ကြူကုတ်-ဝမ်တိန်တံတား ပြန်လည်ပြုပြင်မွမ်းမံရန် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ပန်ဆိုင်း ဩဂုတ် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ နှစ်နိုင်ငံနယ်စပ် ကြူကုတ်-ဝမ်တိန် တံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ဇူလိုင် ၂၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မူဆယ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်ကျော်မိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့် ဌာနဆိုင်ရာများ၊ ယူနန်ပြည်နယ်ခွဲ၊ ရွှေလီပြည်ပရေးရာဌာန၊ ဒုတိယ ပြည်ပရေးရာ ဌာနမှူး ဒေါ်ဖြူဖြူဝင်း ဦးဆောင်သည့် အဖွဲ့သည် ဩဂုတ် ၉ ရက် နံနက်ပိုင်းက နှစ်နိုင်ငံနယ်စပ် ကြူကုတ်-ဝမ်တိန်တံတား မြန်မာဘက်၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့သည်။

အဆိုပါ တံတားပြုပြင်ခြင်းကို တစ်ဖက်နိုင်ငံမှ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် မသက်ဆိုင်သူများ  ဝင်ရောက်မှုမရှိစေရေးအတွက် မြန်မာဘက်ခြမ်း တံတားထိပ်ပြင်ပ  ယခင် ကာရံထားသည့် သုံးမီတာမှ ယခုထပ်မံ၍ ကိုးမီတာခန့် နောက်ဆုတ်ကာ ဘရိတ်ဓား သံဆူးကြိုးဖြင့်  ယာယီခြံစည်းရိုး ထားရှိခြင်း၊ တရုတ်နိုင်ငံဘက် တံတားညာဘက်ခြမ်း ကပ်ခုံတစ်လျှောက်နှင့် မြန်မာနိုင်ငံ ဘက်ခြမ်း တံတားကပ်ခုံတစ်လျှောက် မီတာ ၅၀ စီအတွင်း ကျောက်စီမြေထိန်းနံရံ ပြုလုပ်ခြင်း  စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း(ပြန်/ဆက်)