ကုန်းတွင်းဆိပ်တို့၏ အကျိုးကျေးဇူး

၂၉ မေ

 

ပြည်ပသို့တင်ပို့မည့် ကုန်ပစ္စည်းကွန်တိန်နာတို့ကိုလည်းကောင်း၊ ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်း ကွန်တိန်နာတို့ကိုလည်းကောင်း၊ ဆိပ်ကမ်းမှအတင် အချ၊ အထုတ် အသွင်း ပြုလုပ်သည့်အခါ စာရွက်စာတမ်း များ စစ်ဆေးဖြည့်ဆည်းခြင်း အပါအဝင် လိုအပ်သောကိစ္စအဝဝကို ဆောင်ရွက်ရသည်ဖြစ်၍ လုပ်ငန်း ကြန့်ကြာခြင်းအပါအဝင် လုပ်ငန်းဆောင်တာ မနိုင်နင်းခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ ဤကဲ့သို့သော အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ကုန်းတွင်းဆိပ် (Dry Port) တို့ကို တည်ဆောက်ကြပါသည်။

 

ကုန်းတွင်းဆိပ်သည် သက်ဆိုင်ရာနိုင်ငံအစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်လည်ပတ်သော ကုန်ပစ္စည်းကွန်တိန်နာများ ခရီးတစ်ထောက်နားရာစခန်းဖြစ်ပါသည်။ ကုန်းတွင်းဆိပ်၌ ပြည်ပပို့ကုန်အတွက် ဖြစ်စေ၊ ပြည်တွင်းသွင်းကုန်အတွက်ဖြစ်စေ၊ ကုန်ပစ္စည်းကွန်တိန်နာတို့ကို စာရွက်စာတမ်းများအပါအဝင် လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုအဝဝတို့ကို ပြုလုပ်ကြပါသည်။ ဤကဲ့သို့ ကြိုတင်ပြုလုပ်ထားသည့်အတွက် ကုန်ပစ္စည်းကွန်တိန်နာတို့ အတင်အချပြုလုပ်မည့် ပင်လယ်ဆိပ်ကမ်း၌ ကြန့်ကြာ၍ လုပ်ငန်းတာဝန် ဖိစီးခြင်းကို လျော့ကျသက်သာစေပါသည်။ ကုန်းတွင်းဆိပ်၏ တခြားသောအားသာချက်မှာ ကုန်းတွင်းဆိပ်တို့ကို ရထားလမ်း(သို့မဟုတ်) ကားလမ်း(သို့မဟုတ်) နှစ်မျိုးစလုံးဖြင့် တိုက်ရိုက်ချိတ်ဆက်ထားသည်ဖြစ်၍ လုပ်ငန်း ဆောင်ရွက်မှုတို့ကို လျင်မြန်ချောမွေ့စေခြင်းနှင့်အတူ ကုန်ကျစရိတ်တို့ကို လျော့ပါးသက်သာစေခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့သော အကျိုးကျေးဇူးတို့ကို ဖန်တီးပေးနိုင်သည့် ကုန်းတွင်းဆိပ်(Dry Port) ကို ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီးတွင် ရန်ကုန်-မ္တလေး-သီလဝါဆိပ်ကမ်း တို့အကြား ကွန်တိန်နာရထားများ ချိတ်ဆက်ပြေးဆွဲနိုင်ရန် တည်ဆောက်လျက်ရှိပါသည်။ အဆိုပါကုန်းတွင်း ဆိပ်၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၅၂ သန်းခန့်ရှိမည်ဟု တွက်ချက်ခန့်မှန်းထားပါသည်။ လက်ရှိအချိန်၌ စီမံကိန်းတစ်ရပ်လုံး၏ ၅၀ ရာခိုင်နှုန်းခန့်အား တည်ဆောက်အကောင်အထည်ဖော်ပြီး ဖြစ်၍၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ၌ စီမံကိန်းတစ်ရပ်လုံးကို အကောင်အထည်ဖော်ပြီးစီးမည်ဟု မှန်းဆထား ပါသည်။

 

ရွာသာကြီးတွင် တည်ဆောက်နေသည့် ကုန်းတွင်းဆိပ်ကို မြေအကျယ်ဧက ၄၀ ပေါ်တွင် တည်ဆောက်နေပြီး မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်ရှိကုန်းတွင်းဆိပ်ကိုလည်း မြေအကျယ်ဧက ၄၀ ပေါ်တွင် တည်ဆောက်လျက်ရှိပါသည်။ အဆိုပါကုန်းတွင်းဆိပ်တို့၌ ကွန်တိန်နာ သိုလှောင်ရုံကြီးများနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ပြီး ကုန်းတွင်းဆိပ်တစ်ခုလျှင် ကွန်တိန်နာအလုံးနှစ်သိန်းအထိ သိုလှောင်ထားရှိနိုင်မည် ဖြစ်ပါသည်။ ဤကုန်းတွင်းဆိပ်တို့ ပြီးစီး၍ လုပ်ငန်းလည်ပတ်ပါက ရန်ကုန်မြို့နှင့် သီလဝါဆိပ်ကမ်းတို့တွင် ယာဉ်ကြောကျပ်တည်းမှုကို လျော့နည်းသက်သာစေမည် ဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတွက်ရရှိစေသည့် အကျိုး ကျေးဇူးမှာ ကွန်တိန်နာတို့ကို ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် ကားဖြင့်သယ်ယူပို့ဆောင်ခြင်းထက် ထက်ဝက်ခန့် လျော့နည်းသက်သာသည်ဖြစ်၍ ကုန်ကျစရိတ်သက်သာခြင်းနှင့်အတူ တိုင်းပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းတို့၏ လုပ်ငန်းလည်ပတ်မှုကို မြန်ဆန်သွက်လက်စေပါသည်။ သို့ဖြစ်ပါ၍ တည်ဆောက် အကောင် အထည်ဖော်လျက်ရှိသည့် ကုန်းတွင်းဆိပ် စီမံကိန်းကို ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။