ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲများ ကျင်းပ

နေပြည်တော် ၁၈ ဒီဇင်ဘာ

 

မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများ၏ အထူးအလေးထားရာ နေ့တစ်နေ့ဖြစ်သည့် ၂၇၅၇ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားများကို မြို့နယ်အချို့တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကရင်နှစ်သစ်ကူးပွဲတော်ကို ကန်သာယာ ပြည်ထောင်စုကွင်းအတွင်း ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ဖတ်ကြားပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ပေးပို့သည့် သဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဖတ်ကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

 

အလားတူ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ အ.ထ.က (မင်းလှ) အားကစားကွင်းတွင်လည်း တိုင်းဒေသကြီး ကိုယ်စားပြု ဆဋ္ဌမအကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကို  ကျင်းပခဲ့ရာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီးနောက် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဦးစောမူတူးစေးဖိုးထံမှ ပေးပို့သော နှစ်သစ်ကူး သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။ 

 

ဘီးလင်းမြို့နယ်တွင်လည်း ကရင်နှစ်သစ်ကူးပွဲတော်ကို မဲလံဆံတော်ရှင် ဘုရားတောင်ခြေ၌ ကရင်ရိုးရာပြခန်း၊ ကရင်ဝတ်စုံ အရောင်ဆိုင်များ၊ မှုခင်းပြခန်းယာဉ်များနှင့် ကရင်ရိုးရာ အကပြိုင်ပွဲ သီဆိုဖျော်ဖြေမှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကရင်ရိုးရာ ဒုံးယိမ်းအက ပြိုင်ပွဲတွင် ဆုရရှိကြသော ဒုံးယိမ်းအက အဖွဲ့များကို  တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲ အခမ်းအနားများကို ယနေ့နံနက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

 

MDN