ကုလအစည်းအဝေးတက်မည့် ရုရှားကိုယ်စားလှယ်များကို ဗီဇာငြင်းပယ်သည့်အတွက် အမေရိကန်ကို ရုရှားပြစ်တင်ဝေဖန်

မော်စကို ၂၄ စက်တင်ဘာ

ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဗီဇာငြင်းပယ်ခဲ့သည့်အတွက် ရုရှားက အမေရိကန်အစိုးရကို အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရားများ ချိုးဖောက်သည်ဟု ပြစ်တင်စွပ်စွဲပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်မည်ဟု ခြိမ်းခြောက်လိုက်သည်။

“ဒါဟာ စိတ်ပူစရာကောင်းတဲ့ ကိစ္စပါ။ ဒီလိုလုပ်ရပ်မျိုးကို လက်ခံလို့မရပါဘူး။ ဒါဟာ အမေရိကန်အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရားတွေကို တိုက်ရိုက်ချိုးဖောက်တာပါ။ ဒါဟာ နှစ်နိုင်ငံအလည်အပတ် ခရီးစဉ်မဟုတ်ပါဘူး။ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူမှုတွေ ပြုလုပ်ဖို့ရုရှားအနေနဲ့ တောင်းဆိုနေတာပါ” ဟု သမ္မတ ဗလာဒီမာ ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီပတ်စ်ကော့ဗ်က သတင်းထောက်များကို ပြောသည်။

ဒမစ်ထရီပတ်စ်ကော့ဗ်က ရုရှားနည်းတူ တုံ့ပြန်ဆောင်ရွက်ရန် နယူးယောက်ရုံးချုပ်တွင် အထွေထွေညီလာခ ံကျင်းပနေသည့် ကုလသမဂ္ဂကို တိုက်တွန်းခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ရုရှားကိုယ်စားလှယ် အဖွဲ့ဝင်အတော်များများ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ မရရှိခဲ့ဟု၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် အင်္ဂါနေ့က ရေးသားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မော်စကိုရှိ အမေရိကန်သံတမန်အဖွဲ့ ဒုတိယအကြီးအကဲကို ဆင့်ခေါ်၍ ကန့်ကွက်ကြောင်းပေးစာ ပေးအပ်ခဲ့သည်ဟု ရုရှားမီဒီယာများက ဖော်ပြသည်။

ရုရှားထိပ်တန်းသံတမန် ဆာဂေးလာဗရော့ဗ်က နယူးယောက်မြို့၌ သောကြာနေ့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်တွေ့သည့်အခါ ယင်းကိစ္စကို မေးမြန်းမည်ဖြစ်သည်ဟု ဇာခါရိုဗာက ပြောကြားသည်။ ယခုနှစ် စောစောပိုင်းက ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အန်ဂလို အမေရိကန်ကျောင်းမှ ဆရာများကို ပြည်ဝင်ခွင့်ဗီဇာ ရုရှားနိုင်ငံက ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-အောင်ဇော်လင်း