ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ

၁၉ မေ
 

 

ကုလသမဂ္ဂကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်က စစ်နိုင်အင်အားကြီး နိုင်ငံများဖြစ်ကြသော အမေရိကန်နိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စု(ရုရှား)၊ ဗြိတိန်၊ ပြင်သစ်နှင့် တရုတ်နိုင်ငံတို့အား ကမ္ဘာ့ရေးရာတို့၌ မပါမဖြစ် အရေးပါသော နိုင်ငံများအဖြစ် သတ်မှတ်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများအဖြစ် သတ်မှတ်ခဲ့ပါသည်။ပ စ္စုပ္ပန်ကမ္ဘာကြီး၏ အခြေအနေသည် ၁၉၄၅ ခုနှစ် ကမ္ဘာ့အခြေအနေနှင့် နှိုင်းယှဉ်ပါက အပြောင်းလဲကြီး ပြောင်းလဲခဲ့ပြီ ဖြစ်ပါသည်။

 

ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံးနိုင်ငံဖြစ်ခဲ့သော ဂျပန်နိုင်ငံသည် ယခုအခါ စီးပွားရေးအရ ကမ္ဘာ့တတိယမြောက် အင်အားအကြီးဆုံးနိုင်ငံ ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်၌ ဂျပန်နိုင်ငံနှင့်အတူ စစ်ရှုံးခဲ့သော ဂျာမနီနိုင်ငံ သည်လည်း ယခုအခါ စီးပွားရေးအရ ကမ္ဘာ့စတုတ္ထမြောက် အင်အားအကြီးဆုံး နိုင်ငံဖြစ်၍ ဥရောပသမဂ္ဂ၏ စီးပွားရေးကို အဓိကဦးဆောင်တွန်းအားပေးနေသည့် နိုင်ငံလည်း ဖြစ်ပါသည်။ ပစ္စုပ္ပန်ကာလ၌ ကမ္ဘာ့ဒုတိယမြောက် စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်နေသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ်အပြီးကာလ၌ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် စုစုစည်းစည်းရပ်တည်နိုင်ရန် ရုန်းကန်ကြိုးပမ်းနေရဆဲ၊ ဖွံ့ဖြိုးမှုဆုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေရဆဲ နိုင်ငံတစ်နိုင်ငံမျှသာ ရှိပါသေးသည်။ ဒုတိယကမ္ဘာစစ်အပြီး အရှေ့တောင်အာရှနိုင်ငံများ၏ အနေအထားသည်လည်း မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ကြိုးပမ်းနေရဆဲ အခြေအနေ၌သာ ရှိပါသေးသည်။ ၂၀၁၄ ခုနှစ်၌ အာဆီယံဒေသတစ်ခုလုံး၏ စီးပွားရေးသည် အာရှဒေသတစ်ခုလုံး၏ တတိယမြောက် အကြီးမားဆုံး စီးပွားရေးအဆင့်ရှိပြီး ကမ္ဘာကြီး၏ သတ္တမမြောက် အကြီးမားဆုံး စီးပွားရေးအဆင့်ရှိပါသည်။ ကုလသမဂ္ဂကို စတင်ဖွဲ့စည်းစဉ်က ဆုပ်ကိုင်ခဲ့သော အတွေးအခေါ်အပေါ် အခြေခံစဉ်းစားပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မဖြစ်မနေ ပြုပြင်ပြောင်းလဲဖွဲ့စည်းရမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံငယ် တစ်နိုင်ငံမျှသာဖြစ်ပြီး မိမိနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒ၌ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးကိ်ု အရေးကြီးသော အခြေခံမူတစ်ရပ်အဖြစ် အစိုးရအစဉ်အဆက် ဆုပ်ကိုင်ခဲ့ပါသည်။ ပစ္စုပ္ပန်ကာလ၌လည်း ဤအခြေခံမူကို နိုင်ငံတော်၏ မူဝါဒအဖြစ် ဆုပ်ကိုင် အကောင်အထည်ဖော်လျက် ရှိပါသည်။ တင်ပြလိုသည်မှာ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏အရေးကို ကိုင်တွယ်ရာ၌ ကမ္ဘာကြီး၏ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေပေါ် မူတည်လျက် လက်တွေ့ကျကျ အပြုသဘော ကိုင်တွယ်ဆောင်ရွက်ရန် ဖြစ်ပါသည်။ ကမ္ဘာ့ခေါင်းဆောင်များ အကျယ်ပြန့်ဆုံး တက်ရောက်ခဲ့သည်ဆိုသော ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံသည် ကုလသမဂ္ဂ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ၌ အရေးပါသည့် ညီလာခံဖြစ်ပါသည်။ ကမ္ဘာ့သတင်းမီဒီယာတို့၌ အပြောများသည့် အပြစ်မဲ့ပြည်သူတို့၏ အသက်ဘေးအ္တရာယ်အပေါ် ကာကွယ်ပိုင်ခွင့် (The Responsibility to Protect -R2P) သည် အဆိုပါ ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံမှ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ စစ်ရေးအရ စွက်ဖက်ပိုင်ခွင့်ဟု နားလည်ကြသည့် ဤအပြစ်မဲ့ပြည်သူတို့၏ အသက်ဘေးအ္တရာယ်အပေါ် ကာကွယ်ပိုင်ခွင့် (R2P) ၌ပင် အပြစ်မဲ့ပြည်သူတို့၏ အသက်ဘေးအ္တရာယ် ကာကွယ်ရေး၏ ပင်မတာဝန်သည် သက်ဆိုင်ရာ အစိုးရအပေါ်၌ရှိကြောင်း အသိအမှတ်ပြုထားပြီး အဆိုပါနိုင်ငံ ယန္တရားများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီမှုပေးရန် လိုအပ်ပုံကို အသိအမှတ်ပြုထားပါသည်။ ၂၀ဝ၂ ခုနှစ်၌ စတင်အသက်ဝင် လှုပ်ရှားခဲ့သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သည် အပြစ်မဲ့ပြည်သူတို့၏ အသက်ဘေးအ္တရာယ်ကာကွယ်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ကမ္ဘာ့ပြည်သူတို့အပေါ် ကိုယ်စားပြုပိုင်ခွင့်၌ များစွာအားနည်းလျက်ရှိပါသည်။

 

အမှန်တကယ်မှာမူ ကုလသမဂ္ဂနှင့်အတူ ကမ္ဘာကြီးအား ပြုပြင်ပြောင်းလဲရာ၌ အခြေပြုဆုပ်ကိုင်သင့်သည်မှာ အပြစ်မဲ့ပြည်သူတို့၏ အသက်ဘေးအန္တရာယ်အပေါ် ကာကွယ်ပိုင်ခွင့် (R2P)မဟုတ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) လည်း မဟုတ်ပါ။ ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံက ချမှတ်ခဲ့သော အခြေခံမူကိုသာ ဆုပ်ကိုင်ရမည် ဖြစ်ပါသည်။ ဤအခြေခံမူမှာ ငြိမ်းချမ်းမှုနှင့် လုံခြုံရေးအပါအဝင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အပြန်အလှန် အားဖြည့်ဆက်စပ်နေသည်ဖြစ်၍ ပဋိပက္ခအလွန်ကာလ၌ ငြိမ်းချမ်းမှုနှင့် ပြန်လည်သင့်မြတ်ရေးတို့အား ပုံဖော်ဖန်တီးရာတွင် ဤဆက်စပ်မှုအားလုံးကို ခြုံငုံသုံးသပ်လျက် တစ်ခုတည်းသော ချဉ်းကပ်ပုံရရှိစေရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကုလသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်အရေး ချဉ်းကပ်ကိုင်တွယ်ရာ၌ အဆိုပါ အခြေခံမူဖြင့်သာ အခြေပြု ဆောင်ရွက်သင့်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။ ။

(မြန်မာ့အလင်း)