ကျွန်တော်နဲ့ ငွေဆောင်

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

ကျွန်တော်ငွေဆောင်မရောက်တာ အတော်လေးကြာသွားပြီ။ ရောက်ချင်ပေမယ့် အကြောင်းမညီညွတ်လို့ မရောက်ခဲ့တာ။ ဒီတစ်ခေါက်တော့ သမီးက သွားချင်တယ်ပြောလို့ သွားခဲ့ကြတယ်။ သူက အခုဆို မိဘနဲ့အတူ နေဖို့ မြန်မာပြည်ပြန်လာတာ။ ဘွဲ့ရပြီး နှစ်နှစ်လောက် အလုပ်လုပ်ခဲ့တာ။ သူက နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေး သိပ္ပံဘာသာတွဲတွေယူပြီး ပညာရေးကိုအထူးပြုပြီး ဘွဲ့ယူခဲ့တယ်။ သူလုပ်ခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်း ရဲ့ လုပ်ငန်းက စိတ်ဝင်စားစရာ။ မိသားစုထဲမှာ ပထမဆုံး တက္ကသိုလ်တက်ခွင့်ရအောင် အထက်တန်းကျောင်း သား ကျောင်းသူတွေကို နည်းပြအဖြစ် တာဝန်ယူရတာ။ မိသားစုတိုင်းမှာ တက္ကသိုလ်ကို ပထမဆုံးတက်ခွင့်ရတဲ့ အခွင့်အရေးဟာ အလွန်ထူးခြားတဲ့ကိစ္စ။ အမှန်တော့ မိသားစုဆိုတာ လက်ဆင့်ကမ်းမှုပဲ။ မိမိရဲ့သားသမီးတွေ ဟာကိုယ့်ထက် ပညာတတ်အောင်၊ ထူးချွန်အောင်၊ အောင်မြင်အောင်ကြိုးစားရမှာ။ ဒါမှလည်းတိုးတက်တဲ့ ပြောင်းလဲမှုဖြစ်နိုင်မှာ။

အခု သမီးက ဘွဲ့လွန်သင်တန်းတွေ မတက်မီ မြန်မာပြည်ကို ခေတ္တပြန်လာတာ။ ပြန်လာတဲ့အခါမှာလည်း သူနဲ့ သက်ဆိုင်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူနက်စကိုမှာ အငယ်တန်းအကြံပေးအနေနဲ့ တာဝန်ယူနေတာ။ ဘာပဲဖြစ်ဖြစ် အခုလိုသမီးနဲ့အတူ ပြန်နေရတာက ကျွန်တော်တို့အတွက် အမြတ်ပါပဲ။ ခေတ်တွေက မတူကြတော့ဘူး။ ကျွန်တော်တို့တုန်းကတော့ ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်တက်၊ ဘွဲ့ရတဲ့အခါ အစိုးရအလုပ်ဝင်လုပ်။ အချိန်တန်တော့ ပင်စင်အငြိမ်းစားယူ။ ဘဝက ရိုးရိုးစင်းစင်း တစ်ဖြောင့်တည်း။ နိုင်ငံခြားသွားဖို့ဆိုရင်လည်း နိုင်ငံတော်က လွှတ်မှသွားခွင့်ရတာ။ အခုတော့ နိုင်ငံခြားမှာ ပညာသင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သွားခွင့်ရှိတယ်။ လွတ်လွတ် လပ်လပ်ပဲ အပြင်မှာ ကျောင်းနေပြန်တော့ ဘွဲ့ရပြီးချိန် အလုပ်တွေရှာပြီး နိုင်ငံခြားမှာပဲနေကြတာ။ တချို့ ကတော့ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်နေကြတဲ့သူတွေ ရှိလာပြီ။

သမီးကတချို့နေရာတွေမှာ ကျွန်တော်နဲ့တူတယ်။ ပညာလောဘကြီးတယ်။ တလောက ဘွဲ့လွန်သင်တန်း တက်ဖို့ စာမေးပွဲကို ဗန်ကောက်မှာ သွားဖြေတယ်။ ဖြေဖြေပြီးချင်းအမှတ်သိရတယ်။ ရမှတ်က ၉၂ ရာခိုင်နှုန်း။ ကျွန်တော်နဲ့ သူ့မိခင်ကတော့ တော်ပြီလုံလောက်ပြီလို့ သူ့ကိုပြောတယ်။ ဒါပေမယ့် သူကထပ်ဖြေချင်တယ် ဆိုတော့ စီစဉ်ရပြန်ရော။ ထပ်ဖြေတဲ့အခါ ၉၆ ရာခိုင်နှုန်း ရခဲ့တယ်။ သူကဘွဲ့လွန်တက်တဲ့အခါ သေချာအောင် ကြိုးစားတာ။ ကျွန်တော်က စိတ်ထဲက ချီးကျူးမိတယ်။ အခုလို ပညာလောဘရှိတာကို ကျွန်တော်ကြိုက်တယ်။ ရာထူးတို့၊ ငွေကြေးတို့ဟာ အရေးမကြီးဘူး။ တကယ် တန်ဖိုးရှိတာက ပညာရေးပဲ။ သူ့ကို မဟာဘွဲ့၊ ပါရဂူဘွဲ့ ရစေချင်တယ်။ သူကလည်းဆန္ဒရှိတယ်။ သူကစာရေး ဆရာမတစ်ယောက်ဖြစ်နေပြီ။ သူ့ရဲ့ဘွဲ့ကြိုစာတမ်းကို စာအုပ်အဖြစ် ထုတ်ဝေခဲ့တယ်။ အမေရိကန်မှာနေစဉ်ကလည်း ဆောင်းပါးတွေ၊ ကဗျာတွေရေးခဲ့တာ ဆုတွေ လည်းရခဲ့တယ်။

ထူးခြားနေတဲ့ငွေဆောင်

ငွေဆောင်ကို သွားချင်တဲ့အကြောင်းတစ်ခုက သူ့မွေးနေ့ကို အေးအေးဆေးဆေး မိသားစုအတူနေချင်လို့။ ငွေဆောင်မှာ ကျွန်တော့်ညီဦးစီးတဲ့ ဟိုတယ်မှာ တည်းကြတယ်။ ညီတော်မောင်က လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးသွားတယ်။ “သေသောသူကြာရင်မေ့၊ ပျောက်သော သူရှာရင်တွေ့”ဆိုတဲ့ စကားရှိပေမယ့် မေ့ဖို့ကခက်သား။ သူ့ရဲ့ဟိုတယ်ရောက်တော့ ပိုပြီး သတိရမိတာ။ သူ့ရဲ့ကလေးတွေက ကျွန်တော်တို့အတွက် အစစအရာရာအဆင်ပြေအောင် စီစဉ်ပေးတော့ အဆင်ပြေလှတာ လိုလေသေးမရှိပဲ။

ကျွန်တော်နဲ့သမီး နှစ်ယောက်စလုံးက ပင်လယ်ကို ကြိုက်တယ်၊ နှစ်သက်တယ်၊ ပျော်တယ်။ ရောက်ရောက်ချင်း ရေထဲဆင်းချင်တာ။ ဟိုတယ်အရှေ့တည့်တည့်မှာက နာမည်ကြီး ချစ်သူများကျွန်း။ ရောက်ရောက်ချင်းထူးခြားတာတစ်ခုကို မြင်ရတယ်။ ကျွန်းရဲ့အနီးမှာ အရင်တုန်းက မရှိတဲ့ဈေးတန်းကြီးက အကြီးကြီးပဲ။ အထူးခြားဆုံးကတော့ ငွေဆောင်ကိုလာကြတဲ့ တရုတ်ကမ္ဘာလှည့်ခရီးသည်တွေ အများကြီးပဲ၊ နေရာတိုင်းမှာတွေ့ရတာ။ သူတို့တွေလာတော့ ဒေသခံတွေအတွက် အလုပ်ရတယ်။ ဟိုတယ် လုပ်ငန်းတွေ၊ စားသောက်ဆိုင်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ပိုပြီးအဆင်ပြေလာပါတယ်။ အရင်တုန်းက ငွေဆောင်မှာ ဧည့်သည်တွေက သိပ်မများကြဘူး။ ချောင်းသာကိုပိုပြီး အသွားများတာ။ အခုတော့ ငွေဆောင်မှာလည်း ပြည်တွင်းဧည့်သည်တွေအပြည့်။ တရုတ်ခရီးသည်တွေနဲ့လည်း စည်ကားနေတာ။ ကျွန်တော်က ကမ်းခြေမှာ ပြေးဖြစ်တယ်။ ရှည်လျားလှတဲ့ကမ်းခြေမို့ အဆင်ပြေတယ်။ စိတ်မကောင်းစရာက အမှိုက်တွေ နေရာတိုင်းမှာစည်းမဲ့၊ ကမ်းမဲ့ ပစ်ထားကြတာတွေ။ အထူးသဖြင့် ပလတ်စတစ် ပစ္စည်းတွေက ကမ်းခြေကိုရုပ်ဆိုးစေတာ။ ကွမ်းတံတွေး တွေကလည်း သဲသောင်ပြင်ကို ညစ်ညမ်းစေခဲ့တာ။ ဘာကြောင့် အခုလို စည်းကမ်းမဲ့ကြတာလဲ။ လူမှုရေး တာဝန်မသိတတ်တဲ့သူတွေ၊ ကိုယ့်အတွက်အဆင်ပြေမှုကိုသာကြည့်တတ်တဲ့သူတွေ၊ မျက်စိတစ်ဆုံးမြင်မကောင်း၊ ရှုမကောင်း။ ဒါ့အပြင် အမှိုက်ကောက်တဲ့သူတွေ မရှိကြဘူး။ ခေတ်မီတဲ့ ဆိုင်ကယ်တွေ၊ လေးဘီးတွေကလည်း ကမ်းခြေမှာ စည်းကမ်းမဲ့မောင်းနှင်နေကြတာ။ မစီးရဘူးလို့ မပြောပါဘူး၊ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ လျှပ်စစ် ဓာတ်အားတွေနဲ့မောင်းနှင်စေချင်လိုက်တာ။

ဟိုတယ်တွေမှာက လျှပ်စစ်မီးရဖို့ ကိုယ်ပိုင်ဓာတ်အား ပေးစက်တွေနဲ့ မောင်းနှင်နေရတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်စေသလို ငွေကြေးအကုန်အကျကလည်းများတာ။ လျှပ်စစ်ကို နိုင်ငံတော်ကပေးနိုင်ရင် အားလုံးအတွက် အဆင်ပြေမှာ။ ဦးစားပေး စဉ်းစားစေချင်တာ။ ဟိုတယ်တွေ အဆင်ပြေရင် ခရီးသည်တွေ ပိုပြီးလာကြမယ်။ ခရီးသည်တွေများရင် စီးပွားရေးအကျိုးရှိမှာ။ မနက်စောစော သမီးနဲ့အတူ ကမ်းခြေမှာလမ်းလျှောက်ရင်း မြင်းစီးခွင့်ရခဲ့တယ်။ ကမ်းခြေမှာ မြင်းငှားတဲ့လုပ်ငန်းလည်းရှိတယ်။ သမီးစီးနေချိန် ကျွန်တော်က မြင်းထိန်းနဲ့ စကားပြောခွင့် ရတယ်။ သူက ရခိုင်တိုင်းရင်းသား။ ငွေဆောင်မှာအများစုက ရခိုင်တွေလို့ပြောတယ်။ ပထဝီအနေအထားအရ ငွေဆောင်ကနေ မြောက်ဘက်စူးစူးသွားရင် ရခိုင်ပြည်နယ်၊ ငွေဆောင် ရဲ့ပြောင်းလဲမှုတွေက သိသိသာသာပါပဲ။ ဈေးဆိုင်အသစ်တွေ၊ စားသောက်ဆိုင်အသစ်တွေ၊ ဟိုတယ်တည်းခိုခန်း အသစ်တွေ။ အခုလိုမြင်ရတော့ တစ်ဖက်က စိတ်ချမ်းသာပေမယ့် အနာဂတ်အတွက် စိုးရိမ်မိတယ်။

ရေရှည်တည်တံ့အောင်ထိန်းသိမ်းရေး

အင်မတန်လှပတဲ့ကမ်းခြေကို ရေရှည်တည်တံ့အောင် ဘယ်လိုထိန်းသိမ်းမလဲ။ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ပုံစံကို လက်ခံမလား၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဆောင်ရွက်မလား။ ရွေးချယ်မှုမှန်ကန်ဖို့ လိုအပ်တယ်။ အခုလို ဦးတည်မှုမဲ့တဲ့ ပုံစံနဲ့ ဆောင်ရွက်လို့ မဖြစ်ဘူး။ ဒါပေမယ့် ဘယ်သူတွေ လုပ်မလဲ။ အစိုးရကို သာ အပြစ်တင်နေလို့ မဖြစ်ဘူး။ တစ်ဦးချင်းတစ်ယောက်ချင်းမှာ တာဝန်ရှိတယ်။ တာဝန်ယူရမယ်။

သမီးမွေးနေ့မတိုင်မီ ညမှာ သမီးအတွက် ညစာစား ပွဲလုပ်ပေးခဲ့တယ်။ မွေးနေ့ကိတ်ခွဲဖြစ်တယ်။ သောင်ပြင်မှာ မီးပန်းတွေ၊ မီးရှူးတွေ ဖောက်ဖြစ်တယ်။ သာယာတဲ့၊ ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲကလေး။

နောက်တစ်နေ့ ကျွန်တော်တို့ ရန်ကုန်ကိုမပြန်မီ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ဦးလေးအငယ်ဆုံးနဲ့ သူ့မိသားစုနဲ့ဆုံဖြစ်တယ်။ ကျွန်တော့်ဖခင်မှာ သားချင်း ၁၂ ယောက်။ အခုတော့ ဦးလေးတစ်ယောက်ပဲ ကျန်တော့ တာ။ သူက မြို့နယ်ဆရာဝန်ကြီး၊ အသက်က ၈၀ ကျော်ပြီ။ ဖခင်ရဲ့ မိသားစုမှာ သူက အငယ်ဆုံးညီဖြစ်ပြီး ကျွန်တော်က အကြီးဆုံးသား။ ဦးလေးမှာ သမီး လေးယောက်။ အပျိုကြီးတွေ။ မိဘကို စောင့်ရှောက် နေကြတယ်။

ဦးလေးနဲ့တွေ့တော့ ဖခင်ကို သတိရမိတယ်။ သူကလည်း အစ်ကိုကို သတိရကြောင်း ပြောတယ်။ ဖခင်တို့ မိသားစုက ထားဝယ်မြို့မှာ နာမည်ကြီး။ ကလေး ၁၂ ယောက်ရဲ့ မိခင်ဆိုပြီး အဘွားက ကျော်ကြားတာ။ ငယ်ငယ်နဲ့ မုဆိုးမဖြစ်ခဲ့တယ်။ အတန်းပညာနည်းပေမယ့် သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် ပြုစု စောင့်ရှောက်ပေးခဲ့တယ်။ အကြီးဆုံးသားဖြစ်သူက ငယ်ငယ်နဲ့ ဆုံးခဲ့တယ်။ အကြီးဆုံးသမီးက အထက်တန်း ကျောင်းဆရာမ။ ဒုတိယသားက ဗိုလ်ချုပ်ဆောင်ဆန်းတို့နဲ့အတူ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းနေပြီး တစ်ချိန်က လန်ဒန်မြို့မှာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးဌာနမှူး။ နောက်တစ်ဦးကတော့ ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင် ။ ပြီးတော့ ကျွန်တော့်ရဲ့ ဖခင်ဗိုလ်မှူးကြီး ဖေသက်။ အဖေရဲ့ညီက ဦးဖေညွန့်၊ ထားဝယ်မြို့မှာ စီးပွားရေးလုပ်တဲ့သူ။ ပြီးတော့ အဒေါ်က ဒေါ်သန်းစု၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှာ အရာရှိ။ သူ့ရဲ့မောင်က OG စိုးမြင့်လို့ နာမည်ကြီးတဲ့ ပါမောက္ခ ဒေါက်တာ ဦးစိုးမြင့်။ နောက်တစ်ဦးက ဗိုလ်မှူးကြီး မျိုးအောင်၊ ရန်ကုန်မြို့ရဲ့ မြို့တော်ဝန်၊ တပ်မမှူး၊ တိုင်းမှူးနဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရဲ့ကျောင်းအုပ်ကြီး။ သူ့ရဲ့ ညီက သစ်လုပ်ငန်းအထွေထွေမန်နေဂျာ ဦးမြင့်အောင်။ နောက်တစ်ဦးက ဦးမြင့်မောင်။ နောက်ဆုံးကတော့ ဦးလေးအငယ်ဆုံးဒေါက်တာဦးမျိုးမြင့်။ ဦးလေးနဲ့တွေ့ရင် မိသားစုအကြောင်းတွေ ပြောဖြစ်တယ်။ အဘွားလုပ်တဲ့ သူက သားသမီးတွေ ညီညီညွတ်ညွတ်နေဖို့ အမြဲမှာကြားကြောင်း၊ ပညာရေးကို အလေးထားဖို့ ပြောကြောင်း ပြောပြခဲ့တယ်။

ဦးလေးရဲ့ သမီးအကြီးက ပန်းလှိုင်မှာ နာမည်ကြီး OG ဆရာဝန်မကြီး။ ကျန်တဲ့သူတွေကလည်း ပညာတတ်တွေ။ အဘွားဖြစ်စေချင်တဲ့အတိုင်း ဖြစ်နေကြတာ။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ သမီးကို ပညာတတ်တစ်ယောက်ဖြစ်စေချင်တာ။ ဖြစ်ဖို့လည်း အမြဲအားပေးခဲ့တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ပညာရေးနဲ့ ပတ်သက်လာရင် လောဘကြီးတာ အခုထိ။ ပညာသင်ချင်တဲ့ ဆန္ဒရှိတုန်း၊ ပညာကိုပဲဦးထိပ်ထားပြီး ဆောင်ရွက်လိုတဲ့ ဆန္ဒပြင်းပြဆဲ။ ။