ကုန်းဇောင်းတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာ အဆောက်အအုံ တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ  ၂၄   မေ   


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာလေးလုံး  တည်ဆောက်နေမှု အခြေအနေအား  မေ ၂၃ ရက်၊ ယနေ့ မွန်းလွဲ  ၃ နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် မြို့နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် မြို့နယ်လုပ်ငန်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  တင်ဒါအောင်မြင်သည့် မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသည့် အလျား  ပေ ၈၈ ပေ၊ အနံ ၂၄ ပေ ရှိ လေးခန်းတွဲ အဆောက်အအုံ တစ်လုံး၊  အလျား ၈၈ ပေ၊ အနံ ၂၃ ပေ ရှိ လေးခန်းတွဲ အဆောက်အအုံ တစ်လုံး၊ အလျား ၆၆ ပေ၊ အနံ ၂၃ ပေရှိ သုံးခန်းတွဲ အဆောက်အအုံ တစ်လုံးနှင့် ဆရာဝန်နေအိမ်  အလျား ၆၆ ပေ၊ အနံ ၂၄ ပေရှိ နှစ်ခန်းတွဲ အဆောက်အအုံ တစ်လုံး ဆောက်လုပ်နေမှုအခြေအနေများအား တင်ဒါစည်းကမ်းချက်ပါ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အရည်အသွေးပြည့်မီမှု ရှိ/ မရှိ လိုက်လံ ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လတ်တလော တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တာဝန်ရှိသူများက ကုန်းဇောင်းတိုက်နယ်ဆေးရုံရှိ သူနာပြု ဆရာ ၊ ဆရာမများနှင့် ဆရာဝန်များ တာဝန်ထမ်းဆောင်ရာတွင် လုံခြုံ စိတ်ချစွာ နေထိုင်သွားနိုင်ရေးအတွက် တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦးများကို အမြန်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ကုန်းဇောင်းတိုက်နယ်ဆေးရုံရှိ အရာရှိများနှင့် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် အလျား  ပေ ၈၈ ပေ၊ အနံ ၂၄ ပေ ရှိ လေးခန်းတွဲ အဆောက်အအုံ တစ်လုံး ၊  အလျား ၈၈ ပေ၊ အနံ ၂၃ ပေ ရှိ လေးခန်းတွဲ အဆောက်အအုံတစ်လုံး ၊ အလျား ၆၆ ပေ၊ အနံ ၂၃ ပေ သုံးခန်းတွဲ အဆောက်အအုံ တစ်လုံးနှင့် ဆရာဝန်နေအိမ်  အလျား ၆၆ ပေ၊ အနံ ၂၄ ပေရှိ နှစ်ခန်းတွဲ တစ်လုံး တည်ဆောက်မှုလုပ်ငန်းများကို မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ ဧပြီလ ၂၆ ရက်နေ့က စတင် တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်ပြီးစီးမှု ၁၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ထံမှ သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)