ကုန်သွယ်မှုဖြင့် အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေး

နေပြည်တော် ၃ မေ

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၃၂ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုနှစ်ကုန်သွယ်မှုပမာဏသည် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသမိုင်းတွင် အမြင့်ဆုံးဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စာရင်းများအရ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇ ဒသမ ၇၂ ဘီလီယံနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၉ ဒသမ ၂၁ ဘီလီယံရှိခဲ့ရာ ၂၀၁၇-၂၀၁၈ သည် စံချိန်တင် အများဆုံးသို့ရောက်ရှိလာခြင်းဖြစ်သည်။

 

ယခု ပြည်ပကုန်သွယ်မှုတိုးတက်လာခြင်းတွင် နယ်စပ်ကုန်သွယ်ရေးရော ပင်လယ်ရေကြောင်းကုန်သွယ်ရေးပါ တိုးတက်လာခြင်းဖြစ်သည်။ ကုန်သွယ်မှု စုစုပေါင်း ၃၃ ဘီလီယံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးက ဒေါ်လာ ၂၄ ဒသမ ၈၆ ဘီလီယံနှင့် နယ်စပ်ကုန်သွယ်ရေးက ဒေါ်လာ ၈ ဒသမ ၄၆ ဘီလီယံရှိခဲ့သည်။ ပင်လယ် ရေကြောင်းကုန်သွယ်မှု ပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၄၂၇ ဒသမ ၂၅ သန်း ပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးက ယခင်ဘဏ္ဍာနှစ်ထက် ၆၈၆ ဒသမ ၉၅ သန်း ပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။ မြန်မာနိုင်ငံမှ ပို့ကုန်အနေဖြင့် လယ်ယာထွက်ပစ္စည်း၊ ဆန်နှင့် ဆန်ကွဲ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်း၊ CMP ချုပ်ပြီးအဝတ်အထည်များအပါအဝင် ယခုနှစ် ပြည်ပပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၇ ဘီလီယံ စံချိန်တင်တင်ပို့နိုင်ခဲ့သည်။ ထို့ကြောင့် ကုန်သွယ်မှုလိုငွေလည်း လျှော့ချနိုင်ခဲ့သည်။ ကုန်သွယ်မှုလိုငွေမှာ ၂၀၁၅-၂၀၁၆ တွင် ၅ ဒသမ ၄၄ ဘီလီယံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅ ဒသမ ၂၁ ဘီလီယံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃ ဒသမ ၉၇ ဘီလီယံသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

 

ပို့ကုန်များတွင် ဆန်တင်ပို့မှုသည် အားရစရာအကောင်းဆုံးဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅၈၄ သန်း တင်ပို့နိုင်ခဲ့ရာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အများဆုံးတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၃၄-၁၉၃၅ ခုနှစ်က က္ဘာပေါ်တွင် ဆန်အများဆုံးတင်ပို့သည့် နိုင်ငံအဖြစ် ၃ ဒသမ ၅၉ သန်းဖြင့် ရပ်တည်ခဲ့ရာ ယခုထိုစံချိန်နီးပါး ရောက်ရှိလာခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် ကမ္ဘာ့ဆန် အများဆုံးတင်ပို့နိုင်သည့် ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာသည်ကို တွေ့ မြင်ရသည်။ယခုမကြာသေးမီက စပါးဝယ်ယူရာတွင် အနိမ့်ဆုံးကြမ်းခင်းဈေးအဖြစ် တင်းတစ်ရာလျှင် ငါးသိန်း သတ်မှတ်ပေးခဲ့ရာ ဆန်စပါးအပေါ်မှ ဝင်ငွေဖြန့်ခွဲမှုတွင် မူရင်းထုတ်လုပ်သူလယ်သမားများထံ ဝင်ငွေပိုမိုဖြန့်ခွဲရောက်ရှိတော့မည်ဖြစ်ပါသည်။

 

ပို့ကုန်တွင် နယ်စပ်ကုန်သွယ်ရေးသည်လည်း အားရစရာကောင်းလာသည်ကို တွေ့ရသည်။ ယခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးမှ ဆန်တန်ချိန် ၁ သန်း ၈ သိန်းကျော် တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၁ သန်း ၆ သိန်းကျော် တင်ပို့ခဲ့သည်။ စုစုပေါင်း ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့သည်။ ယခင်နှစ်များက နယ်စပ်ကုန်သွယ်ရေးမှ ဆန် ၇၀ ရာခိုင်နှုန်းကျော် တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်းမှ ၃၀ ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ရာက ဈေးကွက်သစ်များ ရှာဖွေနိုင်မှုကြောင့် ပင်လယ်ရေကြောင်းဆန်တင်ပို့မှု မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယခင်က တရုတ်ပြည်ဈေးကွက်သို့ နယ်စပ်မှ ဆန်တင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်ပြည်ဘက်မှ တရားမဝင် သတ်မှတ်သောကြောင့် အဆင်မပြေမှုများရှိခဲ့သည်။ ယခုနှစ်တွင် ယူနန်ပြည်နယ်မှ ဆန်တန်ချိန် တစ်သန်း တရားဝင်ဝယ်ယူရန် ကမ်းလှမ်းမှုများရှိလာသောကြောင့် နယ်စပ်ကုန်သွယ်မှု ပိုမိုတည်ငြိမ်လာစရာ ရှိပါသည်။ ။

 

မြန်မာ့အလင်း