ကသာ၊ ၁၃ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မံစီကျေးရွာတွင် မိသားစု စားဝတ်နေရေးအဆင်ပြေရန်အတွက် ဝါးနှီးဖြာကာ ရောင်းချသည့် အလုပ်ကို တစ်ရွာလုံးနီးပါး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မံစီကျေးရွာတွင် အိမ်ခြေ ၅၀ ခန့်ရှိပြီး ဆောင်းရာသီရောက်ချိန်တွင် ဝါးနှီးဖြာသည့်အလုပ်ကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ကြရာ ဝါးနှီးများကို မိသားစုဝင် များလျှင် တစ်ရက်ကို နှီး ၁၀ ပိဿာခန့်နှင့် မိသားစုဝင် နည်းလျှင် တစ်ရက်ကို နှီး လေးပိဿာခန့် ဖြာနိုင်ကြောင်း သိရသည်။
“နှီးဖြာတာကို ဝါးနုတဲ့ ဆောင်းတွင်းပိုင်းမှာသာ လုပ်ကြတယ်။ ကျန်တဲ့အချိန်မှာတော့ ဝါးရင့်ရင် နှီးဖြာ လို့မရဘူး။ အဆိုပါအလုပ်ကို ဒေသခံပြည်သူအများစုက မိသားစုစားဝတ်နေရေးအဆင်ပြေဖို့အတွက်ပဲ လုပ်ကြတာများတယ်။ တချို့သူတွေက မိသားစုဝင် များရင်များသလို နှီးတွေကို များများဖြာနိုင်တဲ့ အတွက် နှီးရောင်းတဲ့အခါ ဝင်ငွေ ပိုရတယ်” ဟု မံစီကျေးရွာနေ ဒေသခံပြည်သူ တစ်ဦးက ပြောပြသည်။
ဝါးနှီးဖြာရာတွင် နှီးအတို တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ နှင့် နှီးအရှည် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ အထိ ရောင်းချရကြောင်း၊ နှီးဖြာသော ဝါးများကို တောအတွင်း သွားရောက် ခုတ်ယူကာ မိသားစုဝင်များလျှင် နှီးများကို ပိုမိုဖြာနိုင်သည့်အပြင် ဝင်ငွေလည်း ပိုမိုရရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ရဲအောင်(ကသာ)


