ကတူး တိုင်းရင်းသားယဉ်ကျေးမှုပွဲတော် ကျင်းပမည်

အင်းတော် ၁၄ ဇန်နဝါရီ

 

မြန်မာနိုင်ငံ၏ လူမျိုးစုထဲတွင် ပါဝင်သော ကတူး တိုင်းရင်းသားများ၏ တိုင်းရင်းသားရိုးရာပွဲတော် ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များတွင် အင်းတော်မြို့နယ် နန့်သာကျေးရွာအုပ်စု၊ အင်ပင်ကျေးရွာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

“မြန်မာတိုင်းရင်းသားမျိုးနွယ်စု ဗမာအုပ်စုအတွင်းတွင် ပါဝင်သော ကတူးတိုင်းရင်းသားများ၏ ရိုးရာပွဲတော်ကို ကျွန်တော်တို့အနေနဲ့ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ မနှစ်တုန်းကတော့ ဗန်းမောက်မြို့နယ်မှာ ကျင်းပခဲ့ပြီးတော့ ဒီနှစ်မှာတော့ အင်းတော်မြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ ကတူး တိုင်းရင်းသားများအားလုံး သွေးစည်းညီညွတ်ရေး၊ ကတူးတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ မပျောက်ပျက်စေရေး၊ ကတူး စာပေနဲ့ ကတူးစကားများ ပြန်လည် ထွန်းကားလာရေးအတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းပဲ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ကျွန်တော်တို့ ကတူး တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု စာပေ စာတမ်းများကို ဖတ်ကြားတင်ပြပြီး၊ ကတူးတိုင်းရင်းသားတွေရဲ့ ရိုးရာအစဉ်အလာ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေရဲ့ ရိုးရာ ခြေနင်းမောင်းထောင်းပြိုင်ပွဲ၊ လက်ဆုံမောင်းထောင်းပြိုင်ပွဲ၊ ဒိုးထိုးပြိုင်ပွဲ၊ စကော စကာယက်ပြိုင်ပွဲ၊ ဒူးလေးပစ်ပြိုင်ပွဲ၊ ဂျင်ပေါက်ပြိုင်ပွဲ၊ ရေငုပ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲစတဲ့ ပြိုင်ပွဲတွေကိုလည်း ထည့်သွင်း ကျင်းပသွားမှာဖြစ်ပါတယ်” ဟု ကတူးတိုင်းရင်းသားဥက္ကဌ ဦးကံအောင်က ပြောပြခဲ့သည်။

 

အဆိုပါ ပွဲတော်သို့ အနယ်နယ်အရပ်ရပ်ရှိ ကတူးတိုင်းရင်းသားများ၊ ပတ်ဝန်းကျင်ဒေသအတွင်းရှိ အခြားတိုင်းရင်းသား လူမျိုးစုများကိုပါ ဖိတ်ကြားသွားမည်ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ကျော်သီဟ