ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာသက်ဝင်ခြင်းနှင့် ဆောင်ရွက်ရန်လုပ်ငန်းများ

 

 

ဒေါက်တာမိုးမိုးသွယ်

 

၂၀၁၉ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်သမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့  နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။  မူပိုင်ခွင့်ဥပဒေတွေဖြစ်တဲ့  ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊  စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့  စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က စပြီးပြဋ္ဌာန်းနိုင်ခဲ့တယ်။

 

မူပိုင်ခွင့်ဥပဒေတွေက  ပြဋ္ဌာန်းလိုက်တာနဲ့  အာဏာသက်ဝင်တဲ့ ဥပဒေတွေမဟုတ်ဘဲ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး  အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်ကြေညာတဲ့နေ့ရက်မှာမှ အာဏာ စတည်မှာဖြစ်တယ်။ ပြဋ္ဌာန်းထားတဲ့မူပိုင်ခွင့် ဥပဒေ ၄ ရပ်ကို အကောင် အထည်ဖော်နိုင်ဖို့အတွက် သက်ဆိုင်ရာနည်းဥပဒေများရေးဆွဲခြင်း၊  မှတ်ပုံတင်လျှောက်လွှာများ ပြင်ဆင်ခြင်း၊ အခကြေးငွေများ သတ်မှတ်  ခြင်း စတဲ့လုပ်ငန်းတွေအပြင် မူပိုင်ခွင့်စစ်ဆေးခြင်းဆောင်ရွက်မယ့် စစ်ဆေးရေးအရာရှိများကို ခန့်အပ်တာဝန်ပေးပြီး ဥပဒေပြဋ္ဌာန်းချက် တွေအတိုင်း  အမှတ်တံဆိပ်တွေကို စစ်ဆေးနိုင်စေဖို့ လေ့ကျင့်  သင်ကြားမှုတွေနဲ့ စစ်ဆေးသူများအတွက်  ညွှန်ကြားချက် (Exami-ner Guidelines)များကို ပြင်ဆင်ဆောင်ရွက်ရပါတယ်။

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဆောင်ရွက်

 

ဒါ့အပြင်  မူပိုင်ခွင့်ဥပဒေများအရ ဥပဒေတွေကို  အကောင်  အထည်ဖော်ဆောင်ရွက်မယ့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီနဲ့ မူပိုင်ခွင့်ဦးစီးဌာန စတဲ့အဖွဲ့အစည်းတွေကိုလည်း ဖွဲ့စည်းတည်ထောင်ပြီး လိုအပ်တဲ့မူဝါဒတွေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းတွေကိုဆောင်ရွက်ဖို့ လိုအပ်တာဖြစ်တယ်။ မူပိုင်ခွင့် ဥပဒေတွေအရ မြန်မာ့မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါ့ကြောင့် မူပိုင်ခွင့်ဦးစီးဌာနကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ပြီး မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့မှာ ပထမအကြိမ် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်း အဝေးတစ်ရပ်ကိုကျင်းပပြီး မူပိုင်ခွင့်ဥပဒေတွေ အကောင်အထည် ဖော်ဆောင်ရွက်မယ့် လမ်းပြမြေပုံ (Road Map) ကို အတည်ပြုနိုင်ခဲ့ပါ တယ်။ အဲဒီ လမ်းပြမြေပုံအရ မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လိုအပ်နေတဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို စတင်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာ ကုန်အမှတ်တံဆိပ် အကာအကွယ်ပေးမှုနဲ့ ပတ်သက်ပြီး သီးခြားဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ခဲ့ခြင်းမရှိဘဲ အသုံးပြု သူကို ဦးစားပေးတဲ့စနစ် (First to Use) ကို ကျင့်သုံးခဲ့တာဖြစ်တယ်။ ဈေးကွက်ထဲ ဖြန့်ချိရောင်းချမယ့် ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အမှတ်တံဆိပ်တစ်ခုခုကို ရွေးချယ်သတ်မှတ်ပြီး ဆောင်ရွက်ကြတဲ့အခါ ဈေးကွက်ထဲဦးစွာရောက်တဲ့ အမှတ်တံဆိပ်က ဦးစားပေးအခွင့်အရေးရနိုင်တဲ့ စနစ်ကို First to Use စနစ်လို့ဆိုလိုတာဖြစ်တယ်။ ဒါ့ကြောင့် အမှတ်တံဆိပ် ခပ်နှိပ်ဆောင်ရွက်ကြတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိအသုံးပြုတဲ့ အမှတ်တံဆိပ်တွေ ကို လက်တွေ့လုပ်ငန်းနယ်ပယ်မှာ စဉ်ဆက်မပြတ်အသုံးပြုနေဖို့သာ အဓိက လိုအပ်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အမှတ်တံဆိပ် တွေကို ကြေးတိုင်နဲ့ မြေစာရင်းမှတ်ပုံတင်ရုံးမှာ စာချုပ်စာတမ်းတွေ မှတ်ပုံတင်တဲ့ခေါင်းစဉ်အောက်မှာ မှတ်ပုံတင်လာကြပြီး မိမိတို့ လုပ်ငန်းမှာ အသုံးပြုမယ့်အမှတ်တံဆိပ်တွေကို အများပြည်သူတွေ သိရှိနိုင်ဖို့ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် အသိပေးကြေညာ လာကြတာကိုတွေ့ရပါတယ်။

 

ယခုပြဋ္ဌာန်းကျင့်သုံးမယ့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေက မြန်မာနိုင်ငံမှာ အမှတ်တံဆိပ်အကာအကွယ်ပေးခြင်းနဲ့ ပတ်သက်လို့ သီးခြားဥပဒေတစ်ရပ်အနေနဲ့ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဦးစွာမှတ်ပုံတင် နိုင်တဲ့သူကို ဦးစားပေးမယ့်စနစ် (First to File) ဖြစ်ပါတယ်။ First to File စနစ်ဟာ First to Use စနစ်နဲ့နှိုင်းယှဉ်ရင် အမှတ်တံဆိပ် ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါ ပိုမိုထိရောက်တဲ့ စနစ် တစ်ခုဖြစ်လို့ နိုင်ငံတကာမှာလည်း First to File စနစ်ကိုသာ အများ ဆုံးအသုံးပြုနေကြတာ ဖြစ်ပါတယ်။

 

အဲ့ဒါကြောင့် အမှတ်တံဆိပ်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့စီးပွားရေး လုပ်ငန်းတွေမှာ အသုံးပြုနေကြတဲ့ အမှတ်တံဆိပ်များကို အကာအကွယ်လိုချင်တယ်ဆိုရင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းဖော်ပြချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ဈေးကွက်အတွင်းမှာ အသုံးပြု နေကြတဲ့ အမှတ်တံဆိပ်အဟောင်းများ(Old Marks) အနေနဲ့ စနစ်သစ်ကို လွယ်ကူစွာအသုံးပြုနိုင်ပြီး မိမိတို့ရဲ့ အမှတ်တံဆိပ်တွေ နောက်ကျမှလျှောက်ထားမှုကြောင့် မလိုလားအပ်တဲ့ အငြင်း ပွားမှုတွေမဖြစ်စေဖို့ အမှတ်တံဆိပ်အဟောင်း မှတ်ပုံတင်ခြင်းကို ဦးစားပေးဆောင်ရွက်နိုင်ဖို့အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ(၉၃)ကို ပြဋ္ဌာန်းခဲ့ပါတယ်။

 

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဥပဒေ ပုဒ်မ(၉၃)ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမှတ်တံဆိပ် အဟောင်းတွေကို ကြိုတင်လက်ခံနိုင်စေဖို့ အမိန့်အမှတ် ၆၃/၂၀၂၀ ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ Old Markတွေအနေနဲ့ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအတွက် အဆင့်နှစ်ဆင့် သတ်မှတ်ဖော်ပြထားပါတယ်။

 

ပထမအဆင့်မှာ အမှတ်တံဆိပ်တွေကို အမှတ်တံဆိပ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေတဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် ဦးစီး ဌာနက သတ်မှတ်ထားတဲ့ အီလက်ထရောနစ်စနစ်ကို အသုံးပြု လျှောက်ထားနိုင်ပြီး ဒုတိယအဆင့်မှာတော့ အမှတ်တံဆိပ်ပိုင်ရှင်တွေ ကိုယ်တိုင် (သို့မဟုတ်) သူတို့ရဲ့ကိုယ်စားလှယ်တွေအနေနဲ့ မူပိုင်ခွင့် ဦးစီးဌာနရဲ့ လျှောက်လွှာလက်ခံမယ့်နေရာ (Reception Counter)တွေမှာ လာရောက်မှတ်ပုံတင် လျှောက်ထားနိုင်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှာ အမှတ်တံဆိပ် လျှောက်လွှာ ကြိုတင်လက်ခံခြင်း ပထမအဆင့် (Soft Opening) ကို ဖွင့်လှစ်နိုင်ခဲ့ပြီး အမှတ်တံဆိပ်တွေကို အမှတ်တံဆိပ်ဆိုင်ရာ ဝန်ဆောင်မှုကိုယ်စား လှယ်များ (Trademark Representatives) က Online ကနေ တစ်ဆင့် လျှောက်ထားခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အမှတ်တံဆိပ်လျှောက်လွှာများ လက်ခံဆောင်ရွက်ခြင်းကို ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့က နည်းပညာပံ့ပိုးကူညီပေးခဲ့တာကြောင့် WIPO FILE စနစ်လို့ အမည်ပေးခဲ့ပြီး အသုံးပြုသူတွေကိုလည်း မူပိုင်ခွင့် ဦးစီးဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကနေတစ်ဆင့် အသုံးပြုသူ အမည် (User Name)နဲ့ စကားဝှက် (Password) ကို အသုံးပြုပြီး ဆောင်ရွက်စေခဲ့ပါတယ်။ အခုအချိန်မှာ WIPO File ကနေတစ်ဆင့် လက်ခံရရှိတဲ့ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်လွှာစုစုပေါင်း ၄၅၀၀၀ ကျော်ကို လက်ခံရရှိပြီး ဖြစ်ပါတယ်။

 

အမှတ်တံဆိပ်လျှောက်ထားတဲ့အခါ အီလက်ထရောနစ်စနစ်ကို အသုံးပြု

 

ယခု ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို စတင်အာဏာသက်ရောက်တဲ့နေ့အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာနည်းဥပဒေနဲ့ ကုန်အမှတ်တံဆိပ် လျှောက်ထားခြင်းအတွက် လျှောက်လွှာပုံစံနဲ့ အခကြေးငွေသတ်မှတ်ခြင်းတွေကိုလည်း ထုတ်ပြန် ကြေညာပြီးဖြစ်ပါတယ်။ ဥပဒေအာဏာသက်ဝင်ပြီးနောက် အမှတ် တံဆိပ်လျှောက်ထားတဲ့အခါ အီလက်ထရောနစ်စနစ်ကို အသုံးပြုပြီး Online ကနေ လျှောက်ထားခြင်းအပြင် လျှောက်လွှာလက်ခံမယ့် ဌာနများကို ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်ကစတင်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားလိုရင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ရုံးအမှတ် (၅၂)၊ နေပြည်တော်နဲ့ ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ကုန်သွယ်ရေးဦးစီးရုံး (ဒုတိယထပ်) တို့ရဲ လျှောက်လွှာလက်ခံဌာနတွေမှာ လာရောက် လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ မန္တလေးမြို့ ၃၅ လမ်းပေါ်မှာရှိတဲ့ ကုန်သွယ်ရေးဦးစီးဌာန မန္တလေးတိုင်း ပို့ကုန်သွင်းကုန်ရုံးမှာ မူပိုင်ခွင့်လျှောက်လွှာလက်ခံ ဌာန(ယာယီ) ကိုလည်း ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းများအတွက် အမှတ် တံဆိပ်လျှောက်ထားတဲ့နေ့ရက် (Filing Date) ကို ရရှိဖို့အတွက် ဦးစီးဌာနက သတ်မှတ်ထားတဲ့ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထား လွှာ (TM-1) ကို အသုံးပြုရမှာဖြစ်တယ်။ လျှောက်လွှာမှာပါတဲ့ သတင်းအချက်အလက်များကို ဖြည့်စွက်တဲ့အခါ အချက်ငါးချက်နဲ့ ပြည့်စုံခဲ့ရင် Filing Date ရရှိနိုင်မှာ ဖြစ်တယ်။

 

အဲဒီငါးချက်က လျှောက်ထားသူအမည် (Name) ၊ ဆက်သွယ် ရမည့် နေရပ်လိပ်စာအပြည့်အစုံ (Full Address)၊ အမှတ်တံဆိပ်ရဲ့ ပြည့်စုံစွာဖော်ပြချက် (Mark Description)၊ လျှောက်ထားတဲ့ အမှတ်တံဆိပ်အသုံးပြုမည့် ထုတ်ကုန်အမျိုးအစား သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစား ခွဲခြားသတ်မှတ်ဖော်ပြချက် (Classification)နဲ့ အခကြေးငွေပေးဆောင်ခြင်း (Fees) တို့ပဲဖြစ်ပါတယ်။ ကိုယ်စားလှယ်နဲ့လျှောက်ထားမယ့် အမှတ်တံဆိပ်ပိုင်ရှင်တွေအတွက် ကိုယ်စား လှယ်ခန့်အပ်လွာ(TM-2)ကိုပါ ဖြည့်စွက်တင်ပြဖို့ လိုအပ်ပါတယ်။ အမှတ်တံဆိပ်လျှောက်ထားမှုမှာ အသုံးပြုရမယ့် လျှောက်လွှာပုံစံတွေနဲ့ လျှောက်ထားသူတွေ နမူနာကြည့်ရှုနိုင်မယ့် အသုံးပြုသူများအတွက် လမ်းညွှန်စာအုပ် (User Manual) များကိုလည်း မူပိုင်ခွင့်ဦးစီးဌာနရဲ့ Website: www.ipd.gov.mm မှာ အလွယ်တကူ ရယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။

 

ဆောင်ရွက်ပုံနည်းလမ်းအဆင့်ဆင့်ကိုအင်တာနက်ဝက်ဘ်ဆိုက်မှာ လေ့လာနိုင်

 

အမှတ်တံဆိပ်လျှောက်ထားမှုအတွက် အခကြေးငွေကို ကောက်ခံမယ့် နည်းလမ်းတွေကိုလည်း အများပြည်သူကို အသိပေးကြေညာ ထားပါတယ်။ အီလက်ထရောနစ်စနစ်နဲ့ လျှောက်ထားသူတွေအတွက် အခကြေးငွေကို အီလက်ထရောနစ် ငွေပေးချေခြင်းနည်းလမ်း(E-Payment) စနစ်ကို ကျင့်သုံးရမှာဖြစ်ပြီး လူကိုယ်တိုင်လာရောက် လျှောက်ထားသူများအတွက် လျှောက်လွှာလက်ခံတဲ့နေရာတွေမှာ MPU Cardတွေနဲ့ (Point of Sale - POS) စနစ်ကို အသုံးပြုပြီး ပေးချေရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်ကစလို့ အီလက်ထရောနစ်စနစ်ကိုအသုံးပြုပြီး လျှောက်ထားခဲ့ကြတဲ့ အမှတ်တံဆိပ်လျှောက်လွှာများအတွက် သတ်မှတ်နှုန်း ထားများအတိုင်း အခကြေးငွေပေးသွင်းခြင်းများကို ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်မှ စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အခကြေးငွေ ပေးသွင်းခြင်းများကို အချိန်တိုအတွင်း လွယ်ကူစွာဆောင်ရွက် နိုင်စေဖို့အတွက် ဆောင်ရွက်ပုံနည်းလမ်းအဆင့်ဆင့်ကိုလည်း ဦးစီး ဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ လေ့လာနိုင်ပါတယ်။

 

အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို တရားဝင် လက်ခံဆောင်ရွက်ခြင်း (Grand Opening) ကို ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဧပြီ ၂၆ ရက်မှာ အမှတ်တံဆိပ်အဟောင်းတွေ (Old Marks) အပြင် အမှတ်တံဆိပ် အသစ်တွေ (New Marks) ကိုလည်း လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ အမှန်တကယ်အသုံးမပြုရသေးပေမယ့် အသုံးပြုဖို့ ရည်ရွယ်တဲ့ အမှတ်တံဆိပ်တွေကို အမှတ်တံဆိပ်အသစ် အနေနဲ့ လက်ခံမှာဖြစ်ပါတယ်။ အမှတ်တံဆိပ်အသစ်တွေအနေနဲ့ ယခုအချိန်မှာ အသုံးမပြုရသေးပေမယ့် မှတ်ပုံတင်လျှောက်ထားတဲ့ နေ့ရက်ကနေ သုံးနှစ်အတွင်း လျှောက်လွှာတင်စဉ်က မိမိသတ်မှတ် ဖော်ပြထားတဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုမှာ အသုံးပြုနိုင်ဖို့ ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်။

 

မူပိုင်ခွင့်လျှောက်ထားလာတဲ့ အမှတ်တံဆိပ်တွေကို အမှတ် တံဆိပ်စစ်ဆေးသူ (Trademark Exasminar)တွေက ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း စစ်ဆေးဆောင်ရွက်မှာဖြစ်ပါတယ်။ အမှတ် တံဆိပ်တစ်ခုကို ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ ခွင့်ပြုတဲ့အခါ လျှောက်ထားလာတဲ့ အမှတ်တံဆိပ်ပိုင်ရှင်ကို အသုံးပြုနေသမျှကာလပတ်လုံး တစ်ဦးတည်း အသုံးပြုနိုင်တဲ့ အခွင့်အရေး (Monopolized Right) ပေးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အများက အသုံးပြုခွင့်ရှိတဲ့ စကားလုံး (Words) သို့မဟုတ် ရုပ်ပုံ (Figures) အသုံးပြုထားတဲ့ အမှတ်တံဆိပ်တွေ (ဥပမာ- မြန်မာ, မန္တလေး ကျုံးမြို့ရိုးပုံ စသည်)နဲ့ ဥပဒေအရ ကန့်သတ်ထားတဲ့ အမှတ်တံဆိပ်တွေ (ဥပမာ - နိုင်ငံတော်အလံ၊ ကြက်ခြေနီတံဆိပ် စသည်) ကို ဥပဒေပါသတ်မှတ်ချက်တွေအတိုင်း စစ်ဆေးပြီး ကုန်သွယ်မှုမှာ မှန်ကန်စွာအသုံးပြုနိုင်တဲ့ အရည်အသွေးပြည့်မီတဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အမှတ်တံဆိပ်များအဖြစ် မူပိုင်ခွင့်ဦးစီးဌာနက အတည်ပြုပေးမှာ ဖြစ်ပါတယ်။

 

လျှောက်ထားတဲ့ အမှတ်တံဆိပ်တွေကို စစ်ဆေးနေစဉ်ကာလမှာ ပြင်ဆင်ဖြည့်စွက်ဖို့ လိုအပ်တာတွေရှိခဲ့မယ်ဆိုရင်လည်း စစ်ဆေးရေး အရာရှိများက လျှောက်ထားသူထံ ဆက်သွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းပြင်ဆင်ဖို့ လိုအပ်ချက်တွေကို သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ပြန်လည်ပေးပို့နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ မှတ်ပုံတင်ပေးဖို့ အရည်အချင်းပြည့်မီတဲ့ အမှတ်တံဆိပ်တွေကို အများပြည်သူ သိရှိနိုင်စေဖို့ မူပိုင်ခွင့်ဦးစီးဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ သတ်မှတ်ရက်အတိုင်း ကြေညာပေးသွား မှာဖြစ်ပါတယ်။ အမှတ်တံဆိပ်နဲ့ပတ်သက်ပြီး ကန့်ကွက်လိုသူတွေ ကန့်ကွက်နိုင်ဖို့ ရက်ပေါင်း ၆၀ ခွင့်ပြုမှာဖြစ်ပြီး ကန့်ကွက်မှု တစ်စုံ တစ်ရာမရှိခဲ့ပါက အဆိုပါအမှတ်တံဆိပ်အသုံးပြုခွင့်ကို မှတ်ပုံတင် အရာရှိက အတည်ပြုပေးမှာဖြစ်ပါတယ်။ မူပိုင်ခွင့်ဦးစီးဌာနမှာ မှတ်ပုံတင်ခွင့်ရရှိတဲ့ အမှတ်တံဆိပ်များကို ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ အတည်ပြုထုတ်ပြန်ပေးမှာဖြစ်ပြီး အမှတ်တံဆိပ်ပိုင်ရှင်အတွက် အသိအမှတ်ပြု လက်မှတ်ကိုလည်း ထုတ်ပေးမှာဖြစ်ပါတယ်။

 

ဦးစီးဌာနက အတည်ပြုမှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး မှတ်ပုံတင်ခွင့်မရှိသော အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း တစ်စုံတစ်ရာကန့်ကွက်လိုပါက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ အခန်း(၁၅) ပါ ပြဋ္ဌာန်းချက်များကို ကိုးကားပြီး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမှတ်တံဆိပ်ပိုင်ရှင်များအနေနဲ့ မိမိတို့ရဲ့ အမှတ်တံဆိပ်တွေကို ဦးရာလူစနစ် (First to File) မှာ ဦးစွာမှတ်ပုံတင် နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်။ တကယ် လို့ မိမိတို့မှတ်ပုံတင်တာ နောက်ကျနေခဲ့ရင် သို့မဟုတ် မိမိတို့ ပိုင်ဆိုင်တဲ့ အမှတ်တံဆိပ်တွေကို အခြားသူတစ်ဦးဦးက မသမာတဲ့ နည်းနဲ့ ကြိုတင်မှတ်ပုံတင်ခြင်းတွေကို သိရှိနိုင်ပြီး ကန့်ကွက်မှုတွေကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အမှတ်တံဆိပ်ပိုင်ရှင်များအနေနဲ့ ဥပဒေကခွင့်ပြုထားတဲ့ မိမိတို့ရဲ့လုပ်ပိုင်ခွင့်များနဲ့ အခွင့်အရေးများကို သိရှိနားလည်ပြီး ကျင့်သုံးဆောင်ရွက်ဖို့ လိုအပ် မှာဖြစ်ပါတယ်။

 

စီးပွားရေးဆိုင်ရာ နစ်နာမှုတွေကို တရားမကြောင်းအရ တောင်းဆိုနိုင်၊ တရားစွဲဆိုနိုင်

 

မှတ်ပုံတင်ခွင့်ရရှိတဲ့ အမှတ်တံဆိပ်ပိုင်ရှင်များအတွက် မိမိတို့ရဲ့ အမှတ်တံဆိပ်နဲ့ ထပ်တူ သို့မဟုတ် အလားတူ အမှတ်တံဆိပ်ကို အခြားသူတစ်ဦးက မိမိရဲ့ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်းကနေ ဟန့်တား နိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ အမှတ်တံဆိပ်ဆိုင်ရာ အခွင့်အရေးတွေကို အခြားသူတစ်ဦးဦးကို လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်နဲ့ လုပ်ကိုင် ခွင့်ပေးနိုင်မှာဖြစ်ပါတယ်။ မူပိုင်ခွင့်ချိုးဖောက်ပြီး ရောင်းဝယ် ဖောက်ကားမှုကြောင့် မိမိရဲ့စီးပွားရေးဆိုင်ရာ နစ်နာမှုတွေကို တရားမကြောင်းအရ တောင်းဆိုနိုင်သလို ပြစ်မှုကြောင်းအရလည်း တရားစွဲဆိုနိုင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ အမှတ်တံဆိပ်အတုအသုံးပြုပြီး နိုင်ငံတော်ရဲ့ နယ်နိမိတ်အတွင်း တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ကုန်သွယ်မှုလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းကနေ ဟန့်တားနိုင်ပါတယ်။

 

ဒါ့ကြောင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ ၂၀၁၉ အနေနဲ့ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ မျှတတဲ့ ဈေးကွက်ယှဉ်ပြိုင်မှုဖြစ်စေရေး၊ မမှန်ကန်တဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းကို ဟန့်တားပေးခြင်းဖြင့် သုံးစွဲသူ ပြည်သူတွေ စစ်မှန်တဲ့လူသုံးကုန်ပစ္စည်းတွေကို ရွေးချယ်အသုံးပြု နိုင်စေရေး၊ အမှတ်တံဆိပ်ပိုင်ရှင်အတွက် ယှဉ်ပြိုင်မှုမြင့်မားတဲ့ ဈေးကွက်မှာ မူပိုင်ခွင့်အကာအကွယ်ရယူထားခြင်းဖြင့် ပြိုင်ဘက် စီးပွားရေးသမားတွေရဲ့ ဆင်တူယိုးမှားအသုံးပြုခြင်း၊ တုပအသုံးပြုခြင်း ဖြင့် မိမိတို့ရဲ့ ဂုဏ်သိက္ခာနဲ့ စီးပွားရေးလုပ်ငန်း ထိခိုက်ခြင်းများကနေ ကာကွယ်ဟန့်တားနိုင်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရေး စတဲ့အခွင့်အရေးတွေ ပေးအပ်ခြင်းဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေး ဂေဟစနစ်ကို စနစ်တကျ ဖြစ်ပေါ်တိုးတက်လာစေဖို့ ထိန်းကျောင်း ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။

 

ဒါ့ကြောင့် နိုင်ငံအတွင်းမှာ ကုန်သွယ်မှုနဲ့ ကူးသန်းရောင်းဝယ်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေကြတဲ့ စက်မှုလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေ၊ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေ ကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးတွေကိုရယူခြင်းဖြင့် မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။