ကျွန်တော်နဲ့ အသင်းအဖွဲ့

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

 

ကျွန်တော်ဟာ အသင်းအဖွဲ့ကို နှစ်သက်တယ်။ ဖွဲ့စည်းနိုင်အောင်လည်း အခွင့်အရေးရတိုင်း ကြိုးစားခဲ့တယ်။ ၁၉၉၂ ခုနှစ်မှာ မြန်မာပြည်ကထွက်ခွာပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာရှိတဲ့ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့မှာ တာဝန်ယူခဲ့တယ်။ အမှန်တော့ နှစ်နှစ်စောပြီးသွားရမှာ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ဆရာ ဆရာကြီးဒေါက်တာဦးဖေသိန်းက သူနဲ့အတူဆက်ပြီး အလုပ်လုပ်စေချင်တာ။ ကျွန်တော်က စီးပွားရေးတက္ကသိုလ်မှာ ကျောင်းဆရာလုပ်ရာက ဆရာကြီးရဲ့ကျေးဇူးနဲ့ကျန်းမာရေးဝန်ကြီးဌာနမှာ ညွှန်ချုပ်ဖြစ်လာတယ်။ စာရင်းအင်းနဲ့ စီမံကိန်း ဦးစီးဌာနအသစ်ကို ဦးဆောင်နိုင်ခဲ့တယ်။ တာဝန်စယူစဉ် အတွင်းဝန်ရုံးအဟောင်းထဲက ဝန်ကြီးရုံးအနီးမှာ ရုံးဖွင့်ခဲ့တယ်။ နောက်မှ သိမ်ဖြူလမ်း ထိပ်က၊ ကျန်းမာရေးဦးစီးဌာန နံဘေးက အဆောက်အဦအဟောင်းမှာ ရုံးအသစ်ဖွင့်ခဲ့တယ်။

အစအဆုံး ကိုယ်ကဦးစီးခဲ့ရတယ်။ ဖွင့်စက ဗိုလ်ကြီးကြည်စိုးနဲ့ ဦးအောင်ကြိုင်ရဲ့ အကူအညီတွေ အပေါ် အားကိုးခဲ့ရတယ်။ မကြာမီ သူတို့နှစ်ဦး နိုင်ငံခြား ပညာသင်နဲ့ ထွက်ခွာသွားခဲ့တယ်။ အားကိုးရတဲ့သူက ဆရာမကြီး ဒေါက်တာညိုညို၊ ယခင်သမ္မတ ဒေါက်တာ မောင်မောင်ရဲ့ ညီမ။ ဆရာကြီးကိုတော့ ငယ်ငယ်က တည်းက ကျွန်တော်က အားကျခဲ့တယ်။ သူ့ရဲ့စာအုပ် တွေကိုဖတ်ပြီး လေးစားခဲ့တာ၊ အင်္ဂလိပ်စာ အသုံးအနှုန်း အရေးအသားကတော့ အံ့မခန်းစရာပါ။ အထူးသဖြင့် သူ့ရဲ့သားကို ရည်ညွှန်းပြီး ရေးသားထားတဲ့ စာအုပ်မျိုး နှစ်သက်မိတယ်။ ကျွန်တော်အားကျတာ တစ်ခုက ဆရာကြီးဟာ ပါရဂူဘွဲ့နှစ်ခုရရှိထားသူ၊ သူ့လို သိပ်ဖြစ် ချင်ခဲ့တယ်။ တစ်နေ့ကျရင် သူ့လိုဖြစ်ချင်တာ။

ကျွန်တော့်ကို တာဝန်ပေးခဲ့တဲ့ ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့ကလည်း အမြန်ဝင်စေချင်တယ်။ ကျွန်တော့်မှာ တာဝန်တွေလည်း ရှိနေသေးတယ်။ ညွှန်ချုပ်တာဝန်ပေးစဉ် အတွင်းရေးမှူး(၁)ကို ကျွန်တော် သုံးနှစ်လုပ်မယ်။ အခွင့်အရေးရရင် ကုလသမဂ္ဂမှာ သွားလုပ်ချင်ပါတယ်လို့ တင်ပြခဲ့တယ်။ သူကလည်း လိုလိုချင်ချင်ပဲ လုပ်နိုင်သလောက်လုပ်ပါ။ ဒါနဲ့ နောက်ဆုံးသူ့ကို အကျိုးအကြောင်း ပြောပြခဲ့တယ်။ သူက ကြည်ကြည်ဖြူဖြူ သွားခွင့်ပေးခဲ့တာ။ ကျေးဇူး တင်ရပါတယ်။

ကျွန်တော် နယူးယောက်မြို့ရောက်တော့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှာ ဒါရိုက်တာ တစ်ဦးက ဒေါက်တာညီညီ။ ဆရာနဲ့က ကျောင်းကတည်းက သိခဲ့တာ။ ဦးလေးဖြစ်သူတွေနဲ့ ကျောင်းနေဖက်။ ပညာရေး ဝန်ကြီးဌာနမှာ ဆရာတာဝန်ယူစဉ် ကျွန်တော် နိုင်ငံခြားပညာတော်သင်အဖြစ် အရွေးခံခဲ့ရ ပါတယ်။ နယူးယောက်မြို့မှာ ကုလသမဂ္ဂအဖွဲ့ဝင် အဖွဲ့အစည်းမျိုးစုံရှိတယ်။ ဒီအဖွဲ့အစည်းတွေမှာ အလုပ် လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ စုစုပေါင်း ၁၀၀ ကျော်လောက်ရှိတာ။ ကျွန်တော်ကရောက်ပြီး မကြာခင် ဒီမြန်မာဝန်ထမ်းတွေ စုစုစည်းစည်းဖြစ်အောင် မြန်မာ အသင်း မရှိဘူးလားလို့မေးမိတယ်။ မရှိတာသိရတော့ အံ့ဩသွားမိတယ်။ ဒါနဲ့ဖွဲ့စည်းနိုင်အောင် လုပ်မယ်ဆိုပြီး ကြိုးစားခဲ့တယ်။ စိတ်တူ၊ သဘောတူ ရှိတဲ့သူတွေနဲ့ စတင် ပြီး အမြုတေအဖွဲ့အစည်းတစ်ရပ်ကို တည်ထောင်ခဲ့ တယ်။ ဇနီးသည်ကလည်း ကုလသမဂ္ဂမှာ လုပ်နေတော့ သူကလည်း စိတ်အားထက်သန်စွာနဲ့ ကျွန်တော်ဖြစ်ချင် တာကို ကူညီခဲ့တယ်။ ဧည့်ခံကျွေးမွေးမှုတွေနဲ့ ပင်ပန်းခဲ့ တယ်။ နောက်ဆုံး ကုလသမဂ္ဂမြန်မာအသင်း (UN Myanmar Association)ကို ဖွဲ့နိုင်ခဲ့တယ်။ ကျွန်တော်နဲ့ အတူ ငယ်သူငယ်ချင်း ဦးကျော်မြိုင်က ပါဝင်ခဲ့တယ်။

အသင်းကြီးဖွဲ့စည်းလှုပ်ရှားမှုတွေ အများကြီးလုပ် နိုင်ခဲ့တယ်။ မြန်မာပြည်က အနုပညာသည်တွေ ဖိတ်ပြီး ပွဲတွေ ကျင်းပခဲ့တယ်။ ပင်ပန်းလိုက်တာတော့ မပြောနဲ့ တော့၊ ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာ့ယဉ်ကျေးမှု ဝတ်စား ဆင်ယင်မှုပွဲကို လုပ်နိုင်ခဲ့တယ်။ သင်္ကြန်ပွဲကိုလည်း စည်စည်ကားကား ကျင်းပပေးနိုင်ခဲ့တယ်။ အခုလို အောင်မြင်မှုတွေရှိပေမယ့် တစ်ဖက်က အတိုက်အခိုက် တွေ၊ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အုပ်စုဖွဲ့ တိုက်ပွဲတွေ ရင်ဆိုင်ခဲ့ရတယ်။ စည်းစည်းလုံးလုံး လုပ်တတ်တဲ့ အလေ့အကျင့် အားနည်းတယ်။ ပုဂ္ဂိုလ်အရေး အကျိုးကို ဦးထိပ်ထားကြတယ်။ ညှိနှိုင်းဆောင်ရွက်တဲ့ အချို့အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်။

ဘာကြောင့် အခုလိုဖြစ်တာကို ကျွန်တော်နားမ လည်နိုင်ခဲ့ဘူး။ ဒီအသင်းမှာ ဝင်လုပ်လို့ ဘာမှအကျိုး အမြတ်ရတာ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ အခုလိုဖြစ်နေရင် အကျိုးအမြတ်များတဲ့လုပ်ငန်းတွေ မှာ ဆိုရင်တော့ မတွေးရဲဘူး။ ကျွန်တော်တို့ရဲ့ ယဉ်ကျေး မှုမှာ ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘာ ကြောင့် အားနည်းရသလဲ။ လက်ရှိအခြေအနေမှာလည်း ဒီလိုအနေအထားကို တွေ့နေရတာ။ အပေးအယူရှိရမယ်၊ ညှိနှိုင်းရမယ်၊ ပူးပေါင်းရမယ်။ နိုင်ငံ့အကျိုးကို ရှေးရှုရင် တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ အကျိုးဟာ အရေးမပါ လှပါဘူး။ အခုတော့ အားလုံးဟာ ကိုယ့်ဘက်ကိုယ်သာ ကြည့်နေကြသလိုပဲ၊ အလျှော့ပေးဖို့ဝန်လေး နေသလိုပါပဲ။

ကျွန်တော် နယူးယောက်မြို့မှာ တစ်နှစ်နေခဲ့တယ်။ ဒီအသင်းရဲ့ လုပ်ငန်းမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်။ ဘောလုံး အသင်းထောင်ပြီး ချိန်းပွဲတွေ ကစားခဲ့တယ်။ ကျွန်တော် ကတော့ အမြဲအကောင်းမြင်တတ်တာမို့ ဖြစ်သမျှကို လက်ခံ နိုင်ခဲ့တယ်၊ ခွင့်လွှတ်နိုင်တယ်။ ဇနီးကတော့ အမှတ်ကြီးသူ၊၊ လွန်ခဲ့တဲ့နှစ်က ဆရာဦးတင်ဇံကျော်တို့ မိသားစု သင်္ကြန်ပွဲ မှာ လူငယ်တစ်ဦးက လာနှုတ်ဆက်တယ်။ သူက နယူး ယောက် ကုလသမဂ္ဂရုံးမှာ တာဝန်ယူနေသူ၊ ဆရာကြီးရဲ့ အသင်း အခုထိရှိသေးတယ်လို့ ပြောပြလို့ ပီတိဖြစ်မိပါတယ်။ အသင်းကြီးရဲ့သက်တမ်းက နှစ် ၂၀ ကျော်ခဲ့ပြီး အခုထိလှုပ်ရှား နေတာ ကြားရတော့ ကျေနပ်မိတာတော့အမှန်ပါ။ ကိုယ် စိုက်ပျိုးခဲ့တဲ့မျိုးစေ့ဟာ အခုလို ရှင်သန်နေတာကြားရတာ ပျော်ရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ဦးအေးဝင်းနဲ့ ဦးဗညားဆန်းတို့ နှစ်ယောက် ကျွန်တော့်ဆီလာပြီး ကိစ္စ တစ်ခုကို လာရောက်တိုင်ပင်ပါတယ်။ သူတို့ရဲ့ဆန္ဒက တိုင်းရင်းသားလုပ်ငန်းရှင်တွေကို စုစည်းတဲ့အဖွဲ့ငယ်တစ်ခု ဖွဲ့ဖို့ သူတို့ရဲ့အစီအမံကို ကျွန်တော်က ချက်ချင်းကြိုဆိုခဲ့ တယ်။ ဒါပေမယ့် အဖွဲ့ငယ်တစ်ခုအနေနဲ့ မကျေနပ်ဘဲ မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့အဖွဲ့ဝင် အသင်းတစ်ရပ်အနေနဲ့ ဖွဲ့စည်းဖို့ အကြံပြုခဲ့ တယ်။ သူတို့နှစ်ဦးကလည်း ကျွန်တော့်ရဲ့အကြံကို လက်ခံခဲ့တယ်။ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အစည်းအဝေး တစ်ရပ်ခေါ်ပြီး အမှုဆောင်လူကြီးတွေရဲ့ သဘောတူမှုကို ရယူပေးခဲ့ပါတယ်။ ဒါနဲ့မြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များ အသင်းကြီးကို တည်ထောင်နိုင်ခဲ့တယ်။ တိုင်းရင်းသား အသင်းတွေကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ထူးခြားတဲ့ အောင်မြင်မှု တစ်ရပ်က မနှစ်က ရန်ကုန် ကျိုက္ကဆံကွင်းမှာ ပွဲကြီး ခမ်းခမ်းနားနား လုပ်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဒီပွဲကြီးကို တက်ရောက်အားပေးခဲ့ပါတယ်။ အခုလို တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းတိုက်တွန်းခဲ့ တာ ကျွန်တော့်မှာ အကြောင်းရှိပါတယ်။ ဒါကတော့ ငြိမ်းချမ်းရေးအတွက် စီးပွားရေး Business for Peace (B4P) အစီအစဉ်ကို အထောက်အကူ ဖြစ်စေဖို့ ကျွန်တော်က B4P အစီအစဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုအရ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေမှာ နိုင်ငံရေးအခြေခံတွေရှိပေမယ့် တစ်ဖက်ကလည်း စီးပွားရေး စိန်ခေါ်မှုတွေကြောင့်လည်း ဖြစ်နေတာ တွေ့ရတယ်။ ပဋိပက္ခတွေရဲ့ဇာစ်မြစ်ဟာ စီးပွားရေးမပြေလည်လို့ဖြစ် တာကို အသိအမှတ်ပြုရမှာဖြစ်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဆက်စပ်နေတယ်။ ခွဲခြားပြီး စဉ်းစားလို့ မရနိုင်ပါဘူး။ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ရရှိအောင် တိုင်းရင်းသား လုပ်ငန်းရှင်များအနေနဲ့ တစ်ဖက်တစ်လမ်း မှာ ပါဝင်စေချင်တဲ့ဆန္ဒ ကျွန်တော့်မှာရှိပါတယ်။ ဒါကြောင့် NCA လက်မှတ်ထိုးထားတဲ့ EAO အဖွဲ့ခြောက်ဖွဲ့နဲ့ တိုင်းရင်း သားလုပ်ငန်းရှင်များ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ WRPC ရုံးမှာ ကျင်းပနိုင်ခဲ့တယ်။ အခုဆိုရင် EAO ခြောက်ဖွဲ့ ပူးပေါင်းပြီး အများပိုင် ကုမ္ပဏီတစ်ခုဖွဲ့စည်းဖို့ စီစဉ်နိုင်ခဲ့တယ်။

အောင်မြင်တဲ့တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ အမြောက်အမြားရှိပါတယ်။ လုပ်တတ်ကိုင်တတ်သူတွေ၊ အတွေ့အကြုံရှိသူတွေ သူတို့ရဲ့အင်အားကို ငြိမ်းချမ်းရေး အတွက် အသုံးချနိုင်မှာဖြစ်တယ်။ သူတို့ကို စည်းရုံးနိုင်ဖို့ အရေးကြီး လှပါတယ်။ သူတို့ကိုယ်တိုင်လည်း စိတ်ဝင် တစားနဲ့ ပါဝင်ပတ်သက်လိုတဲ့ ဆန္ဒရှိကြပါတယ်။ အသင်း ကြီးအရှိန် ရလာတာနဲ့အမျှ ငြိမ်းချမ်းရေးရရှိဖို့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးနားလည်သူနဲ့ နိုင်ငံရေးကျွမ်းကျင် သူတွေ ပေါင်းစပ်နိုင်ဖို့ လိုအပ်လှပါတယ်။

တစ်နေ့က ကျွန်တော် UMFCCI ခန်းမမှာ ဟောပြောပွဲ တစ်ခု လုပ်ခဲ့တယ်။ စီစဉ်ပေးခဲ့တဲ့အဖွဲ့အစည်းက မြန်မာ နိုင်ငံ လူ့စွမ်းအားစီမံခန့်ခွဲမှုအသင်းကြီး (Myanmar Human Resources Management -MSHRM)ဒီအသင်း ကြီး ဖွဲ့စည်းဖို့ ကျွန်တော် တိုက်တွန်းခဲ့ပြီး ကမကထ လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်း တွေနဲ့ပတ်သက်ပြီး အရေးကြီးဆုံးကိစ္စက လူ့စွမ်းအားနဲ့ ပတ်သက်တဲ့ ကိစ္စတွေဖြစ်တယ်။ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ပြဿနာအမျိုးမျိုး ရင်ဆိုင်နေကြရတယ်။ ဝန်ထမ်းမမြဲတဲ့ ကိစ္စ၊ ရှိတဲ့ဝန်ထမ်းတွေ စိတ်ပါလက်ပါ ပါဝင်ဆောင်ရွက်ခြင်း မရှိတဲ့ကိစ္စ၊ လုပ်ငန်းခွင်အတွင်း တစ်ဦးနဲ့တစ်ဦး အဆင်မပြေတဲ့ကိစ္စ၊ ရပိုင်ခွင့်တွေကို အာရုံရှိပြီး ကိုယ်က ပြန်လည်ပေးဆပ်ရတာတွေကို မတွေးတဲ့ကိစ္စ၊ အလုပ်စဝင်တဲ့အချိန်ကစပြီး တိုးတက်မှု မရှိဘဲ တစ်နေရာတည်းမြဲနေတဲ့ကိစ္စ၊ ဝန်ထမ်းတွေရဲ့ အရည်အသွေးတိုးမြှင့်မှုမရှိတဲ့ကိစ္စ၊ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ဌာနက လူ့စွမ်းအား (Human Resources-HR) ပဲဖြစ်တယ်။ ဒီဌာနဟာ လုပ်ငန်း အဖွဲ့အစည်းတစ်ခုရဲ့အလွန် အရေးပါလှတဲ့ ဌာနတစ်ခုဖြစ်တယ်။ ကျွမ်းကျင်လိမ္မာစွာလုပ်ဆောင်ဖို့လိုအပ်တယ်။

ဒီဌာနတွေကို တာဝန်ယူတဲ့သူတွေ၊ ပါဝင်ပတ်သက်သူ တွေဟာ HR ဝန်ထမ်းတွေဖြစ်တယ်။ ပုဂ္ဂလိကလုပ်ငန်းဌာန တိုင်းမှာ ဒီဌာနတွေကို ဖွဲ့စည်းတည်ထောင်ထားတယ်။ သူတို့ရဲ့တာဝန်က ဝန်ထမ်းတွေကို ဆက်စပ် ထိတွေ့အောင် ကြိုးစားရတယ်။ အခုခေတ်မှာ HR ဟာ သီးခြားပညာရပ် ဘာသာရပ်တစ်ခု ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက Human Resources (HR) ဆိုတဲ့ ဝေါဟာရကိုမသုံးဘဲ Manpower လို့ သုံးစွဲခဲ့တယ်။ ဝန်ထမ်းနဲ့ အလုပ်သဘာဝဟာလည်း ပြောင်းလဲလာတာ တွေ့ရပါတယ်။ တစ်ချိန်တုန်းက သုံးစွဲခဲ့တဲ့ စကားပုံတစ်ခု က (From cradle to grave) ပုခက်တွင်းမှ သင်္ချိုင်းကုန်း အထိ မွေးတဲ့အချိန်ကစပြီး သေတဲ့အချိန်အထိ အလုပ် တစ်ခုတည်း လုပ်တယ်။ ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုတည်း မှာပဲ တာဝန်ယူခဲ့ကြတယ်။ ငယ်ငယ်တုန်းကဆိုရင် ဘွဲ့ရပြီး အလုပ်ဝင်တဲ့အချိန်ကစပြီး အငြိမ်းစားယူတဲ့ အထိ ဌာနတစ်ခုတည်းမှာပဲ အလုပ်လုပ်ခဲ့ကြတာ။ ပြောင်းဖို့လည်း မလွယ်ဘူး။ အခုတော့ အသက် ၂၀ မှ အသက် ၆၀ အတွင်း အနည်းဆုံး သုံး၊ လေးကြိမ် အလုပ်ပြောင်းကြရတာ တွေ့ရတယ်။ ဝန်ထမ်းတွေဟာ အလုပ်အပေါ်မြင်တဲ့ အမြင်ဟာလည်း အရင်လို မဟုတ်တော့ဘူး။ အလုပ်နဲ့ပတ်သက်လာရင် ခံယူတဲ့ ပုံစံတွေဟာလည်း ပြောင်းလဲလာတာ တွေ့ရတယ်။ ဒီပြောင်းလဲမှုတွေကို လိုက်လျောညီထွေအောင် HR ဌာန တွေက ပြောင်းရမှာသာဖြစ်ပါတယ်။ ဒါကြောင့် HR ဝန်ထမ်းတွေရဲ့ အရည်အသွေးဟာ အလွန်အရေးပါလာ တယ်။ ဒါကြောင့် ကျွန်တော်က HR လောကသားတွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးချင်တယ်။

ပထမခြေလှမ်းအနေနဲ့ HR လောကသားတွေကို စနစ်တကျစုစည်းဖို့ MSHRM အသင်းကြီးကို ဖွဲ့စည်းဖို့ တိုက်တွန်းခဲ့တယ်။ အသင်းကြီးကို သပ်သပ်ရပ်ရပ် စုစည်းနိုင်ခဲ့တယ်။ အမှုဆောင်တွေ ရွေးချယ်ပြီး ဦးဆောင်ဖို့ တာဝန်ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ လမ်းညွှန်မှု တွေကိုလည်း နာခံခဲ့တယ်။ ကျွန်တော်က စင်ကာပူနိုင်ငံ Singapore Human Resource Institute (SMRI) အဖွဲ့နဲ့ အဆက်အသွယ်လုပ်ခဲ့တယ်။ ဒီအဖွဲ့အစည်းက HR နဲ့ ပတ်သက်ပြီး အရည်အသွေးမြှင့် သင်တန်းတွေကို ဦးစီးပြီး ကျင်းပပေးခဲ့တယ်။ သူတို့ သင်တန်းတက်ပြီး အသိအမှတ်ပြုလက်မှတ်တွေ ရယူနိုင်ခဲ့တယ်။ ကျွန်တော် က ကိုယ့်လူတွေကို အရည်အသွေးမြှင့်တင်စေချင် လှတာ။ သင်တန်းအဆင့်နှစ်ဆင့်ကို ဧရာဝတီဘဏ်ရဲ့ အကူအညီနဲ့ ကျင်းပပေးခဲ့တယ်။ အခုဆိုရင် သင်တန်း တက်ပြီးတဲ့သူတွေ အရေအတွက်ပိုများလာတာ တွေ့ရ တယ်။ ဝမ်းသာစရာကိစ္စ တစ်ခုပါ။

ဟောပြောပွဲမှာ ကျွန်တော်က Knowledge Management ခေါင်းစဉ်နဲ့မျှဝေခဲ့ပါတယ်။ အသိတရား စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတွေမှာ ဝန်ထမ်းတွေ အသိတရားတွေ ရှိကြတယ်။ ဒီအသိတရား တွေဟာ အဖိုးမဖြတ်နိုင်တဲ့အရာတွေ ဖြစ်တယ်။ ဒါတွေ ကို စနစ်တကျစုစည်းထားဖို့ လိုအပ်တယ်။ ဝန်ထမ်း တစ်ဦး ကုမ္ပဏီနဲ့ ခွဲခွာသွားရင် သူနဲ့အတူ အသိတရားတွေ ပါသွားတာကို သတိပြုရမှာဖြစ်ပါတယ်။ ကျွန်တော်ကပြင်ဆင်ထားတဲ့အချက်အလက်တွေကို တင်ပြမျှဝေခဲ့ပါ တယ်။ မေးခွန်းမျိုးစုံမေးကြတယ်။ အခုလို မေးခွန်းတွေ ကြားရရင် ကျွန်တော်ကျေနပ်တယ်။ သိချင်လို့မေးတဲ့ မေးခွန်းတွေ၊ ကျွန်တော်က ကိုယ်စဉ်းစားမိတာတွေနဲ့ အဖြေတွေပေးခဲ့တယ်။ ဒီအခမ်းအနားမှာ စောစောကပြော တဲ့ SHRI သင်တန်းတက်ပြီး သင်တန်းဆင်းလက်မှတ် တွေကို ပေးအပ်ခဲ့တယ်။ တချို့က ထူးထူးချွန်ချွန်အောင် မြင်ကြတာ။ အခုလို နိုင်ငံတကာ အသိအမှတ်ပြုတဲ့ အောင်လက်မှတ်တွေ ရယူနိုင်တာက ဂုဏ်ယူစရာ တစ်ရပ်။ အစစအရာရာအဆင်ပြေအောင် လုပ်ပေးတဲ့ ဧရာဝတီဘဏ်ကိုလည်း ဂုဏ်ပြုပါတယ်။ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ခင်မမ ကိုယ်တိုင်တက်ရောက်ပြီး လက်ခံ ခဲ့တယ်။

အသင်းအဖွဲ့တွေကို ဖွဲ့စည်းဖို့လိုအပ်ပါတယ်။ စည်းလုံးမှု၊ ညီညွတ်မှုကို လက်တွေ့ကျကျ သရုပ်ဖော် နိုင်တာ တစ်ဦးနဲ့တစ်ဦး အပေးအယူလုပ်နိုင်တဲ့ အလေ့အကျင့်လည်းရတာ။ ပြဿနာတွေကတော့ ရှိမှာပဲ။ လူဖြစ်တာမို့ စိတ်ခံစားမှုတွေ ရှေ့တန်းတင် ကြမှာ။ ကိုယ့်ဘက်ကိုယ်ကြည့်တတ်၊ သိတတ်တာက ဓမ္မတာတစ်ရပ်။ ဒါပေမယ့် အလေ့အကျင့်ကတစ်ဆင့်ရင့်ကျက်လာပြီး ဆောင်ရွက်နိုင်စွမ်းရှိမှာဖြစ်တယ်။ အဖွဲ့အစည်းနဲ့လုပ်တတ်တဲ့ယဉ်ကျေးမှုကို တည်ဆောက်ဖို့ လိုအပ်လှတယ်။ တစ်ဦးတစ်ယောက်အပေါ် မှီခိုအားထား တာမဟုတ်ဘဲ စုပေါင်းမှုရဲ့ အရေးပါမှုကို လက်တွေ့ ကျကျ အားပေးနိုင်မှာဖြစ်တယ်။ ။

 

မြန်မာ့အလင်း