ကွတ်ခိုင်မြို့၌ ဖုန်းအားသွင်းထားရာမှ မီးလောင်မှုဖြစ်၊ နှစ်ဦးသေဆုံး

ကွတ်ခိုင် ၇ မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ မြို့မဈေးအနီးရှိ စေတနာ ဖုန်းအရောင်းဆိုင်နှင့် မြတ်သူဇာ ကုန်စုံဆိုင်၌ ယနေ့ နံနက်  ၄ နာရီ ၃၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

1

 

မီးလောင်မှုသည် ဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးစိုင်းလှိုင်ဝမ်း၏ ညီဖြစ်သူ စိုင်းစံ(၃၇နှစ်)မှာ ဆိုင်အတွင်းရှိ ပလပ်ပေါက်မှ ဖုန်းအားသွင်းထားရာမှ ရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ စေတနာဖုန်းဆိုင်ရှေ့တွင် ရပ်ထားသော Crown အဖြူရောင် (လိုင်စင်စိစစ်ဆဲ)နှင့် MISUBISHI အနက်ရောင်ယာဉ် (လိုင်စင်စိစစ်ဆဲ)တို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ၄င်းနှင့်ကပ်လျက်ရှိသော ဦးစိုင်းထွန်း၏ တောင်ပေါ်သူ Mobile အမည်ရှိ ဖုန်းအရောင်းဆိုင်ကို ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

1

 

အဆိုပါ မီးလောင်မှုကြောင့် ဦးစိုင်းလှိုင်ဝမ်း၏ ညီဖြစ်သူ စိုင်းစံ(၃၇)နှစ်နှင့် ဦးစိုင်းထွန်း၏ သမီးဖြစ်သူ မခင်နှင်း (၂၉)နှစ်တို့ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မိုင်းညီ(ကွတ်ခိုင်)

 

1