ကူးစက်ရောဂါများထဲမှ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါအကြောင်းကို ဖော်ပြပေးလိုက်ရပါသည်

နေပြည်တော် ၁၈ ဧပြီ

ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

ဦးနှောက်အမြှးရောင်ရောဂါ ( Meningococcal Meningitis) သည် အများအားဖြင့် ဘက်တီးယားပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်မြန်ရောဂါတစ်ခု ဖြစ်သည်။ ကျား/မ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက်(၇)နှစ်မှ (၁၄)နှစ်အတွင်းရှိ ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။

ရောဂါလက္ခဏာများ

လတ်တလော ပြင်းထန်စွာဖျားခြင်း

ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

ဇက်တောင့်ခြင်း

ကြွက်သားများ နာကျင်ခြင်း

အန်ခြင်း၊ မှိန်ခြင်း၊ သတိလစ်ခြင်း

သွေးလန့်ခြင်း၊ တက်ခြင်း

အရေပြားတွင် သွေးခြေဥများ ထွက်ခြင်း

ငယ်ထိပ်မပိတ်သေးသော (၁)နှစ်အောက် ကလေးများတွင် ငယ်ထိပ်ဖောင်းခြင်း၊ တင်းခြင်း

အထက်ပါရောဂါလက္ခဏာများ ဖြစ်ပွားလာပါက (၂)နာရီမှ (၄၈)နာရီအတွင်း ရောဂါပြင်းထန်လာကာ အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။

ရောဂါဖြစ်ပွားပြီး အသက်ရှင်သူများတွင် ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဦးနှောက် ချို့ယွင်း၍ အကြားအာရုံဆုံးရှုံးခြင်း၊ ပညာသင်ကြားရန် အခက်အခဲရှီခြင်းတို့ ဖြစ်တတ်ပါသည်။

ကူးစက်နိုင်သည့် နည်းလမ်းများ

လူသည် တစ်ခုတည်းသော ရောဂါပိုး သိုလှောင်ရာဌာနဖြစ်သည်။

ရောဂါပိုးသည် ရောဂါပိုးရှိသူ လူနာ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ ထွက်သော သလိပ်မှုန်များမှ တဆင့် တိုက်ရိုက်ကူးစက်သည်။

ရောဂါဖြစ်ပွားသူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်မှ ထွက်သော အရည်နှင့် အသုံးအဆောင် ပစ္စည်းများကို ထိတွေ့မိခြင်းတို့မှလည်း ကူးစက်နိုင်သည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

အောက်ဖော်ပြပါ အခြေအနေများကို ဆောင်ရွက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောရမည်။

Ø အစာမစားမီနှင့် အစာစားပြီးချိန်

Ø အစားအစာမပြင်ဆင်မီနှင့် ပြင်ဆင်ပြီးချိန်

Ø ကြက်၊ ငှက် အသားများနှင့် ကြက်၊ ငှက် စွန့်ပစ်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်

Ø လူနာအသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်ပြီးချိန်နှင့် လူနာကို ပြုစုပြီးချိန်

Ø နှပ်ညှစ်ပြီးချိန်၊ နှာချေ၊ ချောင်းဆိုးပြီးချိန်

နှာချေ၊ ချောင်းဆိုးသောအခါ ပါးစပ်နှင့် နှားခေါင်းစည်း အသုံးပြုခြင်း၊ တစ်ရှူး၊ လက်ကိုင်ပဝါ (သို့မဟုတ်) မိမိလက်အား တံတောင်ဆစ်ကွေး၍ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ပေးခြင်းပြုလုပ်ပါ။

တံတွေး၊ သလိပ်များကို စည်းကမ်းမဲ့ထွေးခင်းမှ ရှောင်ကြဉ်ပါ။

ပွဲလမ်းသဘင်၊ လူစည်ကားသောနေရာနှင့် ဖုန်ထူထပ်သော နေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ရောဂါဖြစ်ပွားသူများ၊ ရောဂါရှိသည်ဟု ယူဆရသူများနှင့် တွေ့ဆုံရန် လိုအပ်ပါက ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ် ဖုံးအုပ်ထားသော မျက်နှာဖုံး အခြားအကာအကွယ် ပစ္စည်းကို အသုံးပြုပါ။

ယုံကြည်စိတ်ချရသော ကြိုတင်ကာကွယ်ဆေး (Meningoccal Vaccine) ထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။

ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း

ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ရောဂါဖြစ်သူနှင့် အနီးကပ် အတူနေ မိသားစုဝင်များ၊ အခန်းဖော်များ၊ ရောဂါဖြစ်ပွားသူအား ထိတွေ့ကိုင်တွယ်သူများကိုသာ တိုက်ကျွေးသင့်ပါသည်။

အုပ်စုလိုက် ရပ်ကွက်/ရွာလုံးကျွတ် ကာကွယ်ဆေးတိုက်ကျွေးခြင်း မပြုလုပ်ပါနှင့်။

သိမှတ်ဖွယ်ရာ အချက်များ

ခြောက်တွေ့အေးမြသော၊ ပူပြင်းသော ရာသီများတွင် ရောဂါပိုမိုဖြစ်ပွားသည်။

လေထုစိုထိုင်းမှုနည်း၍ ခြေက်တွေ့ခြင်း၊ ဖုန်ထူခြင်းနှင့် ပွဲလမ်းသဘင်များသည် ရောဂါဖြစ်ပွားစေသည့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည့် အခြေအနေများဖြစ်သည်။

လူစုလူဝေးနှင့် နေထိုင်မှုသည် ရောဂါပိုမို ပျံ့နှံ့လွယ်သည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN