ကျွန်တော်ချစ်သော တောင်ဇလပ်မြေ၊ အေးချမ်းသာယာရှိပါစေ

မြင့်စိုး(နတလ)

ကျွန်တော်ချစ်သော တောင်ဇလပ်မြေ

၁၉၉၈ ခုနှစ် ဟားခါးကျောင်းသားအားကစားပွဲတော် ကျင်းပစဉ်ကာလ နယ်စပ်/ စည်ပင်ဝန်ကြီးဌာန၊ နတလဝန်ထမ်းဘဝဖြင့် စတင်ရောက်ဖူးခဲ့သော ချင်းဒေသ၊ ထိုမှ တီးတိန်၊ တွန်းဇံခရီးစဉ်မှာ ဤနေရာတွင် မြောက်ယဉ်စွန်းတန်းဖြတ်သည်ဆိုသောနေရာ၌ အမှတ်တရဓာတ်ပုံရိုက်ခဲ့ပြီး တွန်းဇံမြို့၏ နံနက်ခင်းအလှကို အကြောင်းပြုကာ “တိမ်ပင်လယ်မှ ပြန်ခဲ့သည်” ဆိုသော ဆောင်းပါးကို ရေးဖြစ်ခဲ့သည့် ချင်းဒေသ၊ ဟားခါးမြို့မှ ထန်တလန် မြို့လေးသို့ သွားသည့်အခါတိုင်း တီးမစ်(သီးမြစ်)ချိုင့်ဝှမ်း၏အလှကို တရှိုက်မက်မက် ငေးမောခံစားဖူးသည့် ချင်းဒေသ၊ နတလဝန်ထမ်းဘဝဖြင့်ပင် အကယ်ဒမီသက်မွန်မြင့်တို့၏ဇာတိ ဖလမ်းမြို့နယ်အတွင်းမှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ဘက်သို့ လမ်းတစ်လမ်း ဖောက်လုပ်ပေးခဲ့ဖူးသော ချင်းဒေသ၊ လုံပီးတောရတစ်ဝိုက်မှာလည်း တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး အရှင်ဦးဥတ္တမသာရ၏ ဓမ္မအငွေ့အသက်များဖြင့် အေးငြိမ်းရာကို ရှာဖွေတွေ့ရှိခဲ့ဖူးလေသော ချင်းဒေသ။

ဆိုရသော် ချင်းဒေသသည် ယခင်ကတည်းက ကျွန်တော်နှင့်မစိမ်းခဲ့ပါ။ တစ်ခုပြောစရာရှိသည် ကတော့ ချင်းပြည်နယ် မြောက်ပိုင်းဒေသများသို့သာ အရောက်အပေါက်များခဲ့ပြီး တောင်ပိုင်းဒေသများ ဖြစ်သည့် ကန်ပက်လက်၊ မတူပီ၊ ပလက်ဝနှင့် မင်းတပ်မြို့နယ်များသို့ မရောက်ခဲ့ခြင်းပင်။ သို့ဖြစ်သော်ငြားလည်း ထိုအရပ်၊ ထိုဒေသများမှ တိုင်းရင်းသားလေ့လာရေးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲတော်၌ ပါဝင်ဆင်နွှဲရန် ဖိတ်ကြား ခေါ်ယူခဲ့သော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ရင်းနှီးချစ်ခင်စွာ ဆုံတွေ့ခွင့်ရခဲ့သောကြောင့် သူတို့ဒေသတွေအကြောင်း၊ သူတို့ ရိုးရာယဉ်ကျေးမှုများအကြောင်း အတန်အသင့် စေ့ငု လေ့လာခွင့်ရခဲ့ပါသည်။

၁၉၉၈ ခုနှစ် ဟားခါးကျောင်းသားအားကစားပွဲတော်မှအပြန် ခွာရုံကျောင်းဆရာတော်ကြီးနှင့် ဟားခါးမြို့မပရိယတ္တိကျောင်းတိုက်တွင် ထိုစဉ်က သီတင်းသုံးနေသော အရှင်တေဇောသာရ (ယခု ဒေါက်တာဘဒ္ဒန္တတေဇောသာရ) တို့ကို အကြောင်းပြု၍ “ရုန်းတောင်ခြေမှအလင်းတန်းများ” ဆောင်းပါးခေါင်းစဉ်ဖြင့် ရေးသားကာ ချင်းပြည်နယ်၏ အထင်ကရ နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင်များကိုပါ ထည့်သွင်းဂုဏ်ပြုဖော်ပြခဲ့သည်။ ထိုအချိန်က လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းဆက်သွယ်ရေးစနစ်များက မကောင်းတော့ကာ အားကစားပွဲတော်သို့ လာရောက်နေစဉ် အချိန်တစ်လအတွင်း မွေးရပ်မြေမှ ဖခင်ကွယ်လွန်သွားသည့်သတင်းကို မသိခဲ့ရ။ ပြန်မှရွာကိုသွားပြီး အဖေ့မြေပုံကို ကန်တော့ရင်း မျက်ရည်ကျခဲ့မိသည်။ ဤသည်တို့ကား ကျွန်တော်ချစ်သော တောင်ဇလပ်မြေအမှတ်တရ ရေစက်များပါပေတည်း။

(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အစရှိသည်တို့ကို အခါအခွင့်သင့်လျှင် သင့်သလို ရောက်ခဲ့သော်ငြားလည်း ချင်းပြည်နယ်သို့ မရောက်ခဲ့ပါ။ ထိုမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်မူ (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ကို တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခွင့်ရခဲ့ပါသည်။ ထိုနှစ်က အခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ မရောက်တာ နှစ်အတန်ကြာပြီဖြစ်သော ချင်းပြည်နယ်၏မြို့တော် ဟားခါးကို ပြန်လည်ခြေချခွင့်ရသည့်အတွက် ဝမ်းသာပျော်ရွှင်မိပါသည်။

ယခုနှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် ချင်းအမျိုး သားနေ့ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး စာရေးသူ ကျွန်တော် မြင့်စိုး (နတလ)၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းတို့ ပါဝင် တက်ရောက်ခွင့်ရခဲ့ကြပါသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်မှ ကလေးမြို့သို့ ထွက်ခွာလာသော ခရီးစဉ်သည် ယခင်ကလည်း သွားဖူးနေကျဖြစ်သောကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သိပ်မရှိလှ။ ပုံမှန်ခရီးစဉ်တစ်ခုမျှသာ ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ကလေးမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့သော ခရီးကိုမူ ကျွန်တော်စိတ်ဝင်စားသည်။

ကလေးမြို့နှင့် ဟားခါးမြို့အကြား ရဟတ်ယာဉ်ပေါ်မှ လှမ်း၍တွေ့မြင်နေရသော စိမ်းညို့ညို့ တောင်တန်းကြီးများ၊ ဝါတချို့ နီတစ်ထွေ တောင်ယာစိုက်ခင်းများက သဘာဝပန်းချီကားချပ် များပမာ ရှိနေကြသည်။ အနီးကပ်ကြည့်လျှင် ထင်းရှူး၊ ချယ်ရီနှင့် တောင်ဇလပ်ပန်းနီနီများကိုပင် တွေ့မြင်ပေဦးတော့မည်။ မြစ်ကြီး၊ မြစ်ငယ်များနှင့် ရံဖန်ရံခါပေါ်လာတတ်သော ကားလမ်းကွေ့ကွေ့ ကောက်ကောက်လေးများကလည်း တို့ထိကစားထားသည့် စုတ်ချက်များဟု ပြောရမည်သာ။ ပျံသန်း ချိန် မကြာမြင့်လှ၊ ၂၅ မိနစ်စွန်းစွန်းမှာ ဟားခါးမြို့သို့ ရောက်လာခဲ့ကြသည်။ ရုန်းတောင်ပေါ်က ပဉ္စဝဂ္ဂီငါးဦးအား တရားဦးဟောဟန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၏ ရုပ်တုများရှိရာအရပ်ဆီသို့ ရည်မှန်း၍ ဦးခိုက်လိုက်ပါသည်။

မုခ်ဦးဖွင့်ပွဲပြုလုပ်၊ အခမ်းအနားကျင်းပ

အခမ်းအနားကျင်းပပြုလုပ်သည့် တပ်နယ်အားကစားကွင်းနေရာက ရုန်းတောင်နှင့် မဝေးလှပါ။ အစီအစဉ်အရ မုခ်ဦးဖွင့်ပွဲကို စတင်ပြုလုပ်သည်။ ဆက်လက်၍ ချင်းအမျိုးသားနေ့ကို ကျင်းပရာ သဘာပတိ ဦးထန်မွမ်းခိုင်က ချင်းအမျိုးသားနေ့ နှုတ်ခွန်းဆက်အမှာစကား  ပြောကြားခဲ့သည်။ ၁၉၄၈ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပုံနှင့် ချင်းပြည်နယ်အတွင်းက ခေတ်အဆက်ဆက် ကျော်ကြားထင်ရှားခဲ့သော နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ကြသည့် ချင်းတိုင်းရင်းသားများ၊ အားကစားမှအစ ထူးချွန် ထက်မြက်ခဲ့သည့် ပုဂ္ဂိုလ်များအကြောင်းကို ဂုဏ်ပြုပြောကြားသွားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖတ်ကြားခဲ့ပါသည်။

ယင်းသဝဏ်လွှာတွင် ချင်းပြည်နယ်နှင့် ချင်းပြည်နယ်နေ့ကို ဂုဏ်ပြုထားသကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ခိုင်မာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းတိုက်တွန်းဖော်ပြထားပါသည်- 

ချင်းအမျိုးသားနေ့သည် ချင်းတိုင်းရင်းသားများက ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲများနှင့် ပဒေသရာဇ်စနစ် ဖျက်သိမ်းရေး၊ တောင်တန်းမြေပြန့် တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်ရေး၊ တိုက်သူကြီး အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် သို့ ပြောင်းလဲကျင့်သုံးရေးတို့ကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ဖော်ဆောင်ခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း၊   ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ရာစုနှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့ပြီးဖြစ်သည့် သံယောဇဉ်တရားနှင့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်းပြည်ပအဖျက်အင်အားစုတို့၏ အချင်းချင်း မုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးနေခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးအယူဝါဒ သွတ်သွင်း ပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန် လိုအပ်ကြောင်း၊ အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းနိုင်ရေးနှင့် တိုးတက်ပြောင်းလဲနေသည့်ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသလို တိုင်းရင်းသားပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။

တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေ

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည် အခမ်းအနားကျင်းပရာနေရာသို့ ပြန်လည်သွားရောက်ပြီး ခင်းကျင်းပြသထားသော ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။ ယင်းနောက် ချင်းတိုင်းရင်းသားရိုးရာအကများအား ကြည့်ရှုအားပေးခဲ့ကြရာ ဟားခါးချင်းရိုးရာအက ဖြစ်သော ကြောင်လိုင်ဇောင့်န် (conglaizonh) အကဖြင့် ဦးစွာဖျော်ဖြေကပြခဲ့ကြသည်။ မိမိတို့၏ ဘာသာစကား၊ စာပေ၊ ရိုးရာဓလေ့၊ ယဉ်ကျေးမှုအနုပညာ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အမွေအနှစ်များကို အမြတ်တနိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ အမျိုးသားရေးလက္ခဏာများ မတိမ်ကော မပျောက်ကွယ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် အားပေးတိုက်တွန်း သီဆိုကပြထားသောအကဖြစ်သည်။ ဒုတိယမြောက်ဖျော်ဖြေတင်ဆက်သော တီးတိန်ချင်းရိုးရာအက (Se-al) ကမူ ဇိုမီးမျိုးနွယ်စုဘာသာစကားအရ ကြယ်စုဟုအဓိပ္ပာယ်ရပြီး ကောင်းကင်မှာ ကြယ်ပွင့်လေးတွေ တစ်ပွင့်စီလှပနေသလို စုစည်းလိုက်တဲ့အခါမှာလည်း လှပတဲ့ကြယ်စုအဖြစ် ပေါ်ထွက်လာတာကြောင့် ချင်းတိုင်းရင်းသားများ စည်းစည်းလုံးလုံးနေထိုင်ကြရန် ဖော်ညွှန်းထား သော ရိုးရာအက ဖြစ်ပါသည်။

တတိယမြောက် တင်ဆက်ကပြသွားသည့် ဖလမ်းချင်းရိုးရာအကမှာ လူမျိုးဘာသာမခွဲခြားဘဲ တစ်ကိုယ်ကောင်းဆန်သောစိတ်၊ သဘောထားသေးသိမ်သောစိတ်များကို ဖယ်ရှားကာ ချင်းလူမျိုး များ၏ ယဉ်ကျေးမှုထုံးတမ်းဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံနှင့်လူမျိုးအတွက် စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲညီညီ ရှေ့သို့ချီတက်ရန်ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။ စတုတ္ထမြောက် အကအဖွဲ့ကမူ မင်းတပ်ချင်းရိုးရာအကအဖွဲ့ ဖြစ်ပါသည်။ လုံပူးပွဲတော်အကဟု အမည်ပေးထားပြီး ဝိုင်းဖွဲ့ကပြရသော အောင်ပွဲခံအကဟူ၍လည်း သိရသည်။ ပဉ္စမမြောက် မတူပီမြို့နယ်အဖွဲ့၏ အကကိုမူ အောက်ချင်းငှက်အကဟု အမည်ပေးထားပြီး အောက်ချင်းငှက်တို့၏ ချစ်ခင်မှု၊ ပျော်ရွှင်မှု၊ သစ္စာ ရှိမှု၊ လွမ်းဆွတ်တသမှုတို့ကို ရည်ညွှန်း၍ လှုပ်ရှားပျံသန်းပုံများနှင့် ကကွက်ဖော်ထားခြင်း ဖြစ်ပါသည်။ ဆဋ္ဌမမြောက် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဟားခါး (Sar Lam) အကသည် အမျိုးသား အမျိုးသမီး ကြားညှပ်ကရသော အကဖြစ်သည်။ တူရိယာ အားလုံး တီးမှုတ်လျက် လှံများ၊ ဓားများ၊ ဒိုင်းများကိုင်ဆောင်၍ တကယ့်တိုက်ပွဲဝင်ဟန်၊ ဇာတိသွေး ဇာတိမာန်အပြည့်ဖြင့် ကပြရပြီး ခေါင်ကျွဲ၊ ဘွေသဲပွဲများတွင် အဓိကထားကပြသော အကဖြစ်ကြောင်း သိရသည်။ သတ္တမမြောက်အဖွဲ့အဖြစ် ချင်းတို့ဌာနေ အကကို စုပေါင်းကပြခဲ့ကြသည်။ ချင်းပြည်နယ်အတွင်းရှိ မြို့များ၏ အမည်ကို ရွတ်ဆိုသီကုံးထားသော သီချင်းဖြင့် ကပြကြခြင်းဖြစ်သည်။ ချင်းရိုးရာဓလေ့များနှင့် ဘိုးဘွားတို့၏အမွေဖြစ်သော ရိုးသားမှုကို လက်ဆင့်ကမ်းခံယူကြရင်း ချင်းပြည်နယ် ငြိမ်းချမ်းစေဖို့ တောင်းဆုပြုထားသောအကလည်း ဖြစ်ပါသည်။ အဋ္ဌမမြောက်အကအဖွဲ့ကမူ ဟားခါး ဝါးညှပ်အကဖြင့် တင်ဆက်သွားခဲ့သည်။ လူငယ်မောင်မယ်များအနေဖြင့် မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ်ပါဝင်၍ ကျရာကဏ္ဍအလိုက် တာဝန်ကိုယ်စီထမ်းရွက်သွားကြရန် တိုက်တွန်း နှိုးဆော်ထားသောအက ဖြစ်ပါသည်။

သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် ချင်းတိုင်းရင်းသူအဆိုတော် ဗန်နှဲမ်ရွှေက ချင်းတောင်ပေါ်မှ ဖိတ်ခေါ်ပါသည်နှင့် တို့တောင်ပေါ်မြေတေးသီချင်းနှစ်ပုဒ်ကို သီဆိုဖျော်ဖြေနှုတ်ဆက်ခဲ့သည်။ ယင်းနောက် စင်မြင့်ရှေ့ မြေကွက်လပ်တွင် ဧည့်သည်တော်အားလုံးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများစုပေါင်း၍ ချင်းရိုးရာသီချင်းကို သီဆိုကာ မီးပုံပွဲသဏ္ဌာန် ဝိုင်းဝန်း၍ကခဲ့ကြသည်။ ထိုနေ့က ဒေသခံတိုင်းရင်းသား တိုင်းရင်းသူ ၇၀၀ ကျော် တက်ရောက်၍ ချင်းအမျိုးသားနေ့ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဟားခါး မြို့ ခုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် ကာ လူနာများအား တွေ့ဆုံအားပေးပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

တောင်ဇလပ်မြေ တည်ငြိမ်အေးချမ်းပါစေ

လူဦးရေ ၅၅၀၀၀၀ ကျော်ရှိသော ချင်းတို့ဌာနေ တောင်ဇလပ်မြေ ထာဝရတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်စေချင်ပါသည်။ ဒေသဝမ်းစာဖူလုံ၍ အခြားသောသီးနှံများဖြစ်သည့် ဂျုံ၊ ပြောင်း၊ ပဲ အမျိုးမျိုးနှင့် ဝဥစိုက်ပျိုးရေးလုပ်ငန်းများ၊ နွားနောက်မွေးမြူရေးလုပ်ငန်းများလည်း ဖြစ်ထွန်းအောင်မြင် စေချင်ပါသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ထန်တလန်မြို့မှ မြို့မိမြို့ဖများ၊ ဟားခါးမြို့ ခရစ်ယာန်အသင်းတော်များမှ ဆရာတော်ကြီးများအား သီးခြားစီတွေ့ဆုံ၍ နှုတ်ဆက်အမှာစကားပြောကြားရာ၌ ဒေသတည်ငြိမ်အေးချမ်းရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲညီညီ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ လာမည့် ၂၀၂၅ ခုနှစ် ချင်းအမျိုးသားနေ့တွင် ချင်းပြည်နယ်ကြီးတစ်ခုလုံး ထာဝရတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခံစားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက်။