မီးပြန်လည်ရရှိရေးအတွက် စီမံဆောင်ရွက်ပေးနေကြောင်း၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများခရီးသွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် အဝေးပြေး မော်တော်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေးကို စီမံဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူ အသုံးပြုနေသော ဈေး၊ ကျောင်းနှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများပါ စနစ်တကျဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးနေကြောင်း အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ကလွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ O2 40Lအိုး အလုံး ၅၀ နှင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က လက်ခံရယူခဲ့ပြီး ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေသော ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေးစကား ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပြည်နယ်ပြည်သူ့ဆေးရုံကြီး (လွိုင်ကော်)ရှိ ကလေးလူနာကုသဆောင်၊ ကွန်ပျူတာဓာတ်မှန် CT Scan ခွဲစိတ်ကုသဆောင်နှင့် Oxygen Plant ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြပြီး ဆေးကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)