ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရေးအကြီးဆုံးက ငြိမ်းချမ်းရေးဖြစ်ပါတယ် ဒီငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးရေးကို လုပ်လို့ရမှာဖြစ်ပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

ဦးယောသပ် (လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့) က “ကျွန်တော်တို့ဒေသမှာ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ အင်မတန်မှ အားနည်းပါသေးတယ်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုရဲ့ အရွေ့တစ်ခုမှာ ကျွန်တော်တို့ အခုလို လက်တွဲဆောင်ရွက်ခွင့် ရမယ်ဆိုရင် ဒီထက်မက တိုင်းရင်းသားတွေအတွက် တန်ဖိုးရှိမယ့်အရာတွေ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆက်ပြီးမှလည်း လုပ်ဖို့အတွက် ကျွန်တော်တို့ ခွန်အားတွေ စုစည်းထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့ နံပါတ် (၁) အရေးကြီးပါတယ်။ နံပါတ် (၂) အနေနဲ့ တိုင်းရင်းသားပေါင်းစုံကလည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုး လေးလေးစားစား ဆက်ဆံပြီးမှ လက်တွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားတွေ ဒီလိုစည်းလုံးညီညွတ်ပြီး လက်တွဲဆောင်ရွက်နိုင်မယ်ဆိုရင် မိမိရဲ့ဒေသ၊ မိမိရဲ့ပြည်နယ်၊ မိမိရဲ့ နိုင်ငံတော်ကြီးအတွက် ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင် ဆောင်ရွက်နိုင်မယ်လို့ မြင်တဲ့အတွက် တိုင်းရင်းသားပြည်သူတွေ အနေနဲ့ စည်းလုံးညီညွတ်မှု ရှိစေချင်ပါတယ်” ဟုပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

MDN