ကျွန်တော်နှင့် ကိုဗစ် - ၁၉

 

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြီးဟာ အခုချိန်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ထိခိုက်နေတာဖြစ်တယ်။ ရုပ်မြင်သံကြားက သတင်းတွေကြည့်ရင်ကြောက်လန့်စရာ။ ရောဂါကူးစက်နေတဲ့သူတွေ၊ သေဆုံးသွားတဲ့ ဦးရေတွေဟာ နေ့စဉ်တိုးတက်နေတာ မြင်ရတယ်။ ကြောက်စရာ ထိတ်လန့်စရာ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးတဲ့ စိန်ခေါ်မှုဖြစ်တယ်။ စိုးရိမ်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ကြုံနေကြရတယ်။ လူမှုကွန်ရက်တွေက သတင်းတွေကလည်း ယူရခက်ခက်။ တထိတ်တလန့်ဖြစ်စရာတွေ ဇာတ်လမ်းတွေဆင်ပြီး ရေးနေ ဖြန့်နေကြတာ။ ရုပ်မြင်သံကြားကို မကြည့်ရင်လည်း နောက်ဆုံးအခြေအနေတွေကိုမသိ၊ ကြည့်ပြန်ရင်လည်း စိုးရိမ်စိတ်တွေ၊ စိတ်ပူရတာတွေ တဖြည်းဖြည်းတိုးလာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတာ။

 

နိုင်ငံအလိုက် ကိုဗစ်ကို တုံ့ပြန်ပုံ မတူကြ

 

စဖြစ်တဲ့တရုတ်နိုင်ငံမှာ အခြေအနေက ထိန်းသိမ်း နိုင်တဲ့ အနေအထားဖြစ်နေတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တုံ့ပြန်တဲ့ပုံစံက မတူကြဘူး။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွား ရေးအခြေခံတွေအပေါ်မူတည်ပြီး ဆောင်ရွက်ကြတယ်။ တရုတ်ပြည်မှာ အားလုံးကို ပိတ်ဆို့ခဲ့တယ်။ စောင့်ကြည့် လူနာတွေအတွက် ဆေးရုံအသစ်တွေကို ရက်အနည်း ငယ်အတွင်း တည်ဆောက်နိုင်တယ်။ အပြင်မထွက်ရ အမိန့်ကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော် နိုင်ခဲ့တယ်။ ဗဟိုဦးစီးစနစ်ကို အပြည့်အဝအသုံးချနိုင်ခဲ့ တယ်။ အခုဆိုရင် အသစ်ဖြစ်တဲ့လူနာဦးရေ တန့်သွားခဲ့ တယ်။ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြန်ပြီး ဖွင့်လှစ်နိုင်ခဲ့တယ်။ ပုံမှန်အခြေအနေ မရောက်သေးပေ မယ့် အဆိုးရွားဆုံးအနေအထားကို ဖြတ်ကျော်လာတဲ့ သဘောရှိတယ်။

 

အီတလီနိုင်ငံအပါအဝင် အနောက်ဥရောပနိုင်ငံ တွေဖြစ်တဲ့ ပြင်သစ်၊ စပိန်နိုင်ငံတွေမှာ အလူးအလဲခံရ တယ်။ အသေအပျောက် အရေအတွက်ကလည်းကြောက်စရာ။ အီတလီအနောက်ပိုင်းဒေသမှာသေဆုံးတဲ့ သူတွေရဲ့အလောင်းတွေကိုစစ်တပ်ကသယ်ယူပြီး သင်္ဂြိုဟ် ပေးခဲ့ရတယ်။ တိုက်ခန်းတွေမှာ အပိတ်ခံနေရသူတွေ တစ်ဦးနဲ့တစ်ဦး သီချင်းတွေဆိုပြီး အားပေးနေတာ တွေ့ရတယ်။ တောင်ကိုးရီးယားနိုင်ငံကတော့ စံနမူနာ တင်ထိုက်တဲ့နိုင်ငံ ဖြစ်ဖြစ်ချင်းတုံ့ပြန်ခဲ့တယ်။ ရောဂါရှိ မရှိ စမ်းသပ်မှုတွေကို နိုင်ငံအဝန်းလုပ်ခဲ့တယ်။ လိုအပ် တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း အချိန်မီ ပေးနိုင်ခဲ့တယ်။ တောင် ကိုရီးယားနိုင်ငံနဲ့ အတူ စင်ကာပူနိုင်ငံဟာလည်း စံပြပဲ။ အရေးပေါ်အခြေအနေ ကြေညာပြီး လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်ခဲ့တယ်။

 

ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေရဲ့ နမူနာကို ဆင်းရဲတဲ့ နိုင်ငံတွေက ယူလို့မဖြစ်နိုင်ဘူး။ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ပုံစံနဲ့ပဲ ရင်ဆိုင်ကြရမှာ။ ကိုဗစ်-၁၉ ဟာ ကျန်းမာရေးပြဿနာသက်သက်မဟုတ်ဘူး။ စီးပွားရေး၊ လူမှုရေး ၊ နိုင်ငံရေးတွေနဲ့ဆက်စပ်နေတာ။

 

အမေရိကန်ပြည်ထောင်စုရဲ့ အခြေအနေကို လေ့လာပြီး ဆန်းစစ်နိုင်ဖို့ လိုအပ်တယ်။ ရောဂါဖြစ်စမှာ ပြဿနဟာ မကြာမီ ပပျောက်သွားမှာ တကယ်စိုးရိမ် စရာမလိုဘူးလို့ မြင်ခဲ့ကြတယ်။ တဖြည်းဖြည်း အခြေအနေက မထင်မှတ်ဘဲ ဆိုးလာခဲ့တယ်။ သိပ္ပံ ပညာရှင်များက ရောဂါပြန့်ပွားမှုလျော့အောင် အားလုံး ပိတ်ဖို့လို တယ်။ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်မနေဖို့ အကြံပြု ခဲ့တယ်။ ဒါကို ပြည်နယ်အများစုက ကျင့်သုံး ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တယ်။ လမ်းပေါ်မှာ လူတွေလုံးဝမရှိတော့ဘူး။ ဒါကြောင့်လည်း အလုပ်လက်မဲ့တွေ တိုးလာတယ်။ စီးပွားရေး ဆုံးရှုံးမှု တွေများခဲ့တယ်။ တစ်နေ့က စီးပွားရေးနာလန်ထအောင် လွှတ်တော်ကဒေါ်လာ ၂ထရီလီယံသုံးစွဲဖို့အတည် ပြုခဲ့တယ်။ သမ္မတလုပ်သူက စီးပွားရေးလုပ်ငန်းတွေ ပြန်လည်နိုးထလာဖို့ အာရုံရှိတယ်။ သူ့အတွက်က ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့က အဓိက။ဒါကြောင့် ကိုဗစ်-၁၉ ဟာ ကျန်းမာရေး၊ စီးပွားရေး နဲ့ နိုင်ငံရေး လွန်ဆွဲမှုတွေ ပြင်းထန်စေခဲ့တာ။

 

တစ်ကိုယ်ရေသန့်ရှင်းရေးက အကာအကွယ်ပေးနိုင်မှာ

 

နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်နေတယ်။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေ ချိန်မှာ တစ်ဖက်ကစီးပွားရေးလုပ်ငန်းရှင်များကလည်း တာဝန်ကျေပွန်ဖို့ လိုအပ်တယ်။ ရောဂါရဲ့ ဒဏ်ကိုခံရမှာက လုပ်ငန်း ရှင်တွေ၊ အလုပ်တွေ၊ စက်ရုံတွေ၊ ဆိုင်တွေ။ လုပ်ငန်းတွေ ပိတ်ရရင် ထိခိုက်နစ်နာမှာ။ တစ်ဖက်ကလည်း ဝန်ထမ်းတွေရဲ့ ဒုက္ခကလည်း မသေးလှဘူး။ အလုပ်လက်မဲ့ဖြစ်တဲ့ ဒဏ်ကို ခံရမှာ။ စားဝတ်နေရေးကိစ္စကလည်း ဖြေရှင်းရမှာ။ လူတိုင်း သတိပြုရမယ့်ကိစ္စကတော့ ကိုဗစ်-၁၉ ဟာ ဘာနဲ့မှ မတူတဲ့ စိန်ခေါ်မှုဖြစ်တယ်။ မကြုံဖူးတဲ့အန္တရာယ်။ သာမန် ရောဂါမဟုတ်ဘူး။ အဆိုးဆုံးက ဘယ်သူ့မှာ ရောဂါရှိနေ သလဲဆိုတာကို မသိနိုင်တဲ့ကိစ္စ။ ဒါကြောင့် think positive ဆိုတဲ့ ဆောင်ပုဒ်ကို ကျွန်တော်က နှစ်သက်တယ်။ အရင်တုန်းက think positive လို့ပြောရင် အကောင်းမြင်ဝါဒ ကိုပြောတာ၊ အဆိုးထဲကကောင်းတာကို မြင်နိုင်အောင် ဆင်ခြင်တာ။ အခုကတော့ ကိုယ့်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး positive ဖြစ်နေပြီးကိုယ့်မှာ ရောဂါရှိနေပြီဆိုပြီး သုံးသပ်ဆင်ခြင်ဖို့။ ကိုယ့်မှာ ဒီရောဂါရှိနေတာသိရင် ရောဂါကို မပြန့်အောင်၊ မကူးအောင် ဆင်ခြင်ရမှာဖြစ်တယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးက အကာအကွယ်ပေးနိုင်တယ်။ အထူးသဖြင့် လက်ဆေးတာ။ ဒါပေမယ့် စနစ်တကျ လက်ဆေးဖို့လိုအပ်တယ်။ ရုပ်မြင် သံကြားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စနစ်တကျ လက်ဆေးနည်းကို သရုပ်ပြခဲ့တယ်။ ပေါ့ပေါ့တန်တန်ဖြစ်သလိုဆေးလို့မဖြစ်ဘဲ မှန်မှန်ကန်ကန်လုပ်ဖို့ လိုအပ်တယ်။ လက်ကိုမျက်နှာနဲ့ မထိအောင် သတိပြုရမယ်။ လက်ဆွဲနှုတ်ဆက်တဲ့ အကျင့်ကို ဖျောက်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် အနီးကပ် မနေဖို့ (Social distancing) ကျင့်သုံးရမယ်။ ကျွန်တော် သတင်းစာတွေဖတ်ရင် အခုထိ အစည်း အဝေးတွေမှာ တစ်ဦးနဲ့တစ်ဦး ပူးကပ်နေတာ တွေ့ရတယ်။ လူအုပ်ထဲမှာ ဓာတ်ပုံတွေ ရိုက်ပြလျက်ရှိ တယ်။ မင်္ဂလာဆောင်တွေ၊ အလှူအတန်းတွေ အခုထိလုပ်နေတုန်း။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူ တာဝန်ခံတဲ့စိတ်က တွေးရမှာ။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူတွေ သိန်းချီတယ်။ | အခုသူတို့တွေပြန်လာရင် ရောဂါရှိ မရှိမသိနိုင်ဘူး။ ရုံးတွေ၊ အလုပ်တွေပိတ်ရင် ဝန်ထမ်းတွေက နေရပ်တွေ ပြန်ကြ မှာ။ သူတို့ရဲ့ မိသားစုတွေအတွက် အန္တရာယ်က မသေး လှဘူး။

 

ညွှန်ကြားချက်များ လိုက်နာရန်လို

 

တချို့စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းတွေကိုအဆိုင်းနဲ့ အလုပ်တက်ဖို့ စီစဉ်နေကြတယ်။ စားသောက် ဆိုင် တွေမှာလည်း အိမ်ကိုသယ်တာတွေပဲ ရောင်းချနေ တယ်။

 

ကိုဗစ်-၁၉ကို နာဂစ်နဲ့ နှိုင်းယှဉ်လို့မရဘူး။ ဒီတုန်းက သေသူတစ်သိန်းခွဲကျော်တယ်။ စီးပွားရေးထိခိုက်မှုလည်းရှိတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးလောက်သာ ထိခိုက်ခဲ့တာ။အခုတော့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တယ်။ ဒါကြောင့်အဓိကက အသွားအလာဆင်ခြင်ဖို့၊ ဖြစ်နိုင်ရင် အိမ်မှာနေဖို့။ ခက်တာက ဘယ်လောက်ကြာကြာနေရမယ်ဆိုတာကိုလည်း အတိအကျပြောနိုင်မှာ မဟုတ်ဘူး၊အရေးကြီးတာက သတင်းအချက်အလက်တွေ မှန်မှန် ရဖို့။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ( ညွှန်ကြားချက်တွေ လိုက်နာဖို့လိုတယ်။ လူမှုကွန်ရက်က မမှန်သတင်းတွေကို ရှောင်ရမယ်။ တောကြောင်တွေရဲ့ အန္တရာယ်ကို ဂရုပြုဖို့လိုအပ်တယ်။ အိမ်ထဲမှာနေရတဲ့ ဒုက္ခကလည်း မသေးလှဘူး။ ခဏမဟုတ်ဘဲ ဘယ်လောက်ကြာကြာနေရမလဲဆိုတာ မသိတော့ ပိုဆိုးတယ်။ အိမ်ကနေ အလုပ်လုပ်နိုင်တဲ့သူတွေအတွက်အဆင်ပြေပေမယ့်လက်လုပ်လက်စားတွေက အိမ်ထဲကနေလုပ်လို့ဖြစ်တာ မဟုတ်ဘူး။ ပန်းရန်တို့၊ လက်သမားတို့ ဘယ်လိုလုပ်ကြမလဲ။ အစိုးရက အခွန်တွေ အတိုးနှုန်းတွေ ချနေတယ်။ လိုအပ်ရင် အခုထက်ပိုပြီးထိရောက်အောင် လုပ်ရမှာ။ ကျွန်တော်တို့နိုင်ငံမှာ အလုပ်သမားအများစုဟာ ကိုယ်ပိုင်လုပ်သားတွေ၊ လူမှုဖူလုံရေးကာကွယ်မှုတွေရှိကြတာ မဟုတ်ဘူး။

 

ကျွန်တော်စိတ်အပူဆုံးက နဂိုအတိုင်းဆိုတဲ့ အမြင် ပဲ။ ကိုဗစ်-၁၉ ကြောင့် နဂိုဆိုတာ မရှိတော့ဘူး။ နဂို အသစ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရတော့မယ့် အချိန်။ အပြစ်တင် ရမယ့် အချိန်၊ လက်ညှိုးထိုးရမယ့်အချိန် မဟုတ်တော့ ဘူး။ တစ်ဦးချင်းတစ်ယောက်ချင်းမှာ တာဝန်ရှိသလိုအစု အဖွဲ့တွေ၊ အဖွဲ့အစည်းတွေမှာလည်း တာဝန်အကြီးကြီး။

နိုင်ငံရဲ့ အင်အားကို ပြုကြပါစို့

 

လူတွေဟာ မရေရာမှုကို ကြောက်တယ်၊ စိုးရိမ်တယ်၊ ပူပင်ကြတယ်။ တာဝန်ရှိတဲ့သူတွေက ဒီစိတ်တွေ ဖြေလျှော့ပေးရမယ်။ ပကတိအခြေအနေ ကို ပွင့်လင်းမြင်သာစွာ ပြောရမယ်။ တစ်ဦးချင်း တစ်ယောက်ချင်း လုပ်နိုင်တာကို ဖော်ထုတ်ကြရတော့ မှာ။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ ပြုပြင်ရမယ်။ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုပေမယ့် အခုချိန် မှာ ငတေလည်း သေမှာ၊ လိုတာထက်ပိုပြီး အထိတ် တလန့်မဖြစ်အောင်တော့ ဆင်ခြင်ကြရမှာ။ အခုဆို ရင်အကြောက်တရားအခြေခံပြီး စားသောက်ကုန်တွေကို အလုအယက် ဝယ်နေကြတယ်။ ရောင်းသူတွေကလည်း အခွင့်ကောင်းယူပြီးဈေးတင်နေတယ်။ စိတ်ပူလို့ ဝယ်သူ ကို နားလည်သလို အမြတ်တင်ရောင်းတဲ့သူကိုလည်း သဘောပေါက်တယ်။

 

ကိုဗစ် -၁၉ ဖြစ်ပြီးချိန် ကျွန်တော့်ရဲ့ စဉ်းစားချက် အတွေးတွေကို နီးစပ်တဲ့သူတွေဆီ ဖြန့်ဝေခဲ့တယ်။ နေ့စဉ်နေ့တိုင်း အိမ်မှာအလုပ်လုပ်နေရတော့ လုပ်ခွင့်ရ တယ်။ ကြုံကြိုက်သလို ဆောင်းပါးတွေရေးဖို့ စီစဉ်ထား တယ်။ အခုချိန်မှာ ကိုယ်ရောစိတ်ပါ ပင်ပန်းနေကြတယ်။ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ သောကတွေ ဝေနေတယ်။ ဒါပေမယ့် နောက်တစ်နှစ် ၂၀၂၁ မတ်လ ၃၀ ရက်ကို စဉ်းစားကြစို့။ ကပ်ကြီးကျော်ပြီး ကိုယ်ရေးရာ စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။ ရင်ဆိုင်ခဲ့တဲ့ အခက် အခဲတွေကို ပြန်ကြည့်ရင် မိမိနဲ့ မိသားစုရဲ့ အားအင် တွေကို မွေးကြပါစေ။ နိုင်ငံရဲ့ အင်အားကိုလည်း ပြကြပါစို့။ ။

 

မြန်မာ့အလင်း