ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာနှင့် တည်ကြည်ခိုင်မာမှု

နေပြည်တော် ၂၇ အောက်တိုဘာ

 

ကုလသမဂ္ဂအဖွဲ့ကြီး၏ တန်ဖိုးသည် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၏ ကုလသမဂ္ဂသို့ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသကဲ့သို့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သဟဇာတဖြစ်ရေးတို့ကို မြှင့်တင်ရန်ဖြစ်သည်နှင့်အညီ ထိခိုက်နစ်နာမှုများနှင့် ရန်လိုမှုများကို လျှော့ချရေး ဖြစ်ပါသည်။ ဤရည်မှန်းချက်များကို ဆုပ်ကိုင်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ ကြီးနှင့်အဖွဲ့ဝင်နိုင်ငံတို့အကြား မိမိတို့ရရှိထားသည့် လုပ်ပိုင်ခွင့်တို့ကို ဓမ္မဓိဋ္ဌာန်ကျခြင်း၊ သမာသမတ်ကျခြင်းနှင့် ပညာရှင်ပီသခြင်းအပါအဝင် အချုပ်အခြာ အာဏာလေးစားလိုက်နာခြင်းတို့ကို ဖော်ဆောင်ကျင့်သုံးရမည်ဖြစ်ပါသည်။

 

ကုလသမဂ္ဂသည် ကမ္ဘာတစ်ဝန်းထိခိုက်နစ်နာမှုများနှင့် ရန်လိုမှုများလျှော့ချရေးကို ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် သဟဇာတဖြစ်ရေးတို့ကို မြှင့်တင်ပေးရမည်ဟူသောဘောင်အတွင်းမှသာ ဖြစ်စေရမည် ဖြစ်ပါသည်။ သို့သော် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတချို့သည် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက်များအတွက်လူ့အခွင့်အရေးကိစ္စကို အပိုင်စီးရန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းမှုများကြောင့် ကုလသမဂ္ဂအဖွဲ့ ကြီး၏ ဂုဏ်သိက္ခာနှင့် တည်ကြည်ခိုင်မာမှုလျော့ပါးလာသည်ကို ထင်ထင်ရှားရှား မြင်တွေ့နေရပါသည်။ ဤအချက်ကိုကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌ မစ္စတာ မာဇူကီးဒါရုစ်မန် ရှင်းလင်းပြောကြားသည့် အစည်းအဝေး၌ တုံ့ပြန်ပြောဆို ထောက်ပြခဲ့ပါသည်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကို ၂၀၁၇ ခုနှစ် မတ်လ၌ စတင် ထူထောင်စဉ်ကပင် ဤအဖွဲ့ထူထောင်မှုနှင့် ဤအဖွဲ့၏ လုပ်ပိုင်ခွင့်တို့အပေါ် အထူးစိုးရိမ်မှုရှိသည်ဖြစ်၍ မြန်မာနိုင်ငံက ကန့်ကွက်ခဲ့ပါသည်။ မြန်မာနိုင်ငံက ကြိုတင်မှန်းဆထားသည့်အတိုင်း ဤအဖွဲ့၏ အစီရင်ခံစာသည် ခိုင်လုံမှုမရှိသောပြောဆိုဖြေကြားချက်များအပေါ်တွင် အခြေခံထားပါသည်။ ခိုင်လုံမှုမရှိသော ပြောဆိုဖြေကြားချက်များအပေါ်တွင်သာ အခြေခံထားသည့်အစီရင်ခံစာသည် လက်ရှိတင်းမာမှုများကို ဆက်လက်တိုးပွားစေမည်သာမက၊ လူမှုအသိုက်အဝန်းအကြား သဟဇာတဖြစ်ရေးအတွက် အစိုးရ၏ကြိုးပမ်းဆောင်ရွက်ချက်များကိုလည်း နှောင့်နှေးစေမည် ဖြစ်ပါသည်။ ဤအချက်ကိုလည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တာဝန်သိစွာထောက်ပြခဲ့ပါသည်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) သည် လူ့အခွင့်အရေးကောင်စီသို့ ၎င်း၏အစီရင်ခံစာကို တင်ပြရာ၌ မတည်းဖြတ်ရသေးသည့် အစီရင်ခံစာကို ကတိုက်ကရိုက်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ တင်ပြခဲ့သောရက်သည် ၂၀၁၈ ခုနှစ်၊ဩဂုတ်လ ၂၇ ရက်နေ့ ဖြစ်ပါသည်။ ဤအဖွဲ့၏အစီရင်ခံစာကို လူ့အခွင့်အရေး ကောင်စီသို့ အမှန်တကယ် တင်ပြရမည့်ရက်သည် ၂၀၁၈ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်သာ ဖြစ်ပါသည်။ ဤအဖွဲ့က အဘယ်ကြောင့်အမှန်တကယ် တင်ပြရမည့်ရက် မတိုင်ခင် ကတိုက်ကရိုက် တင်ပြခဲ့ရပါသနည်း။ ဤနေရာ၌ သတိထားရမည်မှာ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၂၈ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာတံခါးဖွင့်အစည်းအဝေး ကျင်းပမည်ဖြစ်၍ ဖြစ်ပါသည်။ အစီရင်ခံစာကိုကတိုက်ကရိုက်တင်ပြမှုနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ တံခါးဖွင့်အစည်းအဝေးကို ဆက်စပ်သုံးသပ်ပါက မြန်မာနိုင်ငံ၏ကျိုးကြောင်းဆီလျော်သော စိုးရိမ်ပူပန်မှုကို သဘောပေါက်နားလည်နိုင်မည်ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာနှင့်တည်ကြည်ခိုင်မာမှုတို့ကိုသာ ဆက်လက်ထိပါးနေပါက ကမ္ဘာကြီး၏ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ဟန်ချက်ပျက်စေမည်ဖြစ်ပါကြောင်းလေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း