ကုန်ထုတ်စွမ်းအားဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း

နေပြည်တော် ၁ စက်တင်ဘာ

 

နိုင်ငံတစ်နိုင်ငံ၏ ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးမှုအတွက် လုပ်ငန်းခွင်အေးချမ်းသာယာမှုရှိရန် လိုအပ်သည်မှာ အထူးရှင်းလင်းပြရန်မလိုအပ်သော ကိစ္စရပ်ဖြစ်ပါသည်။ ဤကဲ့သို့ လုပ်ငန်းခွင်အေးချမ်းသာယာမှုရှိနိုင်ရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမားကဏ္ဍ နှစ်ရပ်စလုံးသည် လုပ်ငန်းခွင်ရေးရာဆိုင်ရာ ဥပဒေများကို သိရှိနားလည်ရန် လိုအပ်ပါသည်။ အဆိုပါလုပ်ငန်းခွင်ရေးရာ ဥပဒေများအရ ပေးအပ်သင့်ပေးအပ်ထိုက်သည့် အခွင့်အလမ်းများကို အပြည့်အဝအပြန်အလှန်ပေးအပ်ရန် လိုအပ်သကဲ့သို့ ပြဿနာအငြင်းပွားမှုများ ကြုံရပါကလည်း စားပွဲဝိုင်းအဆင့် ဆွေးနွေးမှုဖြင့် မှန်ကန်သောဖြေရှင်းမှုကို ပြုလုပ်ရန် လိုအပ်ပါသည်။

 

ဤသို့သော မှန်ကန်သည့်ဖြေရှင်းမှုကိုရရှိနိုင်ရန် စက်ရုံတိုင်း၌ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်၍ အခြေခံအုတ်မြစ်ကောင်းကိုတည်ဆောက်ပြီးဖြစ်ပါသည်။ အထက်၌ ရည်ညွှန်းဖော်ပြထားသော စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို သွေဖည်လျက်ပြဿနာရှိသည့်အခါတိုင်း လမ်းပေါ်ထွက် ဆန္ဒပြမည်ဆိုပါက လုပ်ငန်းခွင်အေးချမ်းသာယာမှုရှိနိုင်မည်မဟုတ်ပါ။ ဤကဲ့သို့ အေးချမ်းသာယာမှုမရှိပါက ကုန်ထုတ်စွမ်းအား တိုးတက်ရန်နေနေသာသာ အလုပ်အကိုင် တည်မြဲရေးအတွက်ပါအနှောင့်အယှက်အဟန့်အတားများ ကြုံတွေ့ရမည်ဖြစ်ပါသည်။

 

အထက်၌ တင်ပြထားသကဲ့သို့ စေ့စပ်ညှိနှိုင်းမှုရရှိရေးအတွက် ပုံဖော်ဆောင်ရွက်ရာ၌ လုပ်သားတို့၏ ကျွမ်းကျင်မှုနှင့် ပတ်သက်၍ စံသတ်မှတ်ချက်များ ပြဋ္ဌာန်းထားရေးသည်လည်း အရေးကြီးသောလိုအပ်ချက် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority (NSSA)) ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ဤအဖွဲ့မှ မြန်မာနိုင်ငံ၏ လုပ်သားဈေးကွက်နှင့်ကိုက်ညီသော စံသတ်မှတ်ချက်များပြဋ္ဌာန်းနိုင်ရန် လုပ်ငန်းအမျိုးအစား (၃၀)ကို ရွေးချယ်လျက် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

 

စံချိန်စံညွှန်းသတ်မှတ်ချက်ဟု ဆိုလိုက်သည်နှင့် တစ်ပြိုင်တည်းဤစံချိန်စံညွှန်းသတ်မှတ်ချက်တို့ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လည်း အရေးတကြီးလိုအပ်ပါသည်။ ဤကဲ့သို့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းမရှိပါက ညွှန်ကြားချက်၊စည်းမျဉ်းစည်းကမ်းများ မည်မျှထုတ်ထားသည်ဖြစ်စေ လက်တွေ့ ၌အကျိုးသက်ရောက်မှုရှိစေရန် စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ အဆိုပါသဘောတရားအပေါ်အခြေခံလျက် နိုင်ငံတော်အစိုးရ၏ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကို တင်ပြလိုပါသည်။ ဥပမာအားဖြင့် စက်မှုဇုန်တိုင်း၌ အထည်ချုပ်စက်ရုံ လေ့ကျင့်ရေးစင်တာများဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည့် မူဝါဒနှင့်အညီ အစိုးရနှင့်ပုဂ္ဂလိကအပါအဝင် စစ်ဆေးအကဲဖြတ်ဌာန (၁၀ဝ) ကျော်ကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ ဤစစ်ဆေးအကဲဖြတ်ဌာနများမှတစ်ဆင့် အဆင့်မီကျွမ်းကျင်လုပ်သား (၆၂၀ဝ)ကျော်ကို ကျွမ်းကျင်လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

 

နိုင်ငံတော်၏ ပစ္စုပ္ပန်အနေအထားကို သုံးသပ်ပါက နိုင်ငံအနှံ့အပြားရှိလေ့ကျင့်ရေးသင်တန်းကျောင်း (၆)ခုမှတစ်ဆင့် ဂဟေဆက်သင်တန်း၊လျှပ်စစ်သင်တန်း၊ လေအေးစက်တပ်သင်တန်း ကဲ့သို့သော သင်တန်းများကိုပို့ချလျက်ရှိသည့်အပြင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (JICA)နှင့် ပူးပေါင်းလျက် လက်သမားသင်တန်း၊ ပန်းရန်သင်တန်းနှင့် သံချည်သံကွေးသင်တန်းများကိုလည်း ပို့ချသင်ကြားလျက်ရှိပါသည်။ အလားတူပင် ဂျပန်နိုင်ငံ၌ လိုအပ်လျက်ရှိသော သက်ကြီး ရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများ၌လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် ဘာသာစကားနှင့်အတူ ကျွမ်းကျင်မှုသင်တန်းများကိုပါ သင်ကြားပို့ချလျက်ရှိပါသည်။ ဂျပန်နိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအတွက် ကျွမ်းကျင်လုပ်သားသုံးသိန်းခန့် လိုအပ်လျက်ရှိသော်လည်း မြန်မာလုပ်သားများအား ဘာသာစကားနှင့်အတူ ကျွမ်းကျင်မှုများကို သင်ကြားပို့ချနိုင်မှသာ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဤလုပ်ငန်းလိုအပ်ချက် ဖြည့်ဆည်းရာ၌ ပါဝင်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်အစိုးရသည် နိုင်ငံသူ နိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ ကျယ်ပြန့် စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ကလည်း လိုအပ်သော ကျွမ်းကျင်မှုများ ပြည့်ဝစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။