နေပြည်တော် ၁၇ ဧပြီ
ငှက်ဖျားရောဂါ
ငှက်ဖျားရောဂါ၏ ယေဘုယျလက္ခဏာများမှာ ချမ်းတုန်ပြီး ကိုယ်ပူဖျားခြင်း၊ ချွေးအလွန်ထွက်ပြီး အဖျားကျသွားခြင်း၊ ရက်ခြား ဖျားခြင်းပုံစံဖြင့် ဖျားတတ်ပါသည်။
ဖြစ်ရသည့်အကြောင်းများနှင့် ရောဂါဖြစ်စဉ်
ငှက်ဖျားရောဂါသည် ငှက်ဖျားပိုးသယ်ဆောင်သော အနော်ဖိလိခြင် (Anopheles) ကိုက်ခြင်းမှ တဆင့်ကူးစက်ပြီး ငှက်ဖျားကပ်ပါးပိုး (Malaria parasite) ပလတ်စ်မိုဒီယမ်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါတစ်မျိုး ဖြစ်သည်။
လူတွင်ဖြစ်သော ပလတ်စ်မိုဒီယမ် ကပ်ပါးပိုး(၄)မျိုး ရှိပါသည်။ ၄င်းတို့ထဲမှ ဖယ်လ်ဆီပါရမ်ပိုးသည် ပြင်းထန် ငှက်ဖျားရောဂါအဆင့်သို့ ရောက်ရှိဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ် ရှိပါသည်။ ငှက်ဖျားပိုးကောင်ရေများသူ၊ ကိုယ်ခံအားနည်းသူ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များတွင်လည်း ရောဂါပိုမို ပြင်းထန်တတ်သည်။
ငှက်ဖျားပိုး သယ်ဆောင်ထားသော အနော်ဖိလိခြင်သည် လူကိုကိုက်သောအခါ သွေးထဲမှ တဆင့် လူ၏ အသည်းကလာပ်စည်းထဲသို့ ငှက်ဖျားပိုးများ ရောက်ရှိပွားများပါသည်။ ၄င်းမှတဆင့် သွေးနီဥအတွင်းတွင် ထပ်မံပွားများပြီး သွေးနီဥများ ပျက်စီးစေသည့်အတွက် သွေးအားနည်းခြင်းနှင့် အခြားနောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပွားစေနိုင်သောကြောင့် စနစ်တကျ ကုသရန် လိုအပ်ပါသည်။
စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ထိရောက်သော ကုသမှု ချက်ချင်းပေးနိုင်ရန် လိုအပ်ပါသည်။
ပြင်းထန်ရောဂါလက္ခဏာများ
• တခြားသူအကူအညီမပါဘဲ မတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ မထိုင်နိုင်ခြင်း
• ပါးစပ်မှ ဆေးမသောက်နိုင်အောင် အော့အန်ခြင်း
• အလွန်အမင်း အဖျားတက်ခြင်း
• ကယောင်ကတမ်းဖြစ်ခြင်း
• ငိုက်မျဉ်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ရန်လိုခြင်း၊ ပတ်ဝန်းကျင်ကို စိတ်မဝင်စားတော့ခြင်း၊ အပြုအမူ၊ အမူအရာ ပြောင်းလဲခြင်း
• တက်ခြင်း၊ မေ့မျောခြင်း
• အလွန်အမင်း သွေးအားနည်းခြင်း၊ မျက်လွှာဖြူခြင်း
• မျင်စိဝါးခြင်း၊ အသားဝါခြင်း
• ခြေဖျား၊ လက်ဖျားအေးစက်ပြီး သွေးလန့်သော လက္ခဏာများရှိခြင်း
• မှိန်းလွန်းခြင်း
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
• ဇက်ခိုင်ခြင်း
• အသက်ရှူရခက်ခြင်း၊ ရင်အလွန်ကြပ်ခြင်း
• ဆီးမည်းမည်းသွားခြင်း၊ ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
• သွေးယိုစီးမှုများရှိခြင်း
ပြင်းထန်ငှက်ဖျားရောဂါလူနာမှာ အရေးပေါ်ကုသရန် လိုအပ်ပြီး ဆေးရုံသို့ ချက်ခြင်းလွှဲပြောင်းပေးရန် အရေးကြီးပါသည်။
ငှက်ဖျားရောဂါ စမ်းသပ် စစ်ဆေးခြင်း ဆောင်ရွက်ရန်
၁။ သွေးဖောက်၍ ငှက်ဖျားပိုးအမျိုးအစား စစ်ဆေးရပါမည်။
• သွေးမှန်ပြားကို စစ်ဆေးနိုင်ပါသည်။
• အမြန်သွေးစစ်ကိရိယာ (RDT/ Rapid Diagnostic Test ) ဖြင့်လည်း စစ်နိုင်ပါသည်။
• အမျိုးသမီးများ (အသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်း) ငှက်ဖျားဖြစ်ပါက ကိုယ်ဝန်ရှိမရှိ မေးမြန်းစစ်ဆေးပါ။
၂။ ပိုးတွေ့ပါက ပြင်းထန်ရောဂါလက္ခဏာရှိ/မရှိ စစ်ဆေးပါ။
၃။ ရောဂါပိုးတွေ့ရှိမှုနှင့် ပြင်းထန်ရောဂါလက္ခဏာများ ရှိ/မရှိပေါ် မူတည်၍ လိုအပ်သော ကုသမှု၊ လွှဲပြောင်းပေးပို့မှုများ ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
ကာကွယ်နိုင်မည့် နည်းလမ်းများ
• ငှက်ဖျားပိုး သယ်ဆောင်သောခြင်သည် အဓိကအားဖြင့် ညအခါတွင် ကိုက်လေ့ရှိသော်လည်း မည်သည့်အချိန် မည်သည့်နေရာမဆို ခြင်ထောင်ဖြင့်အိပ်ခြင်း (အထူးသဖြင့် ဆေးစိမ်ခြင်ထောင်ဖြင့်အိပ်ခြင်း)
• ခြင်ကိုက်ခံရခြင်းမှ ကင်းဝေးရန် အဝတ်အစား လုံလုံခြုံခြုံဝတ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီ ရှည်ဝတ်ခြင်း
• အဝတ်အစားလွတ်နေသော လက်၊ ခြေတို့အား ခြင်မကိုက်စေသည့် ဆေးလိမ်းခြင်း
• ခြင်ခိုအောင်နိုင်သော အိမ်အနီးရှိ ခြုံနွယ် ပိတ်ပေါင်းများကို ရှင်းလင်းခြင်း
• ရပ်ကွက်ကျေးရွာအနီးရှိ စိမ့်၊ စမ်း၊ ချောင်းများကို ခြက်မပေါက်ပွားစေရန် ရေစီးရေလာကောင်းအောင် လူထုအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း
• ပိုးလောက်လန်းစား ငါးများကို ရေတွင်းရေကန်များတွင် ထည့်ခြင်းတို့ဖြင့် ငှက်ဖျားရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ပါသည်။
ငှက်ဖျားရောဂါသည် စောစီးစွာ သိရှိကုသမှုခံယူပါက အသက်အန္တရယ်ထိခိုက်မှု အလွန်နည်းပါးသောကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာန၊ ငှက်ဖျားစေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားသို့ (၂၄)နာရီအတွင်း အမြန်ဆုံးသွားရောက် သွေးစစ်ဆေးပြီး ဆေးကုသမှု ခံယူကြပါရန် လိုအပ်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါသည် ဒင်ဂီးဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပွားပါသည်။ အဆိုပါ ရောဂါသည် သွေးလွန်တုပ်ကွေးပိုးသယ်ဆောင်သည့် ခြင်ကျား အကိုက်ခံရခြင်းမှတဆင့် ကူးစက်ဖြစ်ပွားသည်။
ထိုခြင်များ၏ ခန္ဓာကိုယ်တွင် အဖြူအစက်များ ပါရှိသည့်အတွက် ခြင်ကျားဟု ခေါ်ခြင်းဖြစ်သည်။ ခြင်ကျားများသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားကြပြီး နေ့အခါတွင် လူများကို ကိုက်လေ့ရှိပါသည်။
သွေးလွန်တုပ်ကွေးရောဂါတွင် ဒင်ဂီးအဖျားရောဂါ (Dengue fever)၊ သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic fever) နှင့် သွေးလန့်ခြင်း (Dengue shock syndrome) ဟူ၍ အဆင့်ဆင့် ဖြစ်ပွားတတ်သော ရောဂါဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် အသက်(၁၅)နှစ်အောက်တွင် အများဆုံး ဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိပါသည်။ ကျား/မ မရွေး တောရောမြို့ပါ နေရာမရွေး ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်သည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အဖြစ်အများဆုံး ဖြစ်သည်။
သွေးလွန်တုပ်ကွေး လက္ခဏာများသည် ရောဂါပိုးသယ်ဆောင်ထားသည့် ခြင်ကိုက်ခံရပြီး ပျမ်မျှ(၄)ရက်မှ (၆) ရက်အကြာတွင် စတင်ပြသပါသည်။
ရောဂါလက္ခဏာများ
(က) ဒင်ဂီးအဖျား (Dengue Fever) ရောဂါတွင် ရုတ်တရက်လတ်တလော အဖျားတက်လာခြင်းနှင့် အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင့်နှင့် တစ်ခါတစ်လေတွင် ခန္ဓာကိုယ်၌ အစက်အပြောက်များ ပေါ်လာခြင်းတို့ ဖြစ်တတ်ပါသည်။
ထို့ကြောင့် ပုံမှန်ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါနှင့် ကွာခြားမှု မရှိသောကြောင့် များသောအားဖြင့် ဒင်ဂီးအဖျားမှန်း မသိလိုက်ကြပါ။ သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့် စစ်ဆေးတိုင်းတာကြည့်ပါက လက်ဖျံတွင် အစက်အပြောက်များ ပေါ်လာသည်မှလွဲ၍ အခြားစိုးရိမ်ရသည့် လက္ခဏာများမရှိပါ။
မိဘများ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများအနေနှင့် တုပ်ကွေးဖျား (အထူးသဖြင့် ကလေးသူငယ်များ)ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေကို အစဉ်အမြဲ ထည့်သွင်းစဉ်းစားရပေမည်။ ရာသီတိုင်းတွင် သွေးလွန်တုပ်ကွေး ဖြစ်တတ်သည်။
(ခ) သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic fever)နှင့် သွေးလန့်ခြင်း (Dengue shock syndrome) စိုးရိမ်ရသည့် လက္ခဏာများမှာ
• ခန္ဓာကိုယ်တွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များ အန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း
• ခန္ဓာကိုယ်တွင် ထိခိုက်သကဲ့သို့ သွေးခြေဥသကဲ့သို့ အနီကွက်များ ဖြစ်ပေါ်လာခြင်း
• ကိုယ်အပူချိန် ရုတ်တရက်ကျဆင်သွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)
• ရုတ်တရက် ဗိုက်အောင့်လာခြင်း
• ဂနာမငြိမ်ဖြစ်ခြင်း (သို့) အရမ်းမှိန်းလာခြင်း
• ခြေဖျား၊ လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း
• သွေးပေါင် အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း
• အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် (၂၀) မီလီမီတာ မာကျူရီ (သို့) ထို့ထက်နည်းခြင်း
• အစာ/ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ် အန်ခြင်း၊ စသည်တို့ဖြစ်ပါသည်။
၄င်းစိုးရိမ်ရသည့် လက္ခဏာတစ်ခုခု တွေ့ရှိခဲ့ပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ချက်ချင်း ခေါ်ဆောင်ပြသရန် လိုအပ်ပါသည်။
ဒင်ဂီးအဖျား (Dengue fever) တွင်
(က) ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေ စောင့်ကြည့်ခြင်း)
(ခ) ကိုယ်ပူချိန်အတွက် ပါရာစီတမော (Paracetamol) တိုက်ကျွေးနိုင်ခြင်းနှင့် ရေဖတ်တိုက်ပေးခြင်း၊ ပါရာစီတမော (Paracetamol)မှာ ကိုယ်ပူချိန်အတွက် သာမက နာကျင် ကိုက်ခဲနေသူများအတွက်လည်း အသုံးပြုပါသည်။ အခြားကိုယ်ပူကျဆေး၊ အကိုက်အခဲပျောက်ဆေး အက်စ်ပရင်(Aspirin)ကဲ့သို့ ဆေးများကို လုံးဝ မသုံးစွဲရပါ။ ထိုးဆေးများသည် သွေးယိုစီးခြင်းရှိနေပါက ပိုဆိုးစေသည့်အတွက် ဖြစ်ပါသည်။
(ဂ) အရည်ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်သဖြင့် ဓာတ်ဆားရည်သောက်ခြင်း၊ အသီးအနှံဖျော်ရည်များ သောက်ပေးခြင်းတို့ ပြုလုပ်ရပ်မည်။ နို့တိုက်ကလေးငယ်ကို မိခင်နို့ ဆက်လက် တိုက်ကျွေးရန်ဖြစ်ပါသည်။
(ဃ) ဖျားနေသည့် ကလေးကို အစားသောက်မကျွေးခြင်းမျိုးကို မပြုလုပ်သင့်ပါ။ ကလေးစားချင်သောက်ချင်စိတ် ရှိမည်ဆိုပါက မည်သည့်အစားအစာမဆို ကျွေးနိုင်ပါသည်။ သို့သော် ကလေးကို အညိုရောင်အရည်များ (ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ မိုင်လို၊ အိုဗာတင်း) တိုက်ကျွေးခြင်းကို ရှောင်ရပါမည်။
အဘယ့်ကြောင့်ဆိုသော် သွေးလွန်တုပ်ကွေးဖြစ်သည့် ကလေးများသည် အစာအိမ်လမ်းကြောင်း တလျောက်တွင် သွေးကြောလေးများမှ သွေးယိုစိမ့်ပြီး အညိုရောင်များ အန်တတ်သဖြင့် ကော်ဖီသကဲ့သို့ အညိုရောင်ရှိသည့် အရည်များ တိုက်ကျွေးသည့်အခါ ခွဲခြားရခက်ခဲသောကြောင့် ဖြစ်ပါသည်။
အင်ဂီးအဖျား(Demgue fever)တွင် အောက်ပါအချက်များရှိလျှင် ဆေးရုံတင်ရမည်။
• ဆေးရုံနှင့် အသွားအလာခက်သည့် နေရာတွင် နေသူများ၊ ပို့ဆောင်ရေး ခက်ခဲသည့်ဒေသတွင် နေသူများ
• သွေးဥမွှားအရေအတွက် ၁၀ဝ အောက်ကျနေသူများ၊ သွေးလန့်သည့် လက္ခဏာရှိသူများ
• နှာခေါင်းသွေးယို၊ သွားဖုံးသွေးယိုစသည့် သွေးယိုစီးသည့် လက္ခဏာရှိနေသူများ
• အလွန်အမင် အန်နေခြင်း၊ အရည်မသောက်နိုင်ခြင်းတို့ ဖြစ်နေသည့်သူများ
• သက်ဆိုင်ရာ တာဝန်ခံဆရာဝန်မှ ဆေးရုံတက်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ပေးထားသူများ
ဆေးရုံဆေးခန်းတို့ အချိန်မီမရောက်ရှိပါက နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာဆေးရုံမှ တာဝန်ခံဆရာဝန်၏ ခွင့်ပြုသည့် အချိန်မတိုင်သေးဘဲ ဆင်းပါက ဆိုးကျိုးများဖြစ်ပြီး ကလေးကို ထိခိုက်မည်ဖြစ်ကြောင်း မိဘ(သို့)မိသားစုဝင်များကို သတိပေးပြောကြားထားသင့်ပါသည်။ ဆေးရုံဆင်းပြီးပါက တစ်ပတ်အနားယူရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဟုတ်/မဟုတ် အတည်ပြုရာ၌ ရောဂါလက္ခဏာများ၊ လူနာစမ်းသပ်မှုများနှင့်သာ အတည်ပြုပါသည်။ များသောအားဖြင့် Tourniquet Test စမ်းသပ်ခြင်းဖြင့် စမ်းသပ်စစ်ဆေး အတည်ပြုပါသည်။
Tourniquiet Test ဆိုသည်မှာ သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့် စစ်ဆေးတိုင်းတာပါက လက်ဖျံတွင် အနီအစက်ပြောက်များ ပေါ်လာခြင်းရှိ/မရှိ စစ်ဆေးခြင်းဖြစ်သည်။
ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ
၁။ ကျန်းမာရေးအသိပညာပေးခြင်းနှင့် မှန်ကန်သော အလေ့အကျင့်များ ပေါ်ထွန်းလာစေရေး
• သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများကို ပြည်သူလူထုသို့ အသိပညာပေးခြင်း
• ခြင်ကျား၊ ပိုးလောက်လန်း နှိမ်နှင်းရေးလုပ်ငန်းစဉ်များ သင်ကြားပေးခြင်း (ဥပမာ- ဖုံး၊ သွန်၊ လဲ၊ စစ်၊ခပ်၊လောင်း၊ ထောင်၊ ဖွင့်၊ မြှပ်၊ ရှင်း၊ မှုတ်လုပ်ငန်းစဉ်များ)
• ရောဂါဖြစါပွားမှုများလာပါက၊ နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီ သတင်းပေးပို့ရန် အသိပညာပေးခြင်း
• ခြင်ဆေးမှုတ်လုပ်ငန်းများကို သွေးလွန်တုပ်ကွေးလူနာရှိသော နေအိမ်နှင့် မီတာ(၃၀ဝ)ပတ်လည် အတွင်းရှိ သွေးလွန်တုပ်ကွေး ဖြစ်စေသော ခြင်သေစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းပြခြင်း။
၂။ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ခြင်ကျားပိုးလောက်လန်းနှိမ်နင်းခြင်း
(က) ရပ်ကွပ်အလိုက်၊ ရွာအလိုက် လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များ-
• တစ်ပတ်လျှင် အနည်းဆုံး(၁)ကြိမ်၊ ရပ်ကွက်လုံးပြည့်၊ ရွာလုံးပြည့် ပိုးလောက်လန်း နှိမ်နင်းသည့်လုပ်ငန်းကို ဆောင်ရွက်ရန်
• ခြင်ကျား၊ ပိုးလောက်လန်း အဓိကပေါက်ပွားတတ်သော အိမ်တွင်း၊ အိမ်ပြင်ရှိ ရေသိုလှောင်ထားသည့် အိုးခွက်များ (ဥပမာ- စဉ့်အိုး၊ အုတ်ရေကန်၊ ဘုရားပန်အိုး၊ နတ်စင်အိုး စသဖြင့်)ကို ဖုံး၊ သွန်၊ စစ် ဆောင်ရွက်ရန်၊ ပြည်သူ့ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ် ကျန်းမာရေးအဖွဲ့များကို ပြည်သူထူထုမှ ဝိုင်းဝန်းကူညီပေးရန်
• မလိုအပ်သည့် အိုး၊ ခွက်၊ ဘက်ထရီအိုး၊ တာယာဟောင်းစသည်တို့ကို စနစ်တကျ မြေမြုပ်ပစ်ရန်
• ရေအောင်းပြီး ခြင်ပေါက်ပွားနိုင်သော ဝါးငုတ်၊ သစ်ခေါင်းများကို ရှင်းလင်းရန်၊ မြေဖို့ခြင်း ဆောင်ရွက်ရန်
• မသွန်နိုင်၊ မလှယ်နိုင်သော ရေစည်၊ ရေကန်များတွင် ပိုးလောက်လန်းသတ်ဆေး (အဘိတ်ဆေး) ခတ်ရန်
အဆိုပါ လုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများရှိ လူထုမှ အဓိကဆောင်ရွက်ရန် ဖြစ်သည်။
(ခ) ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျားကင်းစင်သည့် ကျောင်းများထူထောင်ခြင်း၊
• အဓိကအားဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရပါမည်။ ကျောင်းသား/ သူများကို ကျန်းမာရေးပညာပေးခြင်းဖြင့် ကလေးသူငယ်များ၏ ဗဟုသုတကို မြှင့်တင်ပေးနိုင်သည်။
• သောကြာနေ့တွင် ဆရာ/ ဆရာမများမှ ကျောင်းသား/ သူများအား ပိုးလောက်လန်းစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ စနေ၊ တနင်္ဂနွေနေ့များတွင် မိမိတို့၏ အိမ်တွင်လည်း ဆောင်ရွက်ပြီး တနင်္လာနေ့တွင် ပြန်လည်တင်ပြရန်
• ကျောင်းတွင် တစ်ပတ်လျှင်(၁)ကြိမ် နာရီဝက်ခန့်အချိန်ပေး၍ ပိုးလောက်လန်း ရှာဖွေစေခြင်း၊ ရေလှယ်ခြင်း၊ သွန်ခြင်း၊ တစ်ပတ်အတွင်း နောက်ဆုံးကျောင်းတက်ရသည့်နေ့ (သောကြာ)တွင် သောက်ရေအိုးများနှင့် အခြားအိုးများကို ပွတ်တိုက်ဆေးကြော၍ ကျောင်းပိတ်ရက်များတွင် မှောက်ထားခဲ့ခြင်း ဆောင်ရွက်စေသင့်ပါသည်။
• ကင်းထောက်လုပ်ငန်းများနှင့် အသင်းလိုက် လှုပ်ရှားဆောင်ရွက်စေသည့် လုပ်ငန်းများတွင် ပိုးလောက်လန်းနှိမ်နင်ရေးကို ထည့်သွင်းဆောင်ရွက်စေသင့်ပါသည်။
(ဂ) တစ်ဦးချင်း လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်
• ခြင်ကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားခြင်း
• အိပ်သည့်အခါတိုင်း နေ့/ ည မရွေး ခြင်ထောင်ဖြင့် အိပ်ခြင်း( ဖြစ်နိုင်ပါက) ဆေးစိမ်ခြင်ထောင်ဖြင့် အိပ်ခြင်း
• ခြင်နိုင်ဆေးလိမ်းခြင်း
• အိမ်များတွင် ခြင်လုံဇကာ တပ်ဆင်ခြင်း
• ခြင်ဆေးခွေထွန်းခြင်း၊ မီးခိုးမှိုင်းတိုက်ခြင်း၊ ခြင်ဆေးစပရေးဖျန်းခြင်း စသည်တို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်သဖြင့် မပြုလုပ်သင့်ပါ။
သတိပြုရမည့်အချက်များ
• သွေးလွန်တုပ်ကွေးသည် ရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပါသည်။ အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်မကိုက်ခံရအောင် တေထိုင်ခြင်းနှင့် ခြင်ကျားမ ပေါက်ဖွားနိုင်အောင် ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။ မိုးတွင်းကာလသာမက မည်သည့်အချိန်တွင်မဆို ကလေးများ ဖျားနာလျှင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို သတိုပြုရပါမည်။ အသက်အန္တရာယ်ရှိသည့် ရောဂါ ဖြစ်သော်လည်း အလွယ်တကူ ကာကွယ်နိုင်သောရောဂါ ဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေး သံသယရှိပါက ဆေးရုံ၊ ဆေးခန်းများတွင် ချက်ချင်း သွားရောက် ပြသသင့်ပါသည်။
• အရေးကြီးဆုံးတစ်ချက်မှာ သွေးလွန်တုပ်ကွေးသည် ယခင်ဖြစ်ဖူးသည့်သူများတွင် နောက်တစ်ခါဖြစ်လျှင် ပိုဆိုးတတ်သောကြောင့် အထူးသတိထားရန် လိုအပ်ပါသည်။ ရာသီတစ်ခုတည်းမှာပင် (၂)ခါပြန်ဖြစ်နိုင်သည့်အတွက် ပထမတစ်ခါ ဖြစ်ပြီးဟု သဘောထားပြီး ပေါ့ဆ၍ မရသည့် ရောဂါဖြစ်ပါသည်။
• မိမိတို့အိမ်တွင် ရေတင်ကျန်နိုင်သည့် စွန့်ပစ်ပစ္စည်းအားလုံးကို စနစ်တကျ စွန့်ပစ်ပါ။ အိမ်ပတ်ဝန်းကျင် သန့်ရှင်းပါစေ။
• ရေစည်၊ ရေအိုးများ ဖုံးအုပ်ထားပါ။
• ပိုးလောက်လန်း စစ်ဆေးရန် လာရောက်သည့်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပါ။
• မိမိတို့ရပ်ကွက်/ ကျေးရွာအတွင်း ‘သွေးလွန်တုပ်ကွေးရောဂါ’ နှိမ်နင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြပါ။
ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။
MDN